မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာရာလူမျိုးအတွက် စစ်မှန်သောလွတ်မြောက်မှု

မာရာလူမျိုးအတွက် စစ်မှန်သောလွတ်မြောက်မှု

မာရာလူမျိုးအတွက် စစ်မှန်သောလွတ်မြောက်မှု

မာရာလူမျိုးသည် ရှေးခေတ်မှ အောင်မြင်ပြီးမြောက်မှုများကြောင့် လူသိများသည်။ ကမ္ဘာလှည့်ခရီးသည်ထောင်ပေါင်းများစွာသည် ချီချန်အစ်ဇာနှင့် ကိုဘာဒေသတွင်ရှိသောပိရမစ်များကဲ့သို့ ကြီးကျယ်ခမ်းနားသည့်ပိရမစ်များကို ရှုစားရန် မက္ကဆီကိုနိုင်ငံ၊ ယူကတန်ကျွန်းဆွယ်သို့ နှစ်စဉ်လာရောက်ကြသည်။ မာရာလူမျိုးသည် ဆောက်လုပ်ရေးပညာကျွမ်းကျင်မှုအပြင် စာပေအရေးအသား၊ သင်္ချာနှင့် နက္ခတ်ပညာများတွင် အောင်မြင်ပြီးမြောက်မှုများကြောင့်လည်း ကျော်ကြားသည်။ သူတို့သည် ခေတ်မီဆန်းကြယ်သော အရုပ်စာရေးနည်း၊ သုည၏သဘောတရား၊ လေးနှစ်တစ်ကြိမ် ဖေဖော်ဝါရီလတွင် တစ်ရက်တိုး၍ ၂၉ ရက်ရှိသော ရက်ထပ်နှစ်နှင့်ဆင်တူအောင် ပြင်ဆင်ထားသည့် ၃၆၅ ရက်ပြက္ခဒိန်ကို တီထွင်ခဲ့သည်။

သို့သော် ဘာသာရေးနှင့်ပတ်သက်လျှင် ထိုသို့မဟုတ်ပေ။ မာရာလူမျိုးသည် နေ၊ လ၊ မိုး၊ ပြောင်းဖူးနှင့်အခြားအရာများစွာကို ဘုရားအဖြစ် ဝတ်ပြုကိုးကွယ်ကြသည်။ သူတို့၏ဘာသာရေးဆရာများသည် ကြယ်နက္ခတ်ကိုလေ့လာရာတွင် ဇွဲကြီးသူများဖြစ်၏။ သူတို့၏ဝတ်ပြုရေးတွင် နံ့သာပေါင်းအသုံးပြုခြင်း၊ မိမိကိုယ်ကိုလှီးဖြတ်ခြင်း၊ သွေးထွက်သံယိုဖြစ်အောင်ပြုခြင်း၊ အကျဉ်းသား၊ ကျွန်နှင့်ကလေးငယ်များကို ယဇ်ပူဇော်ခြင်းတို့ပါဝင်သည်။

စပိန်နိုင်ငံသားများ ရောက်ရှိလာ

၁၆ ရာစုအစောပိုင်းတွင် စပိန်နိုင်ငံသားများ ရောက်ရှိလာသောအခါ မာရာတို့၏ယဉ်ကျေးမှုမှာ ထိုအခြေအနေရှိနေကြောင်း တွေ့ရှိခဲ့ကြသည်။ စပိန်နယ်ချဲ့များတွင် ဦးတည်ချက်နှစ်ရပ်ရှိ၏– ယင်းတို့မှာ နယ်မြေသစ်များနှင့်ဥစ္စာစည်းစိမ်များကို သိမ်းယူခြင်း၊ သူတို့၏အယူမှားဓလေ့ထုံးတမ်းများမှ လွတ်မြောက်သွားစေရန် ကက်သလစ်ဘာသာသွင်းခြင်းဖြစ်သည်။ သို့သော် စပိန်နယ်ချဲ့များသည် မာရာတို့အတွက် ဘာသာရေးနှင့်အခြားကဏ္ဍများတွင် စစ်မှန်သောလွတ်မြောက်မှု ဆောင်ကြဉ်းပေးခဲ့သလော။

