မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချီးမွမ်းခံထိုက်သော ဖန်ဆင်းရှင်

ချီးမွမ်းခံထိုက်သော ဖန်ဆင်းရှင်

ဘုရားသခင်၌ ချဉ်းကပ်ကြလော့

ချီးမွမ်းခံထိုက်သော ဖန်ဆင်းရှင်

ဗျာ. ၄:၁၁၊ ကဘ

‘ဘဝအဓိပ္ပာယ်က ဘာလဲ’ ဟူ၍ သင်စဉ်းစားဖူးသလော။ ဆင်ခြင်ဉာဏ်မဲ့သော ဆင့်ကဲဖြစ်စဉ်ကြောင့် သက်ရှိတို့ဖြစ်ပေါ်လာသည်ဟု ယုံကြည်သူများသည် ထိုအဖြေကို မရနိုင်ကြချေ။ ယေဟောဝါဘုရားသခင်သည် အသက်၏ပင်ရင်းအမြစ်ဖြစ်သည်ဟူသော ခြေမြစ်ခိုင်လုံသည့်အမှန်တရားကို လက်ခံကြသူတို့မူ ထိုသို့မဟုတ်ပါ။ (ဆာလံ ၃၆:၉) လူသားတို့ကို ကိုယ်တော်ဖန်ဆင်းရသည့် ရည်ရွယ်ချက်ရှိကြောင်း သူတို့သိကြသည်။ ထိုရည်ရွယ်ချက်ကို ဗျာ. ၄:၁၁ တွင်ဖော်ပြထား၏။ တမန်တော်ယောဟန်ရေးခဲ့သော ထိုစကားများက ကျွန်ုပ်တို့ အသက်ရှင်နေရသည့်အကြောင်းရင်းကို မည်သို့ရှင်းပြထားကြောင်း ဆန်းစစ်ကြည့်ကြစို့။

ကောင်းကင်တွင် ဘုရားသခင်အား သံပြိုင်ချီးမွမ်းနေသောအသံကို ယောဟန်ဤသို့ဖော်ပြခဲ့သည်– ‘ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ထည်ဝါသောအသရေ၊ သိက္ခာတော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်။’ ယေဟောဝါတစ်ပါးတည်းသာ ယင်းသို့သော ရိုသေသမှုပြုခြင်းကို ခံထိုက်တော်မူသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကိုယ်တော်သည် “အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ” သောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် အသိဉာဏ်ရှိ ဖန်ဆင်းခံလူသားများသည် အဘယ်အရာပြုလုပ်ရန် လှုံ့ဆော်ခံရသင့်သနည်း။

ယေဟောဝါသည် ထည်ဝါသောအသရေ၊ သိက္ခာတော်၊ တန်ခိုးတော်ကို “ရ” ထိုက်တော်မူသည်ဟု ဖော်ပြထားသည်။ မှန်ပါသည်၊ ကိုယ်တော်သည် စကြဝဠာတွင် အသရေအထည်ဝါဆုံး၊ သိက္ခာတော်အပြည့်ဝဆုံး၊ တန်ခိုးအကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ သို့တိုင် လူအများစုသည် ကိုယ်တော့်ကို အရာခပ်သိမ်း၏ဖန်ဆင်းရှင်အဖြစ် အသိအမှတ်မပြုကြပေ။ သို့သော် ဖန်ဆင်းရာများကိုကြည့်ကာ ကိုယ်တော်၏ ‘မျက်မြင်မရသော . . . အရည်အသွေးများ’ ကို အသိအမှတ်ပြုသူများလည်းရှိပါသည်။ (ရောမ ၁:၂၀ကဘ) သူတို့သည် လေးမြတ်တန်ဖိုးထားစိတ်ဖြင့် ယေဟောဝါ၏ ထည်ဝါသောအသရေနှင့် သိက္ခာတော်ကို ထင်ရှားစေရန် လှုံ့ဆော်ခံရကြသည်။ ယေဟောဝါသည် အရာခပ်သိမ်းကို အံ့သြဖွယ်ကောင်းအောင် ဖန်ဆင်းထားသောအရှင်ဖြစ်သောကြောင့် ကိုယ်တော့်ကို ကြည်ညိုလေးစားထိုက်ကြောင်း နားထောင်သူအားလုံးကို သူတို့ပြောပြကြသည်။—ဆာလံ ၁၉:၁၊ ၂; ၁၃၉:၁၄

သို့သော် ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူများထံမှ တန်ခိုးကို မည်သို့ရရှိသနည်း။ မည်သည့်သက်ရှိသတ္တဝါကမျှ အတိုင်းအဆမဲ့တန်ခိုးရှင်ကို တန်ခိုးအပ်နှင်း၍ မရနိုင်ပါ။ (ဟေရှာယ ၄၀:၂၅၊ ၂၆) သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရခြင်းကြောင့် ကိုယ်တော့်အရည်အသွေးများကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ကြ၏၊ ယင်းတွင် တန်ခိုး၊ တစ်နည်းအားဖြင့် အစွမ်းခွန်အားပါဝင်သည်။ (ကမ္ဘာဦး ၁:၂၇) ကျွန်ုပ်တို့အတွက် ဖန်ဆင်းရှင်ပြုလုပ်ပေးထားရာများကို အမှန်လေးမြတ်ပါက ကျွန်ုပ်တို့၏အစွမ်းခွန်အားကို ကိုယ်တော်အား ဂုဏ်တင်ချီးမွမ်းရာတွင် အသုံးပြုရန် လှုံ့ဆော်ခံရကြပေမည်။ ကျွန်ုပ်တို့သည် ကိုယ်ပိုင်အစွမ်းအစများကို ကိုယ်ကျိုးအတွက်သာ အသုံးပြုမည့်အစား မိမိတို့၏အစွမ်းခွန်အားရှိသမျှဖြင့် အမှုဆောင်ခြင်းကို ယေဟောဝါဘုရားသခင်ရထိုက်ကြောင်း နားလည်ကြသည်။—မာကု ၁၂:၃၀

သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်တွင် အဘယ်ကြောင့် အသက်ရှင်နေရသနည်း။ ‘[အရာခပ်သိမ်းသည်] ကိုယ်တော်၏ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည်’ ဟု ဗျာ. ၄:၁၁ တွင်ဖော်ပြထား၏။ ကျွန်ုပ်တို့သည် မိမိတို့အလိုဆန္ဒအလျောက် တည်ရှိလာရခြင်းမဟုတ်ပါ။ ဘုရားသခင့်အလိုတော်ကြောင့် တည်ရှိလာရခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်ကျိုးအတွက်သာ အသက်ရှင်သည့်ဘဝသည် အဓိပ္ပာယ်မဲ့ကာ ကျေနပ်မှုခံစားရမည်မဟုတ်ချေ။ ကျွန်ုပ်တို့သည် စိတ်ငြိမ်သက်မှု၊ ပျော်ရွှင်မှု၊ ကျေနပ်ရောင့်ရဲမှုတို့ခံစားနိုင်ရန် ဘုရားသခင့်အလိုတော်ကို လေ့လာပြီး ယင်းနှင့်အညီ အသက်ရှင်နေထိုင်ဖို့ လိုအပ်သည်။ သို့မှသာ ကျွန်ုပ်တို့ကို ဖန်ဆင်းထားရခြင်းနှင့် ကျွန်ုပ်တို့တည်ရှိနေရခြင်း၏ရည်ရွယ်ချက်ကို နားလည်နိုင်ကြပါလိမ့်မည်။—ဆာလံ ၄၀:၈

[Picture Credit Line on page 31]

Nasa, Esa, and A. Nota (StscI)