မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်သူတို့အတွက် မျှော်လင့်ချက်အကြောင်း

သေလွန်သူတို့အတွက် မျှော်လင့်ချက်အကြောင်း

ယေရှုထံမှ ကျွန်ုပ်တို့သင်ယူရရှိရာ

သေလွန်သူတို့အတွက် မျှော်လင့်ချက်အကြောင်း

ယေရှုသည် အနည်းဆုံးလူသုံးဦးကို ရှင်ပြန်ထမြောက်ပေးခဲ့သည်၊ ဤနည်းဖြင့် သေလွန်သူတို့အတွက် မျှော်လင့်ချက်ရှိကြောင်း ဖော်ပြခဲ့သည်။ (လုကာ ၇:၁၁-၁၇; ၈:၄၉-၅၆; ယောဟန် ၁၁:၁-၄၅) သေလွန်သူတို့အတွက် မျှော်လင့်ချက်ကို နားလည်နိုင်ရန် သေဆုံးရသည့်အကြောင်းရင်းနှင့် ယင်း၏မူလအစကို ကျွန်ုပ်တို့ ဦးစွာသဘောပေါက်ဖို့လိုသည်။

ကျွန်ုပ်တို့ အဘယ်ကြောင့် ဖျားနာပြီး သေဆုံးရသနည်း

ယေရှုသည် လူတို့ကို အပြစ်လွှတ်သောအခါ သူတို့၏ရောဂါများ ပျောက်ကင်းသွားသည်။ ဥပမာ၊ လက်ခြေသေနေသူတစ်ဦးကို အထံတော်သို့ခေါ်လာသောအခါ ယေရှုက “‘အဘယ်စကားကို သာ၍ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ ကိုယ်အိမ်သို့သွားလော့’ ဟုလက်ခြေသေသောသူအား မိန့်တော်မူ၏။” (မဿဲ ၉:၂-၆) ထို့ကြောင့် ဖျားနာပြီးသေဆုံးရသည့်အကြောင်းရင်းမှာ အပြစ်တရားကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့အမွေရထားသည့် အပြစ်ရှိသောအခြေအနေသည် ပထမလူသားအာဒံထံမှ အစပြုခဲ့သည်။—လုကာ ၃:၃၈; ရောမ ၅:၁၂

ယေရှု အဘယ်ကြောင့် သေဆုံးရသနည်း

ယေရှုသည် တစ်ခါမျှ အပြစ်မကျူးလွန်ခဲ့ချေ။ ထို့ကြောင့် ကိုယ်တော်သည် အမှန်ပင်မသေထိုက်ပါ။ သို့သော် ကျွန်ုပ်တို့ကိုယ်စား အသေခံခြင်းဖြင့် ကျွန်ုပ်တို့၏အပြစ်အတွက် တန်ရာတန်ကြေးကို ယေရှုပေးခဲ့သည်။ မိမိသွန်းသောအသွေးသည် “လူများတို့၏အပြစ်ကိုလွှတ်စေခြင်းငှာသွန်း” ခြင်းဖြစ်ကြောင်း ကိုယ်တော်မိန့်ဆိုခဲ့သည်။—မဿဲ ၂၆:၂၈

“လူသားသည် သူတစ်ပါးကိုစေစားရန် လာသည်မဟုတ်။ သူတစ်ပါးအစေကိုခံ၍ လူများအတွက် ရွေးနုတ်ဖိုးအဖြစ် အသက်ကိုစွန့်ရန် ကြွလာတော်မူသည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၂၀:၂၈ကဘ) ယေရှုပေးခဲ့သောတန်ရာတန်ကြေးသည် အခြားသူများကို သေခြင်းမှလွတ်မြောက်စေသောကြောင့် ယင်းကို “ရွေးနုတ်ဖိုး” ဟုကိုယ်တော်ခေါ်ဆိုခဲ့သည်။ ထို့ပြင် “ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာလာသတည်း” ဟုလည်း ယေရှုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၀:၁၀) သေလွန်သူတို့အတွက်မျှော်လင့်ချက်အကြောင်း အပြည့်အဝနားလည်ရန် သေလွန်သူတို့၏ အခြေအနေကိုလည်း ကျွန်ုပ်တို့သိရမည်။

လူတစ်ဦးသေဆုံးသောအခါ ဘာဖြစ်သွားသနည်း

ယေရှု၏မိတ်ဆွေ လာဇရုသေဆုံးသောအခါ သေလွန်သူတို့၏အခြေအနေကို ယေရှုဖော်ပြခဲ့သည်။ တပည့်များကို ကိုယ်တော်ဤသို့မိန့်ဆိုသည်– ‘“ငါတို့အဆွေလာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလို့ငှာ [ဗေသနိရွာသို့] ငါသွားမည်။” . . . လာဇရု . . . ပကတိအိပ်ပျော်ကြောင်းကိုမိန့်တော်မူသည်ဟု တပည့်တို့သည် ထင်မှတ်ကြ၏။ ထို့ကြောင့် ယေရှုက “လာဇရုသေပြီ” . . . ဟုအတည့်အလင်းမိန့်တော်မူ၏။’ သို့ဖြစ်၍ သေလွန်သူများသည် အဘယ်အရာကိုမျှမသိ၊ အိပ်ပျော်နေကြောင်း ယေရှုရှင်းလင်းစွာဖော်ပြခဲ့သည်။—ယောဟန် ၁၁:၁-၁၅

လာဇရုကို ယေရှုရှင်ပြန်ထမြောက်ပေးချိန်တွင် သူသေဆုံးသည်မှာ လေးရက်တိုင်ရှိနေပြီဖြစ်သည်။ သို့သော် သေဆုံးနေစဉ် တစ်စုံတစ်ရာကြုံတွေ့ခဲ့ကြောင်း လာဇရုပြန်ပြောပြသည့်မှတ်တမ်းကို ကျမ်းစာတွင်မတွေ့ရပါ။ လာဇရုသည် သေဆုံးနေစဉ် အဘယ်အရာကိုမျှ မသိချေ။—ဒေ. ၉:၅၊ ၁၀; ယောဟန် ၁၁:၁၇-၄၄

သေလွန်သူတို့အတွက် မျှော်လင့်ချက်ကား အဘယ်နည်း

သေလွန်သူများသည် ထာဝစဉ်အသက်ရှင်မည့် အလားအလာဖြင့် ရှင်ပြန်ထမြောက်လာကြမည်။ ယေရှုဤသို့ဆိုသည်– ‘သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် [ယေရှု]၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။’—ယောဟန် ၅:၂၈၊ ၂၉

ထိုမျှော်လင့်ချက်သည် ဘုရားသခင်၏မေတ္တာတော်ကို ဖော်ပြခြင်းဖြစ်သည်။ ယေရှု ဤသို့ဆိုခဲ့၏– ‘ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကသားတို့ကို ချစ်တော်မူ၏။’—ယောဟန် ၃:၁၆; ဗျာ. ၂၁:၄၊ ၅

ထပ်ဆင့်အချက်အလက်များကို သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၊ အခန်း ၆ တွင်ကြည့်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ယေဟောဝါသက်သေများ ထုတ်ဝေသည်။