ခါးပတ်နက်၏အနှောင်အဖွဲ့မှ လွတ်မြောက်သွားသော ထိုတစ်နေ့
ဂါနာနိုင်ငံမှ စာတစ်စောင်
ခါးပတ်နက်၏အနှောင်အဖွဲ့မှ လွတ်မြောက်သွားသော ထိုတစ်နေ့
သူက ဒီလိုလူစားမျိုးဖြစ်မယ်လို့ ကျွန်တော် မထင်ထားဘူး။ ဖြူဆွတ်နေတဲ့ဝတ်ရုံပေါ်မှာ နှစ်လက်မကျယ်တဲ့ခါးပတ်နက်ကို အကျအနပတ်ထားတယ်၊ လက်တွေက မာကျောတောင့်တင်းနေပြီး ဖိနပ်မပါတဲ့ခြေအစုံက ပြိုင်ဘက်ကိုတိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ ရပ်နေတယ်။ မျက်နှာထားကတော့ တင်းမာနေပြီး တစ်ခုခုကို အာရုံစူးစိုက်နေတဲ့ပုံစံမျိုးနဲ့ မျက်မှောင်ကြုတ်ထားတယ်။ မှေးကျဉ်းထားတဲ့မျက်လုံးအစုံမှာတော့ ခက်ထန်ရန်လိုတဲ့အငွေ့အသက် လွှမ်းနေပြီး နူးညံ့ပျော့ပျောင်းတဲ့အရိပ်အယောင်တစ်စက်ကလေးမှ မတွေ့ရဘူး။
“ယား!” ရုတ်တရက် အားမာန်ပါပါအော်ပြီး ဆတ်ခနဲလှုပ်ရှားလိုက်တယ်။ လေထဲ ဝှစ်ခနဲဝဲတက်သွားတဲ့ လက်ဝါးစောင်းနဲ့ ပျဉ်ချပ်တွေကိုရိုက်ချိုးပစ်လိုက်တယ်။ ပျဉ်ချပ်က ကျယ်လောင်တဲ့အသံနဲ့အတူ ထက်ပိုင်းကျိုးပြီး မြေပေါ်ကျသွားတယ်။ အဲဒီနောက် ချာခနဲလှည့်ရင်း ကျွမ်းထိုးလိုက်တဲ့အခါ သူ့ခြေလက်တွေရဲ့ သွက်လက်တဲ့လှုပ်ရှားမှုက မှင်တက်နေတဲ့ပြိုင်ဘက်ကို အလဲထိုးသတ်ဖို့ တည့်တည့်မတ်မတ်ချိန်ရွယ်ပြီးသားဖြစ်နေတယ်။ ဒီလိုလူစားမျိုးက ကျမ်းစာလေ့လာဖို့တောင်းဆိုတာ ဟုတ်မှဟုတ်ပါလေစ။
“ခင်ဗျားက ကိုဂျိုဆိုတဲ့လူဖြစ်ရမယ်။ ခင်ဗျားကျမ်းစာလေ့လာချင်တယ်လို့ ကြားမိတယ်” ဆိုပြီး ကျွန်တော်ပြောရင်း သူ့ကိုနှုတ်ဆက်ဖို့ လက်ကမ်းပေးလိုက်တယ်။ ကျွန်တော့်ဆီလက်ကမ်းပြီး ပြန်နှုတ်ဆက်လိုက်တဲ့ သူ့မျက်နှာက လှိုက်လှဲဖော်ရွေလို့၊ အားရပါးရပြုံးလို့။ “ဟုတ်တယ်၊ ကျွန်တော် ကျမ်းစာကို သိပ်ပြီးလေ့လာချင်နေတာ။ ဘယ်တော့ စလေ့လာကြမလဲ” လို့သူပြန်ပြောတယ်။ အခုတော့ သူ့မျက်လုံးတွေက ခက်ထန်ရန်လိုတဲ့အငွေ့အသက်မရှိတော့ဘဲ သိချင်စိတ်ပြင်းပြနေတဲ့ပုံစံမျိုးနဲ့ပဲ။
