မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု—ကိုယ်တော်နှင့်ပတ်သက်၍ လူတို့ပြောဆိုရာများ

ယေရှု—ကိုယ်တော်နှင့်ပတ်သက်၍ လူတို့ပြောဆိုရာများ

ယေရှု—ကိုယ်တော်နှင့်ပတ်သက်၍​ လူတို့ပြောဆိုရာများ

“နာဇရက်မြို့သားယေရှုသည် . . . သမိုင်းတွင် အမှန်ပင် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်သည်။” —အင်္ဂလိပ်လူမျိုးသမိုင်းပညာရှင် အိပ်ခ်ျဂျီဝဲလ်စ်။

“ခရစ်တော်သည် သမိုင်းတစ်လျှောက်ရှိ သူရဲကောင်း မှန်သမျှတွင် အထူးခြားဆုံးဖြစ်သည်။” —ဆွစ်ဇာလန်နိုင်ငံသား ဓမ္မပညာနှင့်သမိုင်းပညာရှင် ဖိလစ်ရှက်ဖ်။

အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားအဖြစ် သတ်မှတ်ခံရရန် မည်သူအရည်အချင်းပြည့်မီသနည်း။ လူတစ်ဦး၏ကြီးမြတ်မှုကို မည်သည့်အရာဖြင့် တိုင်းတာမည်နည်း။ စစ်မှုထူးချွန်ခြင်းဖြင့်လော။ ကာယခွန်အားဖြင့်လော။ ဉာဏ်ရည်ဉာဏ်စွမ်းဖြင့်လော။ သို့မဟုတ် သူ၏စကားများ၊ သူ၏အမူအကျင့်များက လူတို့အပေါ်အကျိုးသက်ရောက်သည့်အတိုင်းအတာနှင့် သူချမှတ်ခဲ့သည့် ပုံနမူနာများဖြင့်လော။

အတိတ်နှင့်မျက်မှောက်ခေတ်မှ သမိုင်းပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ ပညာတတ်များ၊ စာရေးဆရာများ၊ နိုင်ငံ့ခေါင်းဆောင်များနှင့် အခြားသူတို့က နာဇရက်မြို့သားယေရှုခရစ်နှင့်ပတ်သက်၍ ပြောဆိုခဲ့ရာများကို သတိပြုကြည့်ပါ။

“ဤအနှစ်နှစ်ထောင်အတွင်း၌သာမက လူ့သမိုင်းတစ်လျှောက်လုံး၌ ဩဇာအရှိန်အဝါအကြီးဆုံးပုဂ္ဂိုလ်မှာ နာဇရက်မြို့သားယေရှုဖြစ်သည်ဟူသောအချက်ကို ငြင်းပယ်ရန် အချက်အလက်များစွာ လိမ်ညာဖန်တီးရပေမည်။”—အမေရိကန်စာရေးဆရာနှင့်ကျမ်းပညာရှင်၊ ရေးနိုလ်ပရိုက်စ်။

“လုံးဝအပြစ်ကင်းသူတစ်ဦးသည် သူ၏ရန်သူများနှင့် အခြားသူတို့အကျိုးအတွက် မိမိကိုယ်ကို ပူဇော်ရာယဇ်အဖြစ် ပေးဆက်ခဲ့၏။ ယင်းသည် အမွန်မြတ်ဆုံးလုပ်ရပ်တစ်ခုဖြစ်သည်။”—အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးနှင့် ဘာသာရေးခေါင်းဆောင်၊ မိုဟမ်းဒတ်စ် ကေ. ဂန္ဒီ။

“ကျွန်ုပ်ငယ်စဉ်က ကျမ်းစာနှင့်တာလ်မွတ်ကျမ်းနှစ်စောင်စလုံး၏ သွန်သင်မှုခံခဲ့ရသည်။ ကျွန်ုပ်သည် ဂျူးတစ်ယောက်ဖြစ်သော်လည်း သာမန်ထက်ထူးကဲလွန်းသော နာဇရက်မြို့သား ယေရှုကို အလွန်နှစ်သက်မိသည်။”—ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင် အဲလ်ဘတ်အိုင်းစတိုင်း။

“ကျွန်ုပ်၏အမြင်တွင် ယေရှုခရစ်သည် ဘုရားသခင်၏သားတော်အနေနှင့်ရော လူသားတစ်ဦးအနေနှင့်ပါ သမိုင်းတစ်လျှောက်လုံးတွင် ထူးကဲပြောင်မြောက်လွန်းသူဖြစ်သည်။ ကိုယ်တော်ပြောခဲ့သမျှ၊ လုပ်ဆောင်ခဲ့သမျှ အရာရာတိုင်းသည် ကျွန်ုပ်တို့ခေတ်အတွက် တန်ဖိုးရှိ၏၊ အသက်ရှင်ခဲ့သမျှတွင် မည်သူ့ကိုမျှ ထိုသို့ကောက်ချက်ချပြောဆိုနိုင်မည်မဟုတ်ပေ။”—ပိုလန်နိုင်ငံသား စာရေးဆရာရှိုလန်အက်ရှ်၏ ခရစ်ယာန်သံတော်ဆင့်စာအုပ်မှ ကိုးကားချက်၊ သူတို့စာလုံးစောင်းထား။

“ဘာမျှဧကန်မရှိသဖြင့် ဘာမျှမသိနိုင်ဟူသော အယူအဆကို သုံးဆယ့်ငါးနှစ်တိုင် ကျွန်ုပ်စွဲကိုင်ခဲ့သည်။ သို့သော် ယေရှုသည် အမှန်တကယ်အသက်ရှင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း လွန်ခဲ့သောငါးနှစ်တွင် ကျွန်ုပ် ယုံကြည်လာသည်။ ယေရှုခရစ်၏သွန်သင်ချက်များကို သက်ဝင်ယုံကြည်ခဲ့ရာ ကျွန်ုပ်ဘဝတစ်ခုလုံး ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။”—ရုရှားဝတ္ထုရေးဆရာနှင့် အတွေးအခေါ်ပညာရှင်၊ ကောင့်တ်လီယိုတော်စတွိုင်း။

“[ယေရှုသည်] သမိုင်းတစ်လျှောက်တွင် လူသားတို့အပေါ် ဩဇာအလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ပြီး ဆက်၍သြဇာလွှမ်းမိုးနေဆဲဖြစ်သည်။”—အမေရိကန်သမိုင်းပညာရှင်နှင့်စာရေးဆရာ ကက်နက်စကော့လာတိုးရက်။

“ယေရှု၏ဘဝမှတ်တမ်းကို စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်အနေဖြင့်သာ ကျွန်ုပ်တို့ယူမှတ်ကြမည်လော။ ယင်းသည် ဇာတ်လမ်းတစ်ပုဒ်လုံးဝမဟုတ်ချေ။ အမှန်မှာ၊ မည်သူမျှသံသယမဝင်ကြသော ဆိုကရေးတီး၏ဘဝမှတ်တမ်းသည် ယေရှုခရစ်၏မှတ်တမ်းလောက်ပင် ခိုင်လုံမှုမရှိပါ။”—ပြင်သစ်အတွေးအခေါ်ပညာရှင် ဇန်ဇပ်ခ်ရူးဆိုး။

ကျွန်ုပ်တို့၏အသက်တာတွင် စံပြပုဂ္ဂိုလ်သည် ယေရှုခရစ်မှတစ်ပါး အခြားမည်သူမျှ မဖြစ်ထိုက်ကြောင်း ရှင်းနေပါသည်။ မိမိနောက်လိုက်ဖြစ်လာရန်နှင့် မိမိအကြောင်း လူမျိုးခြားတို့ကိုသက်သေခံရန် ယေရှုရွေးချယ်ခဲ့သော ပညာတတ်တစ်ဦးဖြစ်သူ ပထမရာစုမှ ပေါလုသည် ယေရှုကို “စေ့စေ့ထောက်ရှု” ရန်အားပေးခဲ့သည်။ (ဟေဗြဲ ၁၂:၂; တမန်တော် ၉:၃) အသက်ရှင်နေထိုင်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့ကို ယေရှု အဘယ်အရာ သွန်သင်ပေးနိုင်သနည်း။ ကိုယ်တော်၏အသက်တာသည် သင့်ကို မည်သို့အကျိုးပြုနိုင်သနည်း။