မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှားရှာခြင်းကြောင့် အမှန်တရားကို တွေ့ရှိခဲ့

အမှားရှာခြင်းကြောင့် အမှန်တရားကို တွေ့ရှိခဲ့

အမှားရှာခြင်းကြောင့် အမှန်တရားကို တွေ့ရှိခဲ့

အာရ်စတူးဝပ်တ်မာရှယ်လ် ပြောပြသည်

“ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်တို့ စကားမပြောဘူး၊ သူတို့က အမြဲကျမ်းစာသုံးတယ်” လို့ကက်သလစ်ဓမ္မဆရာက ပြောတယ်။ ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်တွေက ရှေ့နောက်မညီဘူးဆိုတာ ကျွန်တော့်ဇနီးကိုရှင်းပြပေးဖို့ သူ့ဆီ အခုလေးတင် အကူအညီတောင်းထားတဲ့အတွက် သူအဲဒီလိုဖြေလိုက်တော့ ကျွန်တော်အရမ်းအံ့သြမိတယ်။ ဒါနဲ့ ယေဟောဝါသက်သေတွေရဲ့အမှားကို ကျွန်တော့်ဇနီးသိအောင် ထောက်ပြနိုင်ဖို့ သူတို့နဲ့ကျမ်းစာလေ့လာမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

အဲဒီအချိန်မှာ ကျွန်တော် အသက် ၄၃ နှစ်ရှိနေပြီ၊ ကျွန်တော်တတ်သိသလောက် ဘာသာရေးနဲ့ ဆင်ခြင်တုံတရားသဘောကိုသုံးပြီး ယေဟောဝါသက်သေတွေရဲ့ သွန်သင်ချက်အမှားတွေကို ထောက်ပြဖို့ ကြိုးစားခဲ့တယ်။ မူလတန်းကနေ ကောလိပ်အထိ ကက်သလစ်ကျောင်းတွေမှာပဲ ကျွန်တော်တက်ခဲ့ရတယ်။ ၁၉၆၉ မှာ စီးပွားရေးအထူးပြုဘာသာနဲ့ ဝိဇ္ဇာဘွဲ့ရခဲ့တယ်။ ကျောင်းတက်ချိန်တစ်လျှောက်လုံးမှာ အတွေးအခေါ်ပညာနဲ့ ဘာသာရေးကိုလေ့လာတဲ့ အတန်းတွေ မဖြစ်မနေတက်ခဲ့ရပေမဲ့ ကက်သလစ်ပညာရေးတစ်ခုမှာမှ ကျမ်းစာကိုလေ့လာတာ မပါဘူး။

ကောလိပ်ကျောင်းပြီးသွားတော့ ကက်သလစ်ဘာသာဝင် ပက်ထရီရှာမက်ဂင်းနဲ့ လက်ထပ်လိုက်တယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး စတဲန်ဖော့ဒ်တက္ကသိုလ်မှာ ကျောင်းဆက်တက်ပြီး ပါရဂူဘွဲ့ရခဲ့တယ်။ ၁၉၇၇ မှာ သားလေးစတူးဝပ်တ်မွေးလာပြီး နောက်ဆုံး၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စက်ခရာမန်တိုမြို့မှာ အခြေချခဲ့ကြတယ်။ နောက် ၂၃ နှစ်လုံးလုံး ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဥပဒေအဆိုပြုမှု လေ့လာဆန်းစစ်ရေးရုံးမှာ ပြည်နယ်ပညာရေးဘတ်ဂျတ်ရဲ့ ဘဏ္ဍာရေးအခြေအနေကို လေ့လာဆန်းစစ်တဲ့အလုပ်လုပ်ခဲ့တယ်။ အလုပ်ကြိုးစားပြီး ကျေနပ်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်။ သားလေးရဲ့အဖေဖြစ်ရတာကိုလည်း ကျွန်တော်သိပ်ဂုဏ်ယူမိတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ချစ်ဇနီး တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိထောက်မခဲ့ကြတယ်။

၂၅ ပြားတန်အဖြေ

သားလေးနှစ်နှစ်အရွယ်မှာ ပက်ထရီရှာက ယေဟောဝါသက်သေတွေဆီကနေ ကျမ်းစာတစ်အုပ်ရလာပြီး သူတို့နဲ့ ကျမ်းစာစလေ့လာတော့တယ်။ သုံးနှစ်ကြာတော့ နှစ်ခြင်းခံလိုက်တယ်။ ယေဟောဝါသက်သေတွေက အားလပ်ရက်ပွဲတော်တွေနဲ့ သွေးသွင်းတဲ့ကိစ္စတွေမှာ သိပ်သဘောထားသေးတယ်လို့ ထင်ပေမဲ့ တချို့ကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ကျိုးကြောင်းဆင်ခြင်မှုက မှန်တယ်ဆိုတာ ကျွန်တော်သိလာတယ်။ ၁၉၈၇ ခုနှစ်ရဲ့တစ်ရက်မှာ ပြည်နယ်ဥပဒေပြုလွှတ်တော်ဆီတင်ထားတဲ့ ကျွန်တော့်ထောက်ခံချက်တစ်ခုကို ဥပဒေအဆိုပြုပညာရေးကော်မတီရဲ့ အထူးအစည်းအဝေးမှာ အတည်ပြုပြောဆိုဖို့ ဆင့်ခေါ်ခံရတယ်။ အဲဒီမှာ ကျွန်တော့်အမြင်ကို လူသိရှင်ကြားထုတ်ပြောခဲ့လို့ ကျွန်တော်သိပ်အံ့သြမိတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ဒေါ်လာသန်းခြောက်ထောင်ကုန်ကျမယ့် စီမံကိန်းကို တခြားပြည်နယ်တွေနဲ့ ယှဉ်ပြိုင်အနိုင်ရချင်တယ်။ အဲဒီစီမံကိန်းက အက်တမ်အမှုန်တွေကို လေ့လာနိုင်မယ့် ဧရာမသိပ္ပံအဆောက်အအုံတစ်ခု ဆောက်လုပ်ဖို့ပဲ။ ဒီစီမံကိန်းက ပြည်နယ်ရဲ့ဘဏ္ဍာရေးအခြေအနေကို ထူးထူးခြားခြားအကျိုးပြုမှာမဟုတ်ဘူးလို့ ပြောပြပြီး အဲဒီလောက်ငွေကို အကုန်အကျမခံဖို့ ကျွန်တော်ကန့်ကွက်ခဲ့တယ်။ ဒါနဲ့ တက္ကသိုလ်က ဥပဒေပြုလွှတ်တော်ရှေ့ အတည်ပြုပြောဆိုပေးဖို့ ရူပဗေဒနယ်ပယ်မှာ နိုဘယ်လ်ဆုရတဲ့ သိပ္ပံပညာရှင်နှစ်ယောက်ကို ဆင့်ခေါ်လိုက်တယ်။ ဒီစီမံကိန်းက သိပ္ပံပညာရှင်တွေကို ဘယ်လိုထောက်ကူပေးနိုင်မယ်ဆိုတဲ့အကြောင်း သူတို့ရှင်းပြကြတယ်