ကက်သလစ်ဘုန်းကြီးများအပါအဝင် စပိန်နယ်ချဲ့များသည် ရှေးကတည်းက မာရာတို့ တောင်ယာလုပ်ကိုင်ခဲ့သော ပြည်သူပိုင်မြေများကို သိမ်းယူလိုက်သည်။ ထိုသို့သိမ်းယူခြင်းကြောင့် အလွန်ခက်ခဲကျပ်တည်းမှုနှင့် ရန်လိုမုန်းတီးမှုဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် စပိန်တို့သည် ယူကတန်ကျွန်းဆွယ်တွင် ရေရရှိနိုင်သည့်တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် ရေတွင်းများကို သိမ်းလိုက်သည်။ မာရာတို့သည် နိုင်ငံရှိအခွန်များကြောင့် မနိုင်ဝန်ထမ်းနေရသည့်ကြားတွင် ချာ့ခ်ျက အမျိုးသားတစ်ဦးလျှင် စပိန်ငွေ ၁၂ ၁/၂ ရီးယား၊ အမျိုးသမီးတစ်ဦးလျှင် ၉ ရီးယားကို အခွန်ငွေအဖြစ် နှစ်စဉ်ကောက်ခံသည့်အခါ အခြေအနေမှာ ပိုဆိုးသွားသည်။ * စပိန်မြေပိုင်ရှင်များက မာရာတို့ကိုယ်စား ချာ့ခ်ျအခွန်ကိုပေးဆောင်လိုက်ပြီးနောက် ထိုအကြွေးမကျေမချင်း သူတို့ကို အတင်းအဓမ္မအလုပ်ခိုင်းစေခြင်းဖြင့် ထိုအခြေအနေကို အမြတ်ထုတ်ခဲ့ကြသည်။

ခရစ်ယာန်ဘုန်းကြီးများသည် နှစ်ခြင်းပေးခြင်း၊ လက်ထပ်ပေးခြင်း၊ သင်္ဂြိုဟ်ပေးခြင်းကဲ့သို့သော ဘာသာရေးဝန်ဆောင်မှုများအတွက် အဖိုးအခတောင်းကြသည်။ ချာ့ခ်ျသည် လယ်ယာမြေသိမ်းယူခြင်း၊ အခွန်နှင့်အခကြေးငွေများကောက်ခံခြင်းတို့ဖြင့် မာရာတို့ကိုခေါင်းပုံဖြတ်၍ ကြီးပွားကောင်းစားနေသည်။ တောင်သူလယ်သမားဆင်းရဲသားများကို အယူသီးသူများ၊ ပင်ကိုအားဖြင့် အသိပညာနည်းသူများဟု သတ်မှတ်ကြသည်။ ထို့ကြောင့် မာရာတို့ကို စည်းကမ်းများလိုက်နာစေရန်၊ သူတို့၏အယူသီးမှုများကို စွန့်လွှတ်စေရန် ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းသည် မှန်ကန်သည်ဟု ခရစ်ယာန်ဘုန်းကြီးနှင့် အခွင့်အာဏာရှိသူများက ယူဆကြသည်။

အဆင့်အတန်းခွဲခြားသော စစ်ပွဲ

မာရာတို့သည် ချာ့ခ်ျအခွန်ငွေကို မပေးခြင်း၊ ကလေးများကို ချာ့ခ်ျကျောင်းမှထုတ်လိုက်ခြင်း၊ ဘာသာရေးအမေးအဖြေသင်တန်းများ မတက်ခြင်း၊ စိုက်ပျိုးမြေများတွင် အလုပ်မဆင်းတော့ခြင်းစသည်တို့ဖြင့် လက်တုံ့ပြန်ကြသည်။ သို့သော် ယင်းက အခြေအနေကို ပို၍တင်းမာစေခဲ့သည်။ စပိန်ကြီးစိုးသော အနှစ် ၃၀၀ ခန့်ကုန်လွန်ပြီးနောက် ၁၈၄၇ ခုနှစ်တွင် အခြေအနေမှာ အထွတ်အထိပ်ရောက်လာသည်။ မာရာတို့သည် “လူဖြူများ” ကို တော်လှန်ပုန်ကန်ခဲ့ရာ ယင်းကို အဆင့်အတန်းခွဲခြားသောစစ်ပွဲဟု ခေါ်ကြသည်။

သူပုန်ခေါင်းဆောင်များက စကားပြောသောလက်ဝါးကပ်တိုင်ဟုခေါ်သည့် ဘာသာရေးအထိမ်းအမှတ်ကို အသုံးပြုကြ၏၊ အသံဖန်တီးသူတစ်ဦးက မာရာတို့ အသေခံတိုက်ပွဲဝင်သင့်သည်ဟူသော မိမိ၏အသံကို ထိုလက်ဝါးကပ်တိုင်မှပေါ်ထွက်လာဟန် လုပ်ဆောင်သည်။ ထိုစစ်ပွဲသည် မာရာတို့အတွက် ဘေးဆိုးကြီးဖြစ်၏။ ၁၈၅၃၊ စစ်ပွဲတရားဝင်ပြီးဆုံးချိန်တွင် ယူကတန်ရှိ မာရာလူမျိုး ၄၀ ရာခိုင်နှုန်းခန့်မှာ အသတ်ခံရသည်။ နောင် ၅၅ နှစ်ကြာသည်အထိ အခြေအနေမှာ မငြိမ်မသက်ဖြစ်နေဆဲပင်။ နောက်ဆုံးတွင် မာရာတို့သည် စပိန်တို့၏ဖိနှိပ်မှုထမ်းပိုးအောက်မှ လွတ်မြောက်သွားပြီး နယ်မြေများကို ပြန်လည်ခွဲဝေယူခဲ့ကြသည်။ သို့ဆိုလျှင် ဘာသာရေးလွတ်မြောက်မှုကော မည်သို့နည်း။

စစ်မှန်သောလွတ်မြောက်မှုမဟုတ်

စပိန်နယ်ချဲ့တို့၏ကက်သလစ်အယူဝါဒကို မြည်းစမ်းရခြင်း၊ အဆင့်အတန်းခွဲခြားသောစစ်ပွဲဖြစ်ခြင်းတို့က မာရာတို့ကို စစ်မှန်သောလွတ်မြောက်မှုမပေးနိုင်ပါ။ စပိန်ခေတ်မတိုင်မီက တိုင်းရင်းသားတို့၏ဓလေ့ထုံးစံများနှင့် ရိုမန်ကက်သလစ်၏ဓလေ့ထုံးစံများ ရောယှက်ထားသော၊ ယုံကြည်ခြင်းရောနှောသော ဘာသာရေးသည် ယနေ့တိုင်ရှိနေဆဲပင်။

စာအုပ်တစ်အုပ်တွင် မျက်မှောက်ခေတ်မာရာတို့အကြောင်း ဤသို့ဆိုသည်– “မာရာတို့သည် သူတို့၏ရှေးနတ်ဘုရားများ၊ လယ်မြေ၊ ဂူ၊ တောတောင်များတွင်ရှိသော ဘိုးဘေးများကို ကိုးကွယ်၍ . . . တစ်ချိန်တည်း၌ ချာ့ခ်ျတွင် သူတော်စင်များကို ဝတ်ပြုကိုးကွယ်ကြသည်။” (The Mayas—3000 Years of Civilization) ထို့ကြောင့် ကွက်ဇာကုတ် သို့မဟုတ် ကူကာလ်ကန်နတ်ဘုရားသည် ယေရှုဖြစ်ပြီး လနတ်ဘုရားမမှာ အပျိုစင်မာရိဖြစ်သည်ဟု သူတို့ယူဆကြ၏။ ထို့ပြင် မြင့်မြတ်သောစီဘာသစ်ပင်ကိုးကွယ်ခြင်းကို လက်ဝါးကပ်တိုင်အား ကြည်ညိုလေးမြတ်ခြင်းနှင့်အစားထိုးခဲ့သည်၊ ထိုလက်ဝါးကပ်တိုင်ကို တကယ့်သစ်ပင်အလား ရေလောင်းပေးကြဆဲဖြစ်၏။ လက်ဝါးကပ်တိုင်အား ယေရှုကိုကိုယ်စားပြုသောအရာများဖြင့် တန်ဆာဆင်မည့်အစား စီဘာပန်းပွင့်များဖြင့် အလှဆင်ကြသည်။

နောက်ဆုံးတွင် စစ်မှန်သောလွတ်မြောက်မှုရပြီ

မကြာသေးမီနှစ်များက မက္ကဆီကိုနိုင်ငံရှိ ယေဟောဝါသက်သေများသည် မာရာလူမျိုးအလယ်တွင် ကျမ်းစာပညာပေးရေးလုပ်ငန်းကို အကြီးအကျယ်ဆောင်ရွက်လျက်ရှိကြသည်။ လူသားတို့အတွက် ဘုရားသခင့်ရည်ရွယ်ချက်ကို သူတို့သဘောပေါက်နိုင်ရန် ဤကင်းမျှော်စင်မဂ္ဂဇင်းကဲ့သို့သော ကျမ်းစာစာပေများကို မာရာဘာသာစကားဖြင့် ထုတ်ဝေပေးခဲ့ပြီ။ ရလဒ်ကား အဘယ်နည်း။ သတင်းကောင်းဟောပြောနေသော မာရာလူမျိုး ၆,၆၀၀ နီးပါးသည် ထိုဒေသရှိ ယေဟောဝါသက်သေများ၏အသင်းတော် ၂၄၁ ခုတွင် ပူးပေါင်းနေကြသည်။ ကျမ်းစာအမှန်တရားကိုလက်ခံနိုင်ရန် သူတို့၏မိရိုးဖလာယုံကြည်ချက်များကို စွန့်လွှတ်ဖို့ လွယ်ကူခဲ့သလော။

စိတ်ရင်းမှန်သော မာရာလူမျိုးများစွာအတွက် လုံးဝမလွယ်ကူပါ။ မာစီလီနိုနှင့် ဇနီးဖြစ်သူမာဂရီးတာသည် အလွန်စိတ်ထက်သန်သော ကက်သလစ်ဘာသာဝင်များဖြစ်၏။ နှစ်စဉ်၊ သူတို့သည် လက်ဝါးကပ်တိုင်ကို ချာ့ခ်ျမှအိမ်သို့ သယ်ဆောင်လာကာ တိရစ္ဆာန်ယဇ်များပူဇော်ပြီးနောက် ထိုယဇ်ကောင်များကို ဆွေမျိုးမိတ်ဆွေတို့နှင့်အတူ စားသုံးကြသည်။ နောက်ပိုင်း ယေဟောဝါသက်သေများသည် သူတို့အိမ်သို့လာရောက်လည်ပတ်ကာ သူတို့နှင့် ကျမ်းစာသင်အံမှု စတင်ခဲ့သည်။ “ကျွန်တော်တို့ အမှန်တရားသင်ယူနေတယ်ဆိုတာ သဘောပေါက်ပေမဲ့ နဂိုယုံကြည်ချက်ကိုစွန့်လိုက်ရင် နတ်တွေ ဒုက္ခပေးလိမ့်မယ်လို့ထင်တယ်” ဟုသူတို့ပြောပြသည်။ မည်သို့ပင်ဖြစ်စေ၊ သူတို့ ကျမ်းစာဆက်လေ့လာခဲ့သည်။ “ကျမ်းစာအမှန်တရားက ကျွန်တော်တို့နှလုံးသားထဲ တဖြည်းဖြည်းစိမ့်ဝင်သွားတယ်။ ဒါကြောင့် ကျမ်းစာကနေ သိရှိလာတာတွေကို ကျွန်တော့်မိသားစုနဲ့မိတ်ဆွေတွေကို ပြန်ပြောပြဖို့ သတ္တိရှိလာတယ်။ အယူသီးမှုတွေရဲ့ကျွန်ဘဝက လွတ်မြောက်သွားတဲ့အတွက် သိပ်ပျော်ရွှင်မိတယ်။ ယေဟောဝါရဲ့အကြောင်း ဒီထက်စောစောမသိခဲ့တာကိုပဲ စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ကျမ်းစာထဲက သိပ်ကောင်းတဲ့အမှန်တရားတွေအကြောင်း တခြားသူတွေကို ကြိုးစားပြောပြရင်းနဲ့ အတိုးချပြီးအမှုဆောင်ချင်တယ်” ဟုမာစီလီနိုပြောပြသည်။

အသက် ၇၃ နှစ်ရှိပြီဖြစ်သော အယ်လ်ဖောင်းစိုသည် အမာခံကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်၏။ သူသည် မားစ်ပွဲတော်အပါအဝင် ဘာသာရေးပွဲလမ်းသဘင်များကို သူ၏မြို့တွင် စီစဉ်ကျင်းပပေးနေကျဖြစ်၏၊ ပွဲတော်တွင်ပါဝင်သူအားလုံး ကကြ၊ ခုန်ကြ၊ စားကြ၊ သောက်ကြသည်။ ထိုတွင် နွားရိုင်းသတ်ပွဲများလည်း ပါဝင်သည်။ “မူးရူးပြီးရန်ဖြစ်တာနဲ့ပဲ ပွဲပြီးလေ့ရှိတယ်။ ဒီပွဲလမ်းသဘင်တွေကို ကျွန်တော်ကြိုက်ပေမဲ့ ကျွန်တော့်ဘာသာတရားမှာ တစ်ခုခုလိုအပ်နေတယ်လို့ ခံစားရတယ်” ဟုသူပြောပြသည်။ ယေဟောဝါသက်သေများ သူ့ထံလာရောက်ဟောပြောသောအခါ ကျမ်းစာလေ့လာရန် သူသဘောတူလိုက်သည်။ ထို့ပြင် ဝတ်ပြုရာခန်းမတွင်ကျင်းပသော အစည်းအဝေးများကို ကျန်းမာရေးမကောင်းသည့်ကြားမှ စတင်တက်ရောက်ခဲ့သည်။ ယခု၊ သူသည် ယခင်ဘာသာရေးဓလေ့ဟောင်းအားလုံးကို စွန့်ပစ်လိုက်ပြီး သူ့အိမ်သို့ လာရောက်လည်ပတ်သူများအား သူ၏ယုံကြည်ချက်အသစ်တို့ကို အခွင့်အရေးရတိုင်း ဝေမျှနေသည်။

ယင်းတို့မှာ စစ်မှန်သောဘာသာရေးလွတ်မြောက်မှု ခံစားရသည့် စိတ်ရင်းမှန်သော မာရာလူမျိုးများစွာ၏ပုံနမူနာများမှ အချို့သာဖြစ်၏။ မှန်ပါသည်၊ ယူကတန်ရှိ အံ့ဖွယ်ပိရမစ်ကြီးများကို တည်ဆောက်ခဲ့သူတို့၏ သားစဉ်မြေးဆက်များ ယနေ့တိုင်ရှိနေဆဲပင်။ သူတို့လည်း မာရာဘာသာစကားကိုပင် ပြောဆိုနေဆဲဖြစ်သည်။ သူတို့၏ဘိုးဘေးများနည်းတူ ဓနိမိုး၊ ရွှံ့စေးသုတ်ထားသောအိမ်များတွင် နေထိုင်ကြသည်။ ရှေးယခင်ကနည်းတူ တောင်ယာခုတ်ကာ ဝါနှင့်ပြောင်းဖူးကို စိုက်ပျိုးကြသည်။ သို့သော် ယခုမူ ဘုရားသခင့်နှုတ်မြွက်တော်မှ အမှန်တရားကြောင့် မာရာလူမျိုးများစွာသည် မှားယွင်းသောဘာသာနှင့် အယူသီးမှုများ၏အနှောင်အဖွဲ့မှ လွတ်မြောက်ခဲ့ကြပြီ။ ထို့ကြောင့် “သမ္မာတရားကိုလည်းသိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” ဟူသော ယေရှု၏စကားများကို လေးမြတ်စိတ်အပြည့်ဖြင့် သူတို့အသိအမှတ်ပြုနေကြသည်။—ယောဟန် ၈:၃၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ရီးယားဟူသည် ယခင် စပိန်ငွေကြေးဖြစ်သည်။

[စာမျက်နှာ ၁၃ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ရှေးမာရာတို့လွှမ်းမိုးမှုအောက်ရှိ ဒေသ

မက္ကဆီကို ပင်လယ်ကွေ့

မက္ကဆီကို

ယူကတန် ကျွန်းဆွယ်

ချီချန်အစ်ဇာ

ကိုဘာ

ဗေလိဇ်

ဂွာတီမာလာ

ဟွန်ဒူးရပ်စ်

အယ်ဆာဗေးဒေါ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ချီချန်အစ်ဇာဒေသရှိ မာရာတို့၏မြို့အပျက်အယွင်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မာစီလီနိုနှင့် သူ၏ဇနီးမာဂရီးတာသည် ယူကတန်တွင် သတင်းကောင်းဟောပြောနေ