ဒီလိုနဲ့ သူ့အိမ်ရဲ့ဝရန်တာမှာ ကျွန်တော်တို့ထိုင်ကြတယ်၊ ကျမ်းစာအုပ်၊ လေ့လာမယ့်စာအုပ်တွေကိုယ်စီနဲ့ပေါ့။ နေရာလေးက အတော့်ကိုအေးမြပြီး တိတ်ဆိတ်အေးဆေးနေတာပဲ။ ကိုဂျိုရယ်၊ ကျွန်တော်ရယ်၊ ကိုဂျိုရဲ့မျောက်ကလေးရယ်ပဲရှိတယ်။ မျောက်ကလေးက ၁၄ လက်မလောက်ပဲ အရပ်ရှည်တယ်၊ ခေါင်းမှာ အနီရောင်အမွေးစုတ်ဖွား၊ ပြီးတော့ မုတ်ဆိတ်ဖြူငုတ်တိုလေးနဲ့ဆိုတော့ ကြည့်ရတာ ရယ်စရာအကောင်းသား။ တော်တော့်ကိုအဆော့သန်ပြီး ချစ်စရာကောင်းတဲ့မျောက်ကလေးပဲ။ စာအုပ်တွေကိုနင်းပြီး ဟိုဟိုဒီဒီလျှောက်သွားလိုက်၊ ကျွန်တော်တို့ဘောလ်ပင်ကို ဆတ်ခနဲဆွဲလုပြီး စပ်စပ်စုစုနဲ့ဟိုကြည့်ဒီကြည့်လုပ်လိုက်၊ ကျွန်တော်တို့ရှပ်အင်္ကျီအိတ်ကပ်ထဲ လက်နှိုက်ပြီး စားစရာတွေ့လိုတွေ့ငြား ဟိုရှာဒီရှာလုပ်လိုက်နဲ့ ထင်တိုင်းကြဲနေတယ်။ ဆူဆူညံညံနဲ့မျောက်မူးလဲအောင် အဆော့သန်တဲ့ကလေးတစ်ယောက် အနားမှာရှိနေတာကိုကျင့်သားရနေတဲ့ မိဘတစ်ယောက်လိုပဲ ကိုဂျိုလည်း စိတ်ပျံ့လွင့်စရာတွေဘေးချိတ်ပြီး ကျမ်းစာကိုပဲ အာရုံစိုက်လေ့လာနေတယ်။ မေးခွန်းတွေအများကြီးမေးတဲ့အတွက် သူ ဘယ်လောက်စဉ်းစားတွေးခေါ်တယ်၊ သင်ယူလေ့လာချင်စိတ် ဘယ်လောက်ပြင်းပြတယ်ဆိုတာ ပေါ်လွင်နေတယ်။ ပြီးတော့ ယုံကြည်စိတ်ချနိုင်လောက်တဲ့ ကျမ်းစာအထောက်အထားတွေ တွေ့ရမှပဲ အကြောင်းအရာတစ်ခုကို သူလက်ခံတယ်၊ ဒါကလည်း ကရာတေးပညာက သတိကြီးကြီးထားဖို့၊ အမြဲသတိရှိနေဖို့ သင်ပေးထားတာကြောင့် ဖြစ်နိုင်တယ်။
ကျွန်တော်တို့ရဲ့လေ့လာမှုက တော်တော်တိုးတက်လာတယ်။ အချိန်တန်တော့ သူ့ရဲ့အတွင်းစိတ်မှာ အကြိတ်အနယ်ထိုးသတ်ပွဲတစ်ခု ဆင်နွှဲနေရတာကို ကျွန်တော်သတိထားမိတယ်။ “ကမ္ဘာမှာ ကျွန်တော်အကြိုက်ဆုံးက ကိုယ်ခံပညာပဲ” လို့သူပြောတယ်။ ကောင်းကောင်းလေ့ကျင့်ထားပြီး တိုက်ရည်ခိုက်ရည်ဝနေတဲ့ ကရာတေးသမားတစ်ယောက်ရဲ့ တိုက်ခိုက်သတ်ပုတ်ချင်တဲ့အာသီသကို ကျွန်တော် နားလည်ပါတယ်။ ကရာတေးပညာကို ကြိုက်နှစ်သက်ရုံမက အဲဒီပညာမှာထူးချွန်တဲ့အတွက် ကိုဂျိုက အသက် ၂၆ နှစ်အရွယ်မှာ ခါးပတ်နက်အဆင့်အထိ အောင်မြင်နေပြီ၊ ဒီအနေအထားမျိုးကို တော်ရုံလူ ဘယ်ရနိုင်မလဲ။
