မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု—အတုယူရန် အကောင်းဆုံးစံနမူနာရှင်

ယေရှု—အတုယူရန် အကောင်းဆုံးစံနမူနာရှင်

ယေရှု—အတုယူရန် အကောင်းဆုံးစံနမူနာရှင်

သင်သည် ပို၍ပျော်ရွှင်သော လူကောင်းလူမွန်တစ်ဦး ဖြစ်လိုသလော။ ထိုသို့ဖြစ်လာရန် ကျွန်ုပ်တို့မည်သို့လုပ်ဆောင်နိုင်ကြောင်းကို တမန်တော်ပေတရု ရှင်းပြခဲ့သည်။ သူဤသို့ရေးခဲ့သည်– “ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကိုလျှောက်လိုက်စေခြင်းငှာ [“စံနမူနာ၊” ကဘ] ကိုထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) မှန်ပါသည်၊ ယေရှုခရစ်သည် ထူးကဲသာလွန်သောလမ်းစဉ်ဖြင့် အသက်ရှင်ခဲ့ရာ ကျွန်ုပ်တို့သင်ယူနိုင်သည့်အရာများစွာကို လုပ်ဆောင်ခဲ့သည်။ ကျွန်ုပ်တို့သည် ယေရှုအကြောင်းသင်ယူပြီး ကိုယ်တော့်လမ်းစဉ်အတိုင်း အသက်ရှင်နေထိုင်ခြင်းဖြင့် ပို၍ပျော်ရွှင်သော လူကောင်းလူမွန်များ ဖြစ်လာနိုင်ကြသည်။ ဤကြီးမြတ်သောလူသား ယေရှု၏ ကိုယ်ရည်ကိုယ်သွေးအချို့ကို သေချာဆန်းစစ်ကာ ကိုယ်တော်၏ပုံနမူနာမှ ကျွန်ုပ်တို့အကျိုးရနိုင်ပုံကို လေ့လာကြည့်ကြစို့။

ယေရှုသည် ဟန်ချက်ညီသူဖြစ်သည်။ ယေရှုသည် မိမိတွင် “ခေါင်းချရာမျှမရှိ” ကြောင်း မိန့်ဆိုခဲ့သော်လည်း အလွန့်အလွန်ခြိုးခြံသော ဘဝပုံစံအတိုင်း အသက်မရှင်ခဲ့၊ ယင်းဘဝပုံစံကိုလည်း အားမပေးခဲ့ပေ။ (မဿဲ ၈:၂၀) ကိုယ်တော်သည် စားသောက်ပွဲများကို တက်ရောက်ခဲ့သည်။ (လုကာ ၅:၂၉) ကိုယ်တော်ပြုလုပ်ခဲ့သော ဦးဆုံးအံ့ဖွယ်အမှုမှာ မင်္ဂလာပွဲတစ်ခုတွင် ရေကို အလွန်ကောင်းသောစပျစ်ရည်ဖြစ်အောင် ပြောင်းလဲပေးခြင်းဖြစ်ပြီး ယင်းက ကိုယ်တော်သည် လူမှုရေးခေါင်းပါးသူ သို့မဟုတ် ခြိုးခြံသူမဟုတ်ကြောင်းဖော်ပြ၏။ (ယောဟန် ၂:၁-၁၁) သို့သော် မိမိအတွက်အရေးပါဆုံးမှာ အဘယ်အရာဖြစ်ကြောင်း ယေရှု ဤသို့ရှင်းလင်းစွာဖော်ပြခဲ့သည်– “ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏။”—ယောဟန် ၄:၃၄

ရုပ်ပစ္စည်းလိုက်စားခြင်းနှင့် ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးတည်ဆောက်ခြင်းတို့တွင် သင်မည်သို့ဟန်ချက်ညီနိုင်ကြောင်း သိမြင်ရန် သင့်ဘဝကို အသေအချာဆန်းစစ်ပြီးပြီလော။

ယေရှုသည် ချဉ်းကပ်ရလွယ်သူဖြစ်သည်။ ကျမ်းစာတွင် ယေရှုကို ဖော်ရွေပျူငှာသူတစ်ဦးအဖြစ် ရုပ်လုံးဖော်ထားသည်။ လူတို့သည် ပြဿနာများတင်ပြလာသောအခါ သို့မဟုတ် စိတ်ရှုပ်စရာမေးခွန်းများမေးသောအခါ ကိုယ်တော်စိတ်မဆိုးခဲ့ပါ။ တစ်ခါက ကိုယ်တော်ကို လူအုပ်ဝိုင်းရံနေစဉ် ၁၂ နှစ်တိုင် ဝေဒနာခံစားနေရသော အမျိုးသမီးတစ်ဦးသည် သူ၏ရောဂါသက်သာလေမည်လောဟူသော မျှော်လင့်ချက်ဖြင့် ကိုယ်တော့်ဝတ်ရုံကို တို့ထိခဲ့သည်။ ရောင့်တက်လွန်းဟန်ရှိသည့် ထိုအပြုအမူကို ကိုယ်တော် ပစ်ပစ်ခါခါအပြစ်မတင်ဘဲ “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ” ဟုကြင်နာစွာမိန့်ဆိုခဲ့သည်။ (မာကု ၅:၂၅-၃၄) ကလေးများပင် လျစ်လျူရှုခံရမည်ကို မစိုးရိမ်ဘဲ ကိုယ်တော်နှင့် တရင်းတနှီးရှိကြသည်။ (မာကု ၁၀:၁၃-၁၆) တပည့်များနှင့်လည်း ရင်းနှီးပွင့်လင်းစွာ ပြောဆိုဆက်ဆံခဲ့သည်။ ကိုယ်တော့်ထံချဉ်းကပ်ရန် သူတို့မဝံ့မရဲမဖြစ်ခဲ့ကြချေ။—မာကု ၆:၃၀-၃၂

သင်သည် ချဉ်းကပ်ပြောဆိုရလွယ်သူ ဖြစ်သလော။

ယေရှုသည် ကိုယ်ချင်းစာပြီး သနားကြင်နာတတ်သည်။ ကိုယ်တော်၏ ထူးမြတ်လှသည့်အရည်အသွေးတစ်ခုမှာ အခြားသူတို့၏ခံစားချက်များကို ထပ်တူထပ်မျှကိုယ်ချင်းစာကာ သူတို့ကို ကူညီပေးတတ်ခြင်းဖြစ်သည်။ မောင်ဖြစ်သူလာဇရု သေဆုံးသွားသောကြောင့် မာရိငိုကြွေးနေသည်ကိုမြင်သောအခါ ယေရှုသည် “အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍” “မျက်ရည်ကျတော်မူ၏” ဟု တမန်တော်ယောဟန်ရေးခဲ့သည်။ အကဲခတ်နေသူများသည် ထိုမိသားစုကို ယေရှု မည်မျှချစ်ခင်တွယ်တာကြောင်း အလွယ်တကူသိမြင်ခဲ့ကြသည်၊ ကိုယ်တော်သည် မိမိ၏ချစ်ခင်တွယ်တာမှုကို ထိုသို့ပွင့်လင်းစွာထုတ်ဖော်ပြသရန် မရှက်ရွံ့ခဲ့ချေ။ ထို့နောက် မိတ်ဆွေလာဇရုကို ရှင်ပြန်ထမြောက်ပေးခြင်းဖြင့် ကြီးမြတ်လှသော သနားကြင်နာမှုကို ကိုယ်တော်ပြသခဲ့သည်။—ယောဟန် ၁၁:၃၃-၄၄

နောက်အဖြစ်အပျက်တစ်ခုတွင် လူတို့နှင့် သီးခြားခွဲထားခံရသော ရွံရှာဖွယ်အနာကြီးရောဂါသည်တစ်ဦးက “သခင်အလိုတော်ရှိလျှင် ကျွန်တော့်ကို သန့်ရှင်းစေနိုင်တော်မူသည်” ဟုယေရှုကို တောင်းပန်သည်။ ယေရှု၏တုံ့ပြန်ပုံမှာ အမှန်ပင် စိတ်နှလုံးနွေးထွေးစေ၏– “‘ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ’ ဟုမိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကိုတို့တော်မူ၏။” (မဿဲ ၈:၂၊ ၃) ယေရှုသည် ပရောဖက်ပြုချက်ပြည့်စုံရေးအတွက်သာ လူနာများကို ကုသပေးခဲ့ခြင်းမဟုတ်ပါ။ ကိုယ်တော်သည် သူတို့၏နာကျင်မှုများကို သက်သာစေလိုသည်။ “သင်တို့သည် ကိုယ်၌သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြလော့” ဟူသော အများသိမိန့်ဆိုချက်သည် ကိုယ်တော်လုပ်ဆောင်သမျှ အရာရာတိုင်းတွင် ထင်ဟပ်ခဲ့သည်။—လုကာ ၆:၃၁

သင်သည် အခက်အခဲကြုံတွေ့နေရသူများကို သနားကြင်နာကြောင်း လုပ်ရပ်များဖြင့် အထင်အရှားဖော်ပြသလော။

ယေရှုသည် နားလည်ပေးတတ်ပြီး ပိုင်းခြားသိမြင်မှုရှိသည်။ ယေရှုသည် အပြစ်တစ်ခုမျှမကျူးလွန်ခဲ့သော်လည်း အခြားသူများထံမှ ပြည့်ဝစုံလင်မှုကို မည်သည့်အခါမျှ မမျှော်လင့်ခဲ့ချေ၊ အခြားသူတို့ထက် မိမိသာလွန်သည်ဟူသည့်သဘောထားဖြင့် ပြုမူခြင်း၊ အခြေအနေကိုအပြည့်အဝနားမလည်ဘဲ လုပ်ဆောင်ခဲ့ခြင်းမရှိချေ။ တစ်ကြိမ်တွင် “ဆိုးသော” မိန်းမတစ်ယောက်သည် ယေရှုကို ယုံကြည်ကြောင်း၊ လေးမြတ်တန်ဖိုးထားကြောင်း ဖော်ပြသည့်အနေဖြင့် ကိုယ်တော်၏ခြေပေါ်ကျသော မျက်ရည်ကို ဆံပင်ဖြင့်သုတ်ပေးခဲ့သည်။ ထိုအပြုအမူကို ယေရှုခွင့်ပြုခဲ့ရာ သူ့ကို မညှာမတာဝေဖန်နေသည့် အိမ်ရှင်မှာ အံ့အားသင့်ခဲ့ရသည်။ ယေရှုသည် ထိုအမျိုးသမီး၏စိတ်ရင်းမှန်မှုကို နားလည်သောကြောင့် သူ၏အပြစ်များကို ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့ချေ။ ယင်းအစား “သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလော့” ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ ယေရှု၏နွေးထွေးသောတုံ့ပြန်ပုံကြောင့် ထိုအမျိုးသမီးသည် ယခင်အပြစ်လမ်းစဉ်ကို စွန့်လွှတ်ရန် လှုံ့ဆော်ခံရဖို့ အကြောင်းများပါသည်။—လုကာ ၇:၃၇-၅၀

သင်သည် အမြဲချီးမွမ်းတတ်သူ၊ အပြစ်မရှာတတ်သူတစ်ဦးဖြစ်သည်ဟု လူသိများသလော။

ယေရှုသည် မျက်နှာမလိုက်ဘဲ တလေးတစားဆက်ဆံတတ်သည်။ ကိုယ်တော်သည် တပည့်ဖြစ်သူယောဟန်ကို အထူးချစ်ခင်တော်မူ၏၊ အကြောင်းမှာ သူနှင့် စိတ်သဘောထားချင်းတူညီပြီး ဆွေမျိုးနီးစပ်သောကြောင့်ဖြစ်နိုင်သည်။ * သို့သော် ကိုယ်တော်သည် မျက်နှာလိုက်ခြင်း သို့မဟုတ် အခြားတပည့်များထက် သူ့ကို မျက်နှာသာပိုပေးခြင်း မရှိခဲ့ချေ။ (ယောဟန် ၁၃:၂၃) ယောဟန်နှင့် သူ့အစ်ကိုယာကုပ်သည် ဘုရားသခင့်နိုင်ငံတော်တွင် အကောင်းဆုံးအခွင့်အရာပေးရန် တောင်းဆိုကြသောအခါ ယေရှုဤသို့ပြန်ဖြေခဲ့သည်– “ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူ ငါပေးပိုင်ခွင့်မရှိ။”—မာကု ၁၀:၃၅-၄၀ကဘ။

ယေရှုသည် အခြားသူများကို အမြဲတလေးတစားဆက်ဆံတတ်သည်။ မိမိခေတ်ရှိလူတို့၏ ဘက်လိုက်တတ်သည့်သဘောထားကို ကိုယ်တော်လက်မခံခဲ့ချေ။ ဥပမာ၊ အမျိုးသမီးများကို အမျိုးသားများထက် နှိမ်ပြီးဆက်ဆံလေ့ရှိသော်လည်း ယေရှုသည် အမျိုးသမီးများကို သိက္ခာရှိရှိ ဆက်ဆံခဲ့၏။ မိမိသည် မေရှိယဖြစ်ကြောင်း မကွယ်မဝှက်ဘဲ ပထမဆုံး ကိုယ်တော်ပြောပြခဲ့သူမှာ ဂျူးမဟုတ်သော ရှမာရိအမျိုးသမီးတစ်ဦးဖြစ်သည်၊ ထိုခေတ်မှဂျူးတို့သည် ရှမာရိလူတို့ကို အထင်အမြင်သေးပြီး နှုတ်ခွန်းဆက်စကားပင် ဆိုမည်မဟုတ်ပါ။ (ယောဟန် ၄:၇-၂၆) ထို့ပြင် ယေရှုသည် ရှင်ပြန်ထမြောက်လာပြီးနောက် အမျိုးသမီးများကို ဦးဆုံးကိုယ်ယောင်ထင်ရှားပြခြင်းဖြင့် သူတို့အား ဂုဏ်တင်ခဲ့သည်။—မဿဲ ၂၈:၉၊ ၁၀

သင်သည် လူမျိုး၊ နိုင်ငံ၊ ဘာသာစကား၊ ကျားမမရွေးကို မျက်နှာမလိုက်တမ်း ပေါင်းသင်းဆက်ဆံတတ်သလော။

ယေရှုသည် တာဝန်ကျေပွန်သောသားနှင့် အစ်ကိုတစ်ဦးဖြစ်သည်။ ယေရှုငယ်စဉ်ကပင် မွေးစားဖခင်ယောသပ် သေဆုံးခဲ့ဟန်တူသည်။ ထို့ကြောင့် ယေရှုသည် လက်သမားအလုပ်လုပ်၍ မိခင်နှင့် ညီငယ်ညီမငယ်များကို အလုပ်အကျွေးပြုခဲ့ဖွယ်ရှိသည်။ (မာကု ၆:၃) သေဆုံးခါနီးအချိန်တွင် ကိုယ်တော်သည် မိခင်ကိုစောင့်ရှောက်ပေးရန် တပည့်ဖြစ်သူယောဟန်ကို တာဝန်လွှဲအပ်ခဲ့သည်။—ယောဟန် ၁၉:၂၆၊ ၂၇

သင်သည် မိသားစုတာဝန်များကို ကျေပွန်ခြင်းဖြင့် ယေရှုကို တုပနိုင်မည်လော။

ယေရှုသည် မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်။ ယေရှုသည် အမှန်ပင် မိတ်ဆွေကောင်းတစ်ဦးဖြစ်ခဲ့သည်။ မည်သို့အားဖြင့်နည်း။ ကိုယ်တော်၏မိတ်ဆွေများသည် အမှားတစ်ခုကို ထပ်ခါတလဲ ကျူးလွန်သော်လည်း ယင်းကြောင့် သူတို့ကို မစွန့်ပယ်ခဲ့ချေ။ တပည့်များသည် ကိုယ်တော်ဖြစ်စေလိုသည့်အတိုင်း အမြဲမလုပ်ဆောင်ခဲ့ကြချေ။ သို့သော် ကိုယ်တော်သည် သူတို့တွင် မကောင်းသောရည်ရွယ်ချက်ရှိသည်ဟု အပြစ်မတင်ဘဲ သူတို့၏အရည်အချင်းကောင်းများကို အာရုံစိုက်ခြင်းဖြင့် မိတ်ဆွေကောင်းတစ်ဦးဖြစ်ကြောင်း သက်သေထူခဲ့သည်။ (မာကု ၉:၃၃-၃၅; လုကာ ၂၂:၂၄-၂၇) ကိုယ်တော်သည် မိမိ၏ရှုမြင်ချက်များကို လက်ခံရန် အတင်းဖိအားမပေးဘဲ သူတို့ထင်မြင်ရာများကို လွတ်လပ်စွာပြောဆိုခွင့်ပေးခဲ့သည်။—မဿဲ ၁၆:၁၃-၁၅

ထို့ပြင် ယေရှုသည် မိတ်ဆွေများကို ချစ်မြတ်နိုးတော်မူသည်။ (ယောဟန် ၁၃:၁) မည်သည့်အတိုင်းအတာထိ ချစ်သနည်း။ ကိုယ်တော်ဤသို့ဆိုသည်– “ကိုယ်အဆွေတို့အဖို့အလို့ငှာ ကိုယ်အသက်ကိုစွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။” (ယောဟန် ၁၅:၁၃) လူတစ်ဦးသည် မိမိအဆွေတို့အတွက် အသက်ထက်သာ၍ တန်ဖိုးကြီးသည့်အရာ ပေးဆပ်နိုင်ပါဦးမည်လော။

အခြားသူများက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေ သို့မဟုတ် စိတ်နာစေလျှင်ပင် သင်သည် သူတို့အတွက် မိတ်ဆွေတစ်ဦးဆက်ဖြစ်သွားမည်လော။

ယေရှုသည် ရဲရင့်သူ၊ ယောက်ျားပီသသူဖြစ်သည်။ ယေရှုသည် ပန်းချီပန်းပုဆရာအချို့ ပုံဖော်ကြသည့်အတိုင်း ပျော့ညံ့သူ၊ ပြုသမျှခေါင်းငုံ့ခံတတ်သူတစ်ဦး လုံးဝမဟုတ်ပါ။ ခရစ်ဝင်ကျမ်းများတွင် ကိုယ်တော်ကို ကြံ့ခိုင်သန်စွမ်းသူအဖြစ် ဖော်ပြထားသည်။ ကိုယ်တော်သည် ကုန်သည်ပွဲစားများကို ဝတ်ပြုရာအိမ်တော်မှ နှစ်ကြိမ်မောင်းထုတ်ခဲ့သည်။ (မာကု ၁၁:၁၅-၁၇; ယောဟန် ၂:၁၄-၁၇) လူအုပ်သည် “နာဇရက်မြို့သားယေရှု” ကို ဖမ်းဆီးရန်လာကြသောအခါ တပည့်များကို ကာကွယ်ရန် ရဲရင့်စွာ ရှေ့သို့ထွက်ရပ်ပြီး “ငါသည် ထိုသူဖြစ်၏ . . .။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေ” ဟုကိုယ်တော် ခိုင်မာစွာပြောခဲ့သည်။ (ယောဟန် ၁၈:၄-၉) ဖမ်းဆီးခံရပြီး မတရားဆက်ဆံခံရချိန်တွင် ယေရှု၏သတ္တိကို ပုန္တိပိလတ်မြင်သောအခါ ကိုယ်တော်ကို ယောက်ျားပီသပြီး ရဲရင့်သူတစ်ဦးအဖြစ် သူအသိအမှတ်ပြုခဲ့သည်မှာ အံ့အားသင့်စရာမဟုတ်ပေ။—ယောဟန် ၁၉:၄၊ ၅

သင်သည် လုပ်သင့်လုပ်ထိုက်ရာကို သတ္တိရှိရှိ ခိုင်မာပြတ်သားစွာ လုပ်ဆောင်သူဖြစ်သလော။

ထိုအရည်အသွေးများနှင့် အခြားထူးကဲသော အရည်အသွေးများကြောင့် ယေရှုသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးစံနမူနာရှင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ ကျင့်ကြံပြုမူပုံကို လက်တွေ့ကျင့်သုံးပါက ပို၍ပျော်ရွှင်သော လူကောင်းလူမွန်များဖြစ်လာကြပေမည်။ ထို့ကြောင့် တမန်တော်ပေတရုသည် ယေရှု၏ခြေရာကို အနီးကပ်လိုက်လျှောက်ရန် ခရစ်ယာန်များကို အားပေးနေခြင်းဖြစ်သည်။ သင်သည် ယေရှု၏ခြေရာကို အတတ်နိုင်ဆုံးအနီးကပ် ကြိုးစားလိုက်လျှောက်နေပါသလော။

အတုယူထိုက်သည့် စံနမူနာရှင်ဖြစ်ရုံထက်မကပေ

ယေရှုသည် ကျွန်ုပ်တို့အတုယူထိုက်သည့် စံနမူနာရှင်ဖြစ်ရုံထက်မကပေ။ ကိုယ်တော်ဤသို့ပြောခဲ့သည်– “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆) ယေရှုသည် ဘုရားသခင်နှင့်ပတ်သက်သည့်အမှန်တရားကို လူသားတို့အား သိစေခြင်းဖြင့် ဘုရားသခင်ထံချဉ်းကပ်နိုင်ရန် လမ်းဖွင့်ပေးခဲ့သည့်အပြင် သစ္စာရှိသူတို့ အသက်ရနိုင်မည့်နည်းလမ်းကိုလည်း ပြင်ဆင်ပေးခဲ့သည်။—ယောဟန် ၃:၁၆

မြေကြီးပေါ်ကြွလာရသည့် ထိုအကြောင်းရင်းနှင့်ပတ်သက်၍ ယေရှုဤသို့ပြောခဲ့သည်– “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာလည်းကောင်း ကြွလာသည်။” (မဿဲ ၂၀:၂၇-၂၈) ယေရှုသည် ပူဇော်ရာယဇ်အဖြစ် မိမိအသက်ကို ပေးဆက်ခြင်းဖြင့် လူသားတို့ ထာဝရအသက်ရရှိစေရန် အုတ်မြစ်ချပေးခဲ့သည်။ ထိုပြင်ဆင်ပေးချက်မှ အကျိုးရရှိရန် ကျွန်ုပ်တို့တစ်ဦးစီ အဘယ်အရာပြုလုပ်ရမည်နည်း။ ယေရှုဤသို့ရှင်းပြခဲ့သည်– “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃

မှန်ပါသည်၊ ထာဝရအသက်ရရှိရန် ယေရှုအကြောင်းကို သင်ယူပြီး ကိုယ်တော်အသက်ရှင်နေထိုင်ပုံကို အတုယူကာ ပူဇော်ရာယဇ်အဖြစ် ကိုယ်တော်၏သေခြင်းကို ယုံကြည်ကြောင်းတင်ပြရန်လိုအပ်သည်။ ထိုအသိပညာ၏ရင်းမြစ်ဖြစ်သော သမ္မာကျမ်းစာကို အချိန်ယူလေ့လာရန်နှင့် ယေရှုနည်းတူ ကျမ်းစာမိန့်ဆိုရာများကို လက်တွေ့ကျင့်သုံးဖို့ ကြိုးစားရန် သင့်အား ကျွန်ုပ်တို့တိုက်တွန်းလိုပါသည်။ *

ယေရှု၏စံပြအသက်တာက ကျွန်ုပ်တို့ မည်သို့သောလူစားမျိုးဖြစ်သင့်ကြောင်း သွန်သင်ပေးသည်။ ပူဇော်ရာယဇ်အဖြစ် ကိုယ်တော်၏သေခြင်းသည် အပြစ်နှင့်ယင်း၏အခဖြစ်သောသေခြင်းမှ ကျွန်ုပ်တို့ကို လွတ်မြောက်စေသည်။ (ရောမ ၆:၂၃) ယေရှုခရစ်၏ အစွမ်းထက်သောသြဇာသာမရှိပါက ကျွန်ုပ်တို့၏အခြေအနေသည် ဝမ်းနည်းဖွယ်ကောင်းလိုက်မည်ဖြစ်ခြင်း။ ထို့ကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား ယေရှုခရစ်၏စံနမူနာကို တွေးတောဆင်ခြင်ပြီး နီးကပ်စွာလိုက်လျှောက်နိုင်သည့် အခွင့်အရေးကို ဘဝ၏စိုးရိမ်ပူပန်မှုများကြောင့် ဘယ်တော့မျှ လက်လွှတ်ဆုံးရှုံးမခံသင့်ချေ။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 12 ယောဟန်၏မိခင် ရှာလုံသည် ယေရှု၏မိခင်မာရိနှင့် ညီအစ်မတော်စပ်ပုံရသည်။ မဿဲ ၂၇:၅၅၊ ၅၆ ကို မာကု ၁၅:၄၀၊ ၄၁; ယောဟန် ၁၉:၂၅ တို့နှင့် နှိုင်းယှဉ်ကြည့်ပါ။

^ အပိုဒ်၊ 26 ယေရှု၏မြေကြီးအသက်တာနှင့်ပတ်သက်သည့် အသေးစိတ်မှတ်တမ်းကို ယေဟောဝါသက်သေများထုတ်ဝေသော အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားစာအုပ်တွင် ကြည့်ပါ။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

▪ ယေရှုသည် လူတိုင်းကို မျက်နှာမလိုက်ဘဲ တလေးတစားဆက်ဆံတတ်

▪ ကိုယ်တော်သည် နောက်ဆုံးအချိန်ထိ မိတ်ဆွေကောင်းဖြစ်ခဲ့

▪ ကိုယ်တော်သည် ရဲရင့်သူဖြစ်

သင်သည် ယေရှု၏ခြေတော်ရာကို အတတ်နိုင်ဆုံး အနီးကပ်လိုက်လျှောက်သလော

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှုသည် ဟန်ချက်ညီသူဖြစ် . . .

ချဉ်းကပ်ရလွယ်သူဖြစ် . . .

သနားကြင်နာတတ်သူဖြစ်