မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သန့်ရှင်းမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း

သန့်ရှင်းမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း

သန့်ရှင်းမှုသည် အဘယ်ကြောင့် အရေးကြီးသနည်း

လူတို့ကို ကပ်ရောဂါများ နှိပ်စက်ခဲ့သည်မှာ နှစ်ထောင်ပေါင်းများစွာရှိပေပြီ။ ယင်းတို့သည် ဘုရားသခင်အမျက်ထွက်ခြင်း၏ နိမိတ်ဖြစ်ပြီး လူဆိုးတို့ကို ဒဏ်ခတ်ရန် ကိုယ်တော်စေလွှတ်လိုက်ခြင်းဖြစ်သည်ဟု လူအချို့ယူဆကြ၏။ ဖျားနာရခြင်း၏ အကြောင်းရင်းမှာ ကျွန်ုပ်တို့ဝန်းကျင်ရှိ အကောင်ပလောင်များကြောင့် ဖြစ်လေ့ရှိသည်ဟု နှစ်များတစ်လျှောက် အထူးစေ့စပ်သေချာစွာ လေ့လာမှုက ဖော်ပြသည်။

ကြွက်၊ ကြွက်စုတ်၊ ပိုးဟပ်၊ ယင်ကောင်နှင့် ခြင်တို့သည် ရောဂါကူးစက်စေနိုင်ကြောင်း ဆေးပညာရှင်များ တွေ့ ရှိကြ၏။ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိခြင်းကလည်း ကူးစက်ရောဂါများကို အလွယ်တကူပျံ့နှံ့စေလေ့ရှိကြောင်း သူတို့တွေ့ ရှိခဲ့ကြသည်။ ထို့ကြောင့် သန့်ရှင်းမှုသည် သေရေးရှင်ရေးအတွက် အလွန်အရေးပါပုံရသည်။

ယဉ်ကျေးမှုနှင့် အခြေအနေများအရ သန့်ရှင်းမှုအဆင့်အတန်း အမျိုးမျိုးရှိကြောင်း ထင်ရှားသည်။ ရေပိုက်လိုင်းစနစ် သို့မဟုတ် သန့်ရှင်းသော အညစ်အကြေးစွန့်စနစ် မရှိသော ဒေသများတွင် တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိရန် အလွန်ခက်ခဲနိုင်သည်။ သို့သော် ရှေးအစ္စရေးလူမျိုးသည် တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိရန် အခက်ခဲဆုံးအခြေအနေဖြစ်သည့် တော၌လှည့်လည်သွားလာချိန်တွင် သန့်ရှင်းမှုဆိုင်ရာညွှန်ကြားချက်များကို ဘုရားသခင် ပေးခဲ့သည်။

သန့်ရှင်းမှုသည် ဘုရားသခင်အတွက် အဘယ်ကြောင့် အရေးကြီးရသနည်း။ သန့်ရှင်းမှု နှင့်ပတ်သက်၍ အကျိုးသင့်အကြောင်းသင့်ရှိသည့်ရှုမြင်ပုံကား အဘယ်နည်း။ သင်နှင့် သင့်မိသားစုသည် ရောဂါဖြစ်ပွားမှု လျော့နည်းစေရန် အဘယ်ရိုးရှင်းသောကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်သနည်း။

ကင်မရွန်းနိုင်ငံတွင် နေထိုင်သော မက်စ်သည် ကျောင်းဆင်းပြီးနောက် အိမ်သို့ပြန်လာ၏။ * အိမ်ထဲဝင်ကာ ခွေးကိုတစ်ချက်ဖက်လိုက်ပြီး ကျောင်းလွယ်အိတ်ကို ထမင်းစားပွဲပေါ်တင်၍ ထမင်းစားရန် ဆာလောင်မွတ်သိပ်စွာ ထိုင်စောင့်နေသည်။

မီးဖိုချောင်တွင်ရှိနေသော မိခင်သည် မက်စ်ဝင်လာသည်ကို ကြားလိုက်သောကြောင့် ထမင်းပူပူနှင့် ပဲသီးဟင်းတစ်ပန်းကန် ယူလာ၏။ သို့သော် သန့်ရှင်းနေသောစားပွဲပေါ်တင်ထားသည့် ကျောင်းလွယ်အိတ်ကို တွေ့လိုက်သည်နှင့် သူ့မျက်နှာပြောင်းသွားသည်။ သားကိုကြည့်ကာ “မက်စ်” ဟုတစ်ခွန်းတည်းပြောလိုက်သည်။ သားဖြစ်သူမှာ နားလည်လိုက်ပြီး အိတ်ကို ချက်ချင်းသွားသိမ်းကာ လက်ဆေးရန် ပြေးသွားလေ၏။ ထို့နောက် ကြာရှည်စွာစောင့်ခဲ့ရသော ထမင်းပွဲရှိရာသို့ပြန်လာပြီး “သား မေ့သွားတဲ့အတွက် တောင်းပန်ပါတယ်” ဟု မရဲတရဲပြောလိုက်သည်။

ဂရုစိုက်တတ်သောမိခင်သည် ကျန်းမာသန့်ရှင်းမှုရှိစေရန် များစွာလုပ်ဆောင်နိုင်၏။ သို့သော် အိမ်သားအားလုံးက သူနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ မက်စ်၏ဖြစ်ရပ်က ဖော်ပြသည့်အတိုင်း သန့်ရှင်းမှုရှိရန် ရေရှည်လေ့ကျင့်ပေးမှု လိုအပ်သည်၊ အကြောင်းမှာ သန့်ရှင်းမှုရှိရန် မနားမနေကြိုးစားလုပ်ဆောင်ဖို့၊ သားသမီးများကိုလည်း မပြတ်သတိပေးဖို့ လိုအပ်သောကြောင့်ဖြစ်သည်။

အစားအစာသည် နည်းမျိုးစုံဖြင့် ညစ်ညမ်းသွားနိုင်ကြောင်း မက်စ်၏မိခင် သဘောပေါက်သည်။ ထို့ကြောင့် အစားအစာကို မကိုင်တွယ်မီ လက်ကို သေချာဆေးကြောရုံသာမက အစာကို ယင်မနားစေရန် ကောင်းစွာဖုံးအုပ်ထားသည်။ အစားအစာကို အမြဲဖုံးအုပ်ထားပြီး အိမ်ကိုလည်း သန့်ရှင်းသပ်ရပ်စွာထားသည့်အတွက် သူတို့အိမ်တွင် ကြွက်၊ ကြွက်စုတ်နှင့်ပိုးဟပ်ပြဿနာမရှိပေ။

မက်စ်၏မိခင်သည် သန့်ရှင်းမှုရှိစေရန် ထိုသို့သေချာဂရုစိုက်ရသည့် အဓိကအကြောင်းရင်းတစ်ခုမှာ ဘုရားသခင်၏စိတ်တော်ကို ပျော်ရွှင်စေလို၍ဖြစ်သည်။ “ဘုရားသခင်က သန့်ရှင်းတဲ့အတွက် ဘုရားသခင်ရဲ့လူမျိုးလည်း သန့်ရှင်းရမယ်လို့ ကျမ်းစာမှာပြောထားတယ်” ဟုသူဆိုသည်။ (၁ ပေတရု ၁:၁၆) “အိမ်ကိုရော၊ ကျွန်မမိသားစုကိုပါ သန့်သန့်ရှင်းရှင်းထားချင်တယ်။ ဒါပေမဲ့ အိမ်သားအားလုံး ဝိုင်းဝန်းကူညီမှပဲ အဲဒီလိုဖြစ်နိုင်မယ်” ဟုသူဆက်ပြောသည်။

မိသားစုဝင်များ၏ ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ်လိုအပ်

မက်စ်၏မိခင်သတိပြုမိသည့်အတိုင်း မိသားစုကျန်းမာသန့်ရှင်းမှုရှိနိုင်ရန် မိသားစုဝင်ယောက်တိုင်း၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ မိသားစုအချို့သည် မိမိတို့၏လိုအပ်ရာများအကြောင်း၊ အိမ်အတွင်းနှင့်အပြင် နှစ်ခုစလုံးတွင် အဘယ်အရာများအား တိုးတက်ကောင်းမွန်လာစေနိုင်ကြောင်းတို့ကို မကြာခဏ အတူတကွဆွေးနွေးကြသည်။ ယင်းက မိသားစုကို ပို၍စည်းလုံးစေပြီး မိသားစုဝင်အားလုံး၏ ကောင်းကျိုးအတွက် မိမိတို့တစ်ဦးစီလုပ်နိုင်သည့်အရာကိုလည်း အမှတ်ရစေသည်။ ဥပမာ၊ အိမ်သာတက်ပြီးတိုင်း၊ ပိုက်ဆံကဲ့သို့သောအရာများကို ကိုင်ပြီးတိုင်းနှင့် အစာစားခါနီးတိုင်း အဘယ်ကြောင့် လက်ဆေးရမည့်အကြောင်း သားသမီးအကြီးများကို မိခင်က ရှင်းပြပေမည်။ သူတို့ကတစ်ဖန် ကျန်အငယ်များ ထိုကိစ္စကို အလေးအနက်သဘောထားစေရန် ဂရုစိုက်ပေးနိုင်သည်။

မိသားစုဝင်အားလုံးကို အလုပ်တာဝန်အသီးသီး ခွဲပေးနိုင်သည်။ အပတ်တိုင်း ပုံမှန်အိမ်သန့်ရှင်းရေးလုပ်ရန်၊ တစ်နှစ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် နှံ့နှံ့စပ်စပ်သန့်ရှင်းရေးလုပ်ဖို့ ဇယားဆွဲရန် ဆုံးဖြတ်နိုင်သည်။ အိမ်အပြင်ကော မည်သို့နည်း။ အမေရိကန်ပြည်ထောင်စုမှ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင် စတီးဝပ်အယ်လ်ယူဒယ်လ်က “ကျွန်ုပ်တို့အသက်ရှင်နေသော ကမ္ဘာတွင် အလှတရားပျောက်ကွယ်ကာ ပို၍အကျည်းတန်လာနေပြီ၊ မြေနေရာလွတ်များ နည်းပါးလာနေပြီ၊ လေထုရေထုညစ်ညမ်းမှု၊ ဆူညံမှုနှင့် ယိုယွင်းမှုတို့ကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး နေ့စဉ်ထိခိုက်ပျက်စီးနေပြီ” ဟုဆိုသည်။

သင့်ပတ်ဝန်းကျင်နှင့်ပတ်သက်၍ သင်လည်း အလားတူခံစားရပါသလော။ ရှေးအချိန်က ဗဟိုအာဖရိကရှိမြို့ရွာများတွင် ရွာဆော်သည် လူတို့အာရုံစိုက်စေရန် ခေါင်းလောင်းတီး၍ ရွာသားများအား ရပ်ရွာကို သန့်ရှင်းရေးလုပ်ရန်၊ မိလ္လာပိုက်များ (မြောင်းများ) ကို ရှင်းလင်းရန်၊ သစ်ပင်များကို သပ်ရပ်စွာခုတ်ထွင်ရန်၊ ပေါင်းသင်ရန်၊ အမှိုက်များကို ကောင်းစွာစွန့်ပစ်ကြရန် အသံကျယ်လောင်စွာ ဆော်သြလေ့ရှိသည်။ ထိုဒေသရှိ အချို့မြို့များတွင် ယနေ့တိုင် ထိုသို့ပြုလုပ်ဆဲဖြစ်သည်။

အမှိုက်စွန့်ပစ်ခြင်းသည် ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်ပြီး အာဏာပိုင်များစွာသည် ယင်းကို မဖြေရှင်းနိုင်ကြပေ။ မြူနီစီပယ်အဖွဲ့အချို့သည် အမှိုက်များကို အချိန်မီမစုသိမ်းနိုင်ရာ လမ်းများပေါ်တွင် စုပုံနေတော့သည်။ သို့ဖြင့် ဝိုင်းဝန်းကူညီရန် ဒေသခံများထံ မေတ္တာရပ်ခံကြပေမည်။ ခရစ်ယာန်များသည် နိုင်ငံသားကောင်းများပီသစွာ အာဏာပိုင်တို့၏ဥပဒေများကို စောဒကမတက်ဘဲ ဦးဆုံးလိုက်နာတုံ့ပြန်ကြသည်။ (ရောမ ၁၃:၃၊ ၅-၇) ခရစ်ယာန်စစ်များသည် ယင်းတွင် ပါဝင်လုပ်အားပေးခြင်းဖြင့် မိမိတို့ထံမှတောင်းဆိုသည့်အရာထက် ပို၍လုပ်ဆောင်ပေးဖို့ တလိုတလားရှိကြပါသည်။ သူတို့သည် ဝန်းကျင်သန့်ရှင်းမှုရှိရေးကို စိတ်ဝင်စားကြပြီး ရွာဆော်များ အစဉ်ဆော်သြနေစရာပင် မလိုဘဲ အစပြုကာ သန့်ရှင်းရေးလုပ်ကြပါသည်။ သန့်ရှင်းမှုရှိခြင်းသည် ကောင်းစွာလေ့ကျင့်ခံထားရမှုနှင့် တာဝန်ယူတတ်သည့်အပြုအမူကို ထင်ဟပ်နေခြင်းဖြစ်ကြောင်း သူတို့သိနားလည်ကြသည်။ ယင်းသည် တစ်ဦးစီနှင့် မိသားစုတစ်စုစီမှ အစပြုပါသည်။ အိမ်ဝန်းကျင်ကို သန့်ရှင်းစွာထားရန်၊ သန့်ရှင်းသော အညစ်အကြေးစွန့်စနစ်ရှိရန် ရိုးရှင်းသောအရာများကို ကြိုးစားလုပ်ဆောင်ခြင်းက ကျန်းမာရေးကို ပို၍ကောင်းမွန်စေရုံမက ပတ်ဝန်းကျင်တွင်လည်း သန့်ရှင်းသပ်ရပ်သောအသွင်အပြင် ရှိစေပါလိမ့်မည်။

တစ်ကိုယ်ရေသန့်ရှင်းမှုရှိခြင်းက ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်ကို ဂုဏ်တက်စေ

သန့်ရှင်းပြီး ဣန္ဒြေရှိသော ကိုယ်အသွင်အပြင်သည် ကျွန်ုပ်တို့ဝတ်ပြုရေး၏ အစိတ်အပိုင်းဖြစ်ပြီး ယင်းကြောင့် ကျွန်ုပ်တို့ကို လူတို့ သတိပြုမိလေ့ရှိသည်။ လူငယ်အမျိုးသားအမျိုးသမီး ၁၅ ဦးခန့်ရှိသောအုပ်စုသည် ပြင်သစ်နိုင်ငံ၊ တူလူ့စ်မြို့တွင် ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးကို တက်ပြီးနောက် စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်သွားကြ၏။ သူတို့ဘေးမှ သက်ကြီးရွယ်အိုစုံတွဲတစ်တွဲက ဤလူငယ်များသည် ကျယ်လောင်စွာစကားပြောကာ မိမိတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေတော့မည်ဟု အဆိုးဆုံးကို တွေးထားကြသည်။ သို့သော် သပ်ရပ်စွာဝတ်ဆင်ထားသော ထိုလူငယ်များ၏ စည်းကမ်းရှိသောအပြုအမူနှင့် ချိုသာသောစကားပြောဟန်တို့ကြောင့် စိတ်စွဲမှတ်သွား၏။ ထိုအုပ်စုပြန်ခါနီးတွင် အဆိုပါမောင်နှံသည် သူတို့၏ကောင်းမွန်သောအမူအကျင့်ကို ချီးမွမ်းပြီး ယနေ့ခေတ်တွင် ထိုသို့သောအမူအကျင့်မှာ မရှိသလောက်ဖြစ်နေကြောင်း ပြောခဲ့သည်။

ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးများ၊ ပုံနှိပ်တိုက်များနှင့် လူနေအဆောက်အအုံများကို လည်ပတ်သူများလည်း သူတို့တွေ့မြင်ရသောသန့်ရှင်းမှုကြောင့် စိတ်စွဲမှတ်သွားလေ့ရှိကြသည်။ ထိုနေရာများတွင် နေထိုင်အလုပ်လုပ်သည့် စေတနာ့ဝန်ထမ်းများသည် သန့်ရှင်းသောအဝတ်အစားများဝတ်ကာ ယင်းတို့ကို ပုံမှန်လျှော်ဖွပ်ရပြီး ပုံမှန်ရေချိုးကြရသည်။ ကိုယ်ခန္ဓာသန့်ရှင်းမှုကို ချွေးနံ့ပျောက်ဆေးများနှင့် ရေမွှေးများဖြင့် အစားမထိုးနိုင်ပါ။ အချိန်ပြည့်အမှုဆောင်များဖြစ်သော ထိုစေတနာ့ဝန်ထမ်းများသည် ညနေပိုင်း သို့မဟုတ် သီတင်းပတ်ကုန်ရက်များတွင် အိမ်နီးချင်းများကို ဟောပြောသောအခါ သူတို့၏သန့်ရှင်းသောကိုယ်အသွင်အပြင်က သူတို့ဟောသောသတင်းတရားကို နှစ်သက်လက်ခံဖွယ်ဖြစ်စေသည်။

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့”

“ဘုရားသခင်ကျင့်တော်မူသည်နည်းတူ ကျင့်” ရန် ခရစ်ယာန်များကို တိုက်တွန်းထားသည်။ (ဧဖက် ၅:၁) “သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” ဟူသောစကားများဖြင့် ဖန်ဆင်းရှင်ကို ကောင်းကင်တမန်များ သရုပ်ဖော်ထားသည့် အဆင်းအာရုံကို ပရောဖက်ဟေရှာယမှတ်တမ်းတင်ခဲ့သည်။ (ဟေရှာယ ၆:၃) ထိုသရုပ်ဖော်ချက်က ဘုရားသခင်သည် အကြီးမြတ်ဆုံးအတိုင်းအတာဖြင့် သန့်ရှင်းစင်ကြယ်ကြောင်း အလေးပေးဖော်ပြသည်။ ထို့ကြောင့် ဘုရားသခင်၏ကျေးကျွန်အားလုံးထံမှ သန့်ရှင်းစင်ကြယ်မှုကို ကိုယ်တော်တောင်းဆိုရခြင်းဖြစ်သည်။ “ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့” ဟုသူတို့ကို ကိုယ်တော်မိန့်ဆိုသည်။—၁ ပေတရု ၁:၁၆

“ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့် . . . ကိုယ်ကိုတန်ဆာဆင်” ရန် ခရစ်ယာန်များကို ကျမ်းစာက အားပေးထားသည်။ (၁ တိမောသေ ၂:၉၊ ၁၀) ထို့ကြောင့် ကျမ်းစာပါ “စင်ကြယ်ပြောင်လက်သောပိတ်ချော” သည် သန့်ရှင်းစင်ကြယ်သည်ဟု ဘုရားသခင်ရှုမြင်သူတို့၏ ဖြောင့်မတ်သောလုပ်ဆောင်မှုများကို ပုံဆောင်သည်မှာ အံ့ဩစရာမဟုတ်ပါ။ (ဗျာ. ၁၉:၈) အခြားတစ်ဖက်တွင်မူ ကျမ်းစာတွင် အပြစ်ကို စွန်းထင်းမှု သို့မဟုတ် အညစ်အကြေးဖြင့် ပုံခိုင်းလေ့ရှိသည်။—သု. ၁၅:၂၆; ဟေရှာယ ၁:၁၆; ယာကုပ် ၁:၂၇

ယနေ့၊ လူသန်းပေါင်းများစွာသည် ခန္ဓာပိုင်း၊ ကိုယ်ကျင့်တရားပိုင်းနှင့် ဝတ်ပြုရေးပိုင်းတွင် သန့်ရှင်းနေရန် မပြတ်ရုန်းကန်ရမည့်ဒေသများတွင် မဖြစ်မနေ နေထိုင်ကြရသည်။ သို့သော် ဘုရားသခင်သည် “ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်း” ချိန်တွင် ထိုပြဿနာအဆုံးတိုင်ပါလိမ့်မည်။ (ဗျာ. ၂၁:၅) ထိုကတိတော်ပြည့်စုံလာချိန်တွင် မသန့်ရှင်းမှုမှန်သမျှ ထာဝစဉ်ပျောက်ကွယ်သွားပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အမည်ပြောင်းထားသည်။

[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]

သန့်ရှင်းမှုရှိရန် ဘုရားသခင်တောင်းဆို

အစ္စရေးလူမျိုးသည် တောတွင်လှည့်လည်နေစဉ် မစင်စွန့်ခြင်းနှင့်ပတ်သက်၍ အထူးဂရုပြုရန် သူတို့ကို ဘုရားသခင်ညွှန်ကြားခဲ့သည်။ (တရားဟောရာ ၂၃:၁၂-၁၄) တပ်စခန်း၏အရွယ်အစားမှာ ကြီးမားလှသောကြောင့် မစင်စွန့်ရန် တပ်ပြင်ထွက်ရခြင်းသည် အလွန်ပင်ပန်းငြီးငွေ့ ဖွယ်အလုပ်ဖြစ်သော်လည်း အူရောင်ငန်းဖျားနှင့် ကာလဝမ်းကဲ့သို့သောရောဂါများမှ သူတို့ကိုကာကွယ်ပေးခဲ့မည်မှာ သေချာသည်။

အသေကောင်နှင့်ထိတွေ့မိသောပစ္စည်းမှန်သမျှကို ဆေးကြောရန် သို့မဟုတ် ဖျက်ဆီးပစ်ရန် သူတို့ကို မိန့်မှာထားသည်။ ထိုသို့ မိန့်မှာရသည့် အကြောင်းရင်းကို အစ္စရေးလူတို့သိမည်မဟုတ်သော်လည်း ယင်းက ကူးစက်ရောဂါများနှင့် အခြားရောဂါများမှ သူတို့ကို ကာကွယ်ပေးခဲ့သည်။—ဝတ်ပြုရာ ၁၁:၃၂-၃၈

ယဇ်ပုရောဟိတ်များသည် တဲတော်တွင် သူတို့၏တာဝန်များကို မထမ်းဆောင်မီ ခြေလက်တို့ကို ဆေးကြောကြရသည်။ ထိုရည်ရွယ်ချက်အတွက်ထားရှိသော ကြေးဝါရေကန်တွင် ရေဖြည့်ရခြင်းမှာ လွယ်ကူမည်မဟုတ်သော်လည်း ထိုသို့ဆေးကြောခြင်းသည် မလုပ်မနေရ တောင်းဆိုချက်တစ်ခုဖြစ်သည်။ —ထွက်မြောက်ရာ ၃၀:၁၇-၂၁

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

ဆရာဝန်တစ်ဦး၏ သတိပေးချက်များ

ရေသည် အသက်အတွက် မရှိမဖြစ်အရေးပါသော်လည်း ညစ်ညမ်းသောရေသည် ဖျားနာခြင်းနှင့် သေဆုံးခြင်း၏ အခြေခံအကြောင်းရင်းဖြစ်နိုင်သည်။ ကင်မရွန်းနိုင်ငံ၊ ဒူအာလာဆိပ်ကမ်းမြို့မှ ဆေးဌာနမှူး ဒေါက်တာဂျေအမ်ဘန်ဂါလိုဘာသည် လူတွေ့မေးမြန်းခန်းတစ်ခုတွင် လက်တွေ့ကျအကြံပြုချက်အချို့ ပေးခဲ့သည်။

“သောက်ရေက သန့်ရှင်းမှုရှိမရှိ မသေချာရင် ကြိုချက်ပြီးမှသောက်ပါ။” ဤသို့လည်း သတိပေးသည်– “အစွန်းချွတ်ဆေး ဒါမှမဟုတ် တခြားဓာတုပစ္စည်းတွေကို အသုံးပြုနိုင်ပေမဲ့ အဲဒါတွေကို ကောင်းကောင်းမသိမ်းဆည်း၊ မသုံးစွဲရင် အန္တရာယ်ရှိနိုင်တယ်။ အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ အမြဲဆေးကြောပါ။ ဆပ်ပြာက သိပ်ဈေးမကြီးတဲ့အတွက် ဆင်းရဲသားတွေတောင် တတ်နိုင်ပါတယ်။ အဝတ်တွေကို မကြာခဏ လျှော်ဖွပ်ပါ၊ အရေပြားရောဂါရှိရင် ရေပူနဲ့ လျှော်ပါ။”

“အိမ်အတွင်းအပြင် သန့်ရှင်းမှုရှိဖို့ အိမ်သားအားလုံး ပူးပေါင်းဆောင်ရွက်ရမယ်။ အိမ်သာတွေကို ဂရုမစိုက်ဘဲ ပစ်ထားလေ့ရှိတဲ့အတွက် ပိုးဟပ်နဲ့ယင်ကောင်တွေရဲ့ စံမြန်းရာနေရာ အလိုအလျောက်ဖြစ်လာတယ်” ဟုဆရာဝန်ကဆက်ပြောသည်။ ကလေးများနှင့်ပတ်သက်သော အရေးကြီးသည့်အချက်ကိုလည်း သူဤသို့သတိပေး၏– “အိမ်နားက ချောင်းငယ်တွေမှာ ရေချိုးတာ အန္တရာယ်ရှိတယ်။ အဲဒီမှာ ရောဂါပိုးမွှားတွေ အပြည့်ရှိတယ်။ အိပ်ရာမဝင်ခင် ဆေးကြောသန့်စင်ပါ၊ ညဘက်မှာ သွားကို သေချာတိုက်ပါ၊ ခြင်ထောင်နဲ့ အိပ်ပါ။” အထက်ပါမှတ်ချက်အားလုံး၏ ခြုံငုံသဘောမှာ ကြိုတင်စဉ်းစားပါ၊ အရေးယူဆောင်ရွက်ပါ၊ သို့ဖြင့် ဘေးအန္တရာယ်ကိုရှောင်ပါဟူ၍ဖြစ်သည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

သင့်အဝတ်များကို လျှော်ဖွပ်ခြင်းက အရေပြားရောဂါများကို တားဆီးပေးနိုင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် မိမိတို့ပတ်ဝန်းကျင်ကို သန့်ရှင်းစေရန် အစပြုလုပ်ဆောင်ကြ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဂရုစိုက်တတ်သောမိခင်သည် အိမ်သားများ သန့်ရှင်းမှုရှိစေရန် များစွာလုပ်ဆောင်နိုင်