ကိုဂျို ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ ကျွန်တော်တပ်အပ်မသိဘူး။ ကရားတေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ခြေလက်တွေနဲ့ သူတစ်ပါးကိုထိခိုက်နာကျင်အောင်လုပ်တာက ခရစ်ယာန်စစ်တွေကြားမှာတွေ့ရတဲ့ သနားညှာတာစိတ်၊ ချစ်ခင်ကြင်နာစိတ်၊ တစ်ဖက်သားအတွက် စိုးရိမ်ပူပန်စိတ်စတဲ့ မေတ္တာရဲ့စရိုက်လက္ခဏာတွေနဲ့ လုံးဝမအပ်စပ်ဘူးဆိုတာ သူနားလည်တယ်လို့ ကျွန်တော်ခံစားမိတယ်။ ကျမ်းစာအမှန်တရားက သံမဏိလိုမာကျောတဲ့နှလုံးသားကို အရည်ပျော်စေနိုင်တယ်ဆိုတာ ကျွန်တော်သိတယ်။ ကိုဂျိုရဲ့နှလုံးသားလည်း တကယ်ပဲ ရိုးသားဖြောင့်မှန်တယ်ဆိုရင် ဘုရားသခင့်နှုတ်မြွက်စကားရဲ့အစွမ်းတန်ခိုးအောက်မှာ ဖယောင်းလိုပျော့ပျောင်းလာမှာပါ။ ဒါကြောင့် ကျွန်တော် စိတ်ရှည်ရမယ်။
ကျွန်တော်တို့ ကျမ်းစာလေ့လာပြီးခါနီးအချိန်၊ ပူအိုက်တဲ့နေ့လယ်ခင်းတစ်ခုမှာပေါ့။ ‘ယေဟောဝါသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းနှစ်သက်သောသူကို မုန်းတော်မူ၏’ ဆိုတဲ့ကျမ်းချက်ကို ကိုဂျိုဖတ်ရတယ်။ (ဆာလံ ၁၁:၅၊ သမ္မာ) အဲဒီကျမ်းချက်ကိုလည်း ဖတ်လိုက်ရော၊ ပြိုင်ဘက်ရဲ့အားပြင်းတဲ့ခြေကန်ချက်နဲ့ အကန်ခံလိုက်ရသလို သူ့ခမျာ ဆောင့်ခနဲဖြစ်သွားတယ်။ “ကြမ်းကြုတ်ခြင်းနှစ်သက်သောသူ” ဆိုပြီး တိုးတိုးလေး သူထပ်ရွတ်နေတယ်။ တစ်ချိန်က ခက်ထန်ပြီး အလျှော့မပေးတတ်တဲ့ သူ့ရဲ့အညိုရောင်မျက်ဝန်းက နူးညံ့ပျော့ပျောင်းတဲ့အရိပ်သန်းလာတယ်။ ကျွန်တော့်မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး “ကျွန်တော်ဆုံးဖြတ်လိုက်ပြီ” လို့သူပြုံးပြုံးလေးပြောလိုက်တယ်။
အခုတော့၊ ကိုဂျိုနဲ့ကျွန်တော် အကြိုက်ဆုံးအလုပ်ကို လုပ်နေကြပါပြီ။ အဲဒါက နားထောင်တဲ့သူတိုင်းကို ကျမ်းစာအကြောင်း အခမဲ့သွန်သင်ပေးတဲ့ စေတနာ့ဝန်ထမ်းအလုပ်ပေါ့။ ဒီမနက်မှာ လုကာလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ဆီ ကျွန်တော်တို့သွားလည်ဖို့ ချိန်းထားတယ်။
လုကာအိမ်ကိုသွားတဲ့လမ်းခုလတ်မှာ လူတွေ ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ဈေးကို ဖြတ်သွားရတယ်။ လမ်းဘေးဝဲယာမှာ ဆိုင်ခန်းလေးတွေ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေ အများကြီးပဲ။ ငရုတ်သီးခြောက်၊ ငရုတ်သီးစိမ်းနဲ့ ရုံးပတီသီးတွေကို အပုံလိုက်ချရောင်းတဲ့သူကရောင်း။ ခရမ်းချဉ်သီးမှည့်တွေကို တောင်းလိုက်ချရောင်းတဲ့သူကရောင်း။ ဒါတင်မကသေးဘူး၊ ရေဒီယို၊ ထီး၊ ဆပ်ပြာတောင့်၊ ဆံပင်အတု၊ မီးဖိုချောင်သုံးပစ္စည်းပစ္စယ၊ တစ်ပတ်နွမ်း ရှူးဖိနပ်နဲ့အဝတ်အထည်တွေကို အပုံလိုက်ချရောင်းနေတဲ့သူကရောင်းနဲ့။ မိန်းကလေးတွေက ပူပူစပ်စပ်အစားအစာတွေထည့်ထားတဲ့ ဒန်ဗန်းကြီးကို ခေါင်းပေါ်မှာ ယဉ်ယဉ်ကြော့ကြော့လေးရွက်လို့ လိုက်ရောင်းနေတယ်။ ဈေးဗန်းရွက်ထားရပေမဲ့ ဈေးဝယ်သူတွေကြားထဲ ကျွမ်းကျွမ်းကျင်ကျင်တိုးဝှေ့သွားတယ်။ ဈေးဗန်းထဲက အရသာရှိလှတဲ့စွပ်ပြုတ်တွေ၊ ငါးကင်၊ ကဏန်းနဲ့ ခရုတွေကို ပြုတ်ချက်,ချက်ထားတဲ့ဟင်းတွေက ဗိုက်ဆာနေသူအတွက်တော့ သွားရည်ယိုစရာပေါ့။ ခွေးတွေ၊ ဆိတ်တွေ၊ ကြက်ကလေးတွေကလည်း လူတွေကြားထဲ ဟိုသွားဒီသွား။ ရေဒီယိုသံ၊ ကားဟွန်းသံ၊ လူတွေအော်ဟစ်ပြောဆိုသံတွေနဲ့ ညံနေတာပဲ။
ကျွတ်ကျွတ်ညံနေတဲ့မြို့နဲ့ဝေးရာကို ဦးတည်နေတဲ့ ရွှံ့လမ်းအတိုင်း လျှောက်လာရင်း ဟောင်းနွမ်းစုတ်ချာနေတဲ့အိမ်တစ်အိမ်ရှေ့ကို ရောက်လာကြတယ်။ အဲဒီအိမ်ရှေ့မှာကပ်ထားတဲ့ “ခရီးတစ်ထောက် ခိုနားရာ” ဆိုတဲ့ဆိုင်းဘုတ်က အရောင်တွေပြယ်လွင့်နေပါပြီ။ လုကာဆိုတဲ့လူက အသက် ၂၀ ကျော်ခါစ၊ ပိန်ပိန်ပါးပါးလေး။ အိမ်တံခါးဝမှာရပ်ပြီး ကျွန်တော်တို့ကို အိမ်ထဲဝင်နားဖို့ခေါ်တယ်။ အိမ်ထဲမှာတော့ ဆေးဖက်ဝင်အပင်၊ သစ်ဥသစ်ဖု၊ သစ်ရွက်သစ်ခေါက်တွေကို ကြိုးနဲ့စည်းပြီး အိတ်တွေ၊ သေတ္တာတွေထဲမှာ ထည့်ထားတာ အပြည့်ပဲ။ လုကာရဲ့ဒေါ်ကြီးက တိုင်းရင်းဆေးဆရာမတဲ့။ ဒါတွေအားလုံး ဒေါ်ကြီးရဲ့ပိုင်ဆိုင်ရာတွေပေါ့။ သူက မိဘဘိုးဘွားတွေ လက်ဆင့်ကမ်းလိုက်တဲ့ ဆေးဖော်စပ်နည်းတွေကိုသုံးပြီး အထူးသဖြင့် တေဆေးတွေ၊ ချက်ဆေးတွေဖော်စပ်တယ်။ အဲဒီဆေးတွေက ရောဂါအကုန်ပျောက်တယ်ဆိုပဲ။ လုကာက ကျွန်တော်တို့အလာကို မျှော်နေတာ။ အိမ်ထဲမှာ ဗြောင်းဆန်အောင်ရှုပ်ပွနေတာကို လှည်းကျင်းပြီး ခွေးခြေသုံးခုံ ချပေးတယ်။ နေရာကကျဉ်းကျဉ်းလေးဆိုတော့ ကျွန်တော်တို့တွေ ဒူးချင်းတိုက်လို့ ပူးပူးကပ်ကပ်လေးထိုင်ရင်းနဲ့ ကျမ်းစာစလေ့လာကြတယ်။
လုကာကို ကျမ်းစာသင်ပေးသူက ကိုဂျိုပေါ့။ ကမ္ဘာပေါ်မှာ ဘာကြောင့် ဒီလောက် ဆင်းရဲဒုက္ခများရသလဲဆိုတာနဲ့ပတ်သက်တဲ့ ကျမ်းစာအဖြေကို သူတို့နှစ်ယောက် ဆွေးနွေးနေကြတယ်။ ကျွန်တော်ကတော့ သူတို့နောက်ဘက်နားမှာထိုင်ပြီး နားထောင်နေတယ်။ လုကာကို ကျမ်းချက်တွေကူရှာပေးနေတဲ့ ကိုဂျိုရဲ့သန်မာတဲ့လက်က ကျမ်းစာစာရွက်ပါးလေးတွေကို ညင်ညင်သာသာလှန်လှောပေးနေတာကို ကျွန်တော် ကြည့်နေမိတယ်။ ဪ၊ သိပ်မကြာသေးခင်ကပဲ ဒီလက်တွေနဲ့ လူတွေကိုတိုက်ခိုက်ခဲ့ပါလားဆိုပြီး ကျွန်တော် ဖျတ်ခနဲသတိရမိတယ်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဒီတရားမဲ့လောကရဲ့ သမားရိုးကျဖြစ်နေတဲ့ ဉာဉ်ဆိုးတွေကို ဖယ်ရှားပေးပြီး သနားကြင်နာတာ၊ ချစ်ခင်တာစတဲ့အရည်အသွေးကောင်းတွေ ရှိလာအောင် ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။ ဒါက ရရှိနိုင်သမျှမှာ အကြီးမားဆုံးအောင်မြင်မှုပဲပေါ့။
အပြန်လမ်းမှာ သရက်ပင်အောက်ထိုင်နေတဲ့ အမျိုးသားတစ်ယောက်ဆီသွားပြီး သက်သေခံတယ်။ ကိုဂျို ကျမ်းစာဖွင့်ပြီးဖတ်ပြတာကို သူ အေးအေးဆေးဆေးနားထောင်နေတယ်။ ဒါပေမဲ့၊ ကျွန်တော်တို့က ယေဟောဝါသက်သေဖြစ်မှန်းလည်းသိရော သူ့ခြေထောက်ကိုဆောင့်လိုက်ပြီး “ခင်ဗျားတို့ကို ကျုပ် လုံးဝကြည့်မရဘူး” လို့ဒေါသတကြီးအော်ပြောတယ်။ ရုတ်တရက်၊ ကိုဂျိုလည်း ထောင်းခနဲဖြစ်သွားတယ်။ ဒါပေမဲ့၊ သူစိတ်လျှော့လိုက်ပြီး ယဉ်ယဉ်ကျေးကျေးတောင်းပန်လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ကျောခိုင်းထွက်ခွာလာခဲ့တယ်။
လမ်းအတိုင်း ဆက်လျှောက်ရင်း ကိုဂျိုက ကျွန်တော့်ကိုစောင်းငဲ့ကြည့်ပြီး “အဲဒီလူ ပြောလိုက်တုန်းက ကျွန်တော့်နှလုံးသွေးတွေ ဆူပွက်သွားတာပဲ။ သူ့ကို ကျွန်တော် ဘာလုပ်ပစ်နိုင်တယ်ဆိုတာ ခင်ဗျားသိတယ်မဟုတ်လား” လို့လေသံတိုးတိုးနဲ့ လှမ်းပြောတယ်။ ကျွန်တော်က “သိပါတယ်ဗျာ” လို့ ရယ်ကျဲကျဲနဲ့ပြန်ဖြေတော့ သူလည်း ပြုံးလိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ ဆက်လျှောက်လာခဲ့ကြတယ်။