မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

ဒါဝိဒ် ဘာကြောင့် မကြောက်ရွံ့တာလဲ

ဒါဝိဒ် ဘာကြောင့် မကြောက်ရွံ့တာလဲ

ကလေးတို့ ကြောက်စိတ် ဝင်ဖူးသလား။— * တို့တွေအများစု တစ်ခါတလေ ကြောက်တတ်ကြတယ်။ ကလေးတို့ ကြောက်တဲ့အခါ ဘာလုပ်နိုင်သလဲ။— ကလေးတို့ထက် ပိုခွန်အားကြီးတဲ့သူ၊ ပိုသန်မာတဲ့သူဆီ သွားပြီး အကူအညီ တောင်းနိုင်တာပေါ့။ ကလေးတို့ရဲ့ ဖေဖေ ဒါမှမဟုတ် မေမေကလည်း ကူညီပေးနိုင်တာပဲ။ ဘယ်သူ့ဆီ အကူအညီ တောင်းနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ဒါဝိဒ်ဆီကနေ တို့တွေ အများကြီး သင်ယူနိုင်တယ်။ “အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်၌ ခိုလှုံပါမည်။ . . . ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ” ဆိုပြီး သူပြောခဲ့တယ်။—ဆာလံ ၅၆:၃၊ ၄

ဒါဝိဒ်ကို မကြောက်တတ်အောင် သင်ပေးတာ ဘယ်သူဖြစ်မယ်လို့ ကလေးတို့ ထင်သလဲ။ သူ့မိဘတွေလား။— သေချာတာပေါ့။ သူ့ဖေဖေ ယေရှဲက “ငြိမ်သက်ခြင်းအရှင်” ဖြစ်မယ်လို့ ဘုရားသခင် ကတိပြုခဲ့တဲ့ ယေရှုခရစ်ရဲ့ သစ္စာရှိ ဘိုးဘေးပေါ့။ (ဟေရှာယ ၉:၆။ ၁၁:၁-၃၊ ၁၀) ဒါဝိဒ်ရဲ့ အဘိုး၊ ယေရှဲရဲ့ အဖေက ဩဗက်ဖြစ်တယ်။ ကျမ်းစာထဲမှာ ဩဗက်အမေရဲ့ နာမည်တပ်ထားတဲ့ ကျမ်းစောင်တစ်စောင် ပါရှိတယ်။ အဲဒီနာမည်ကို ကလေးတို့ သိသလား။— ဗောဇရဲ့ သစ္စာရှိဇနီး ရုသပေါ့။—ရုသ ၄:၂၁၊ ၂၂

ဒါဝိဒ်မမွေးခင် နှစ်ပေါင်းများစွာကတည်းက ရုသနဲ့ ဗောဇတို့ သေဆုံးသွားတယ်။ ဗောဇအမေ၊ ဒါဝိဒ်ရဲ့ဘေးမနာမည်ကို ကလေးတို့ သိမှာပါ။ သူက ယေရိခေါမြို့မှာနေပြီး ဣသရေလသူလျှိုတချို့ကို ကယ်တင်ခဲ့ဖူးတယ်။ ယေရိခေါမြို့ရိုး ပြိုကျတဲ့အခါ ပြတင်းပေါက်ကနေ ကြိုးနီချထားတဲ့အတွက် သူ့မိသားစု အသက်ချမ်းသာ ရခဲ့တယ်။ သူ့နာမည်ကို သိသလား။— ယေဟောဝါကို ကိုးကွယ်သူဖြစ်လာတဲ့ ရာခပ်ပေါ့၊ ခရစ်ယာန်တွေ တုပသင့်တဲ့ ရဲစွမ်းသတ္တိရှိသူလည်း ဖြစ်တယ်။—ယောရှု ၂:၁-၂၁။ ၆:၂၂-၂၅။ ဟေဗြဲ ၁၁:၃၀၊ ၃၁

ဒါဝိဒ်ရဲ့ ဖေဖေနဲ့ မေမေက အဲဒီလို သစ္စာရှိပုဂ္ဂိုလ်တွေရဲ့အကြောင်း ဒါဝိဒ်ကို ပြောပြမှာ သေချာတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေကို ဒီအကြောင်းတွေ သွန်သင်ပေးရမယ်လို့ မိဘတွေကို ဘုရားသခင် မိန့်မှာထားလို့ ဖြစ်တယ်။ (တရားဟောရာ ၆:၄-၉) ဒီလိုနဲ့ ဘုရားသခင့်ပရောဖက် ရှမွေလလက်ထက်မှာ ယေရှဲရဲ့ အထွေးဆုံးသား ဒါဝိဒ်ကို ဣသရေလ ရှင်ဘုရင်လောင်းအဖြစ် ရွေးချယ်ခဲ့တယ်။—၁ ဓမ္မရာဇဝင် ၁၆:၄-၁၃

တစ်နေ့၊ ဘုရားသခင်ရဲ့ ရန်သူတွေဖြစ်တဲ့ ဖိလိတ္တိလူတွေကို တိုက်ခိုက်နေတဲ့ အစ်ကိုသုံးယောက်ကို စားစရာသွားပို့ဖို့ ဒါဝိဒ်ကို သူ့ဖေဖေ လွှတ်လိုက်တယ်။ သူရောက်တာနဲ့ တပ်သားစုထဲ ပြေးသွားတယ်၊ အဲဒီမှာ ‘အသက်ရှင်တော်မူတဲ့ ဘုရားသခင်ရဲ့ ဗိုလ်ခြေတွေကို’ ကြိမ်းဝါးနေတဲ့ လူထွားကြီး ဂေါလျတ်ရဲ့စကားကို ကြားခဲ့တယ်။ တိုက်ခိုက်ဖို့ စိန်ခေါ်နေတဲ့ ဂေါလျတ်ကို အားလုံးက ကြောက်နေတာပေါ့။ ဂေါလျတ်ကို ဒါဝိဒ် တိုက်ခိုက်ချင်တယ်ဆိုတာ ဘုရင်ရှောလု ကြားတော့ သူ့ကို ဆင့်ခေါ်လိုက်တယ်။ ရှောလုက ဒါဝိဒ်ကိုလည်း မြင်ရော ‘မင်းက ချာတိတ်လေးပဲ’ လို့ ပြောတယ်။

ဒါဝိဒ်က သူ့မိသားစုရဲ့ သိုးတွေကို ဆွဲဖို့ ကြိုးစားနေတဲ့ ခြင်္သေ့နဲ့ ဝက်ဝံကို သတ်ခဲ့တယ်လို့ ရှောလုကို ပြောပြတယ်။ ဂေါလျတ်ဆိုတဲ့လူလည်း ‘အဲဒီသားကောင်တစ်ကောင်လိုပဲ ဖြစ်မယ်’ လို့ သူပြောတယ်။ ဒါနဲ့ ရှောလုလည်း ‘သွားပါ။ သင်နဲ့အတူ ယေဟောဝါ ရှိပါစေ’ လို့ ဒါဝိဒ်ကို ပြောလိုက်တယ်။ ဒါဝိဒ်က ချောမွတ်နေတဲ့ကျောက်ခဲငါးလုံးကို ရှာပြီး လွယ်အိတ်ထဲ ထည့်လိုက်တယ်။ ပြီးတော့ လောက်လွှဲကို ယူပြီး လူထွားကြီးကို တိုက်ခိုက်ဖို့ ထွက်လာတယ်။ ဂေါလျတ်က ချာတိတ်လေးတစ်ယောက် လာနေတာမြင်တော့ ‘လာခဲ့။ သင့်အသားကို မိုးကောင်းကင်ငှက်နဲ့ တောသားရဲတွေကို ငါပေးမယ်’ လို့ အော်ပြောတယ်။ ဒါဝိဒ်ကလည်း ‘ယေဟောဝါရဲ့ နာမနဲ့ သင်ရှိရာကို လာတယ်။ သင့်ကို သတ်ပြီး လည်ပင်းကို ဖြတ်မယ်’ ဆိုပြီး ပြန်ပြောတာပေါ့။

ဒါဝိဒ်က ဂေါလျတ်ဆီ တစ်ရှိန်ထိုး ပြေးရင်း လွယ်အိတ်ထဲက ကျောက်တစ်လုံးကို နှိုက်ယူပြီး လောက်လွှဲနဲ့ ပစ်လိုက်တဲ့အခါ ဂေါလျတ်ရဲ့ နဖူးတည့်တည့် ထိသွားတယ်။ လူထွားကြီး သေသွားတာလည်းမြင်ရော ဖိလိတ္တိလူတွေ ကြောက်လွန်းလို့ ထွက်ပြေးကုန်တယ်။ ဒါနဲ့၊ ဣသရေလလူတွေက သူတို့နောက်လိုက်ပြီး တိုက်ခိုက်တဲ့အခါ အနိုင်ရသွားတယ်။ ၁ ဓမ္မရာဇဝင် ၁၇:၁၂-၅၄ မှာပါတဲ့ ဒီအကြောင်းတွေကို ကလေးတို့ရဲ့ မိသားစုနဲ့အတူ ဖတ်ကြည့်ပါဦး။

ကလေးတို့လည်း အသက်ငယ်သေးတော့ ဘုရားသခင်ရဲ့ ပညတ်တွေကို လိုက်နာဖို့ တစ်ခါတလေ ကြောက်မိမှာပဲ။ ယေရမိက လူငယ်ဖြစ်တော့ အစပိုင်းမှာ ကြောက်ရွံ့နေတယ်။ ဒါပေမဲ့ ဘုရားသခင်က ‘သူတို့ကို မကြောက်နဲ့။ . . . “သင်နဲ့အတူ ငါရှိတယ်”’ လို့ပြောတယ်။ ဒါနဲ့ ယေရမိလည်း သတ္တိမွေးပြီး ဘုရားသခင် ညွှန်ကြားတဲ့အတိုင်း ဟောပြောခဲ့တယ်။ ကလေးတို့လည်း ဒါဝိဒ်နဲ့ယေရမိလိုပဲ ယေဟောဝါကို ကိုးစားမယ်ဆိုရင် ကြောက်စိတ်ပျောက်ပြီး သတ္တိရှိလာနိုင်ပါတယ်။—ယေရမိ ၁:၆-၈

^ အပိုဒ်၊ 3 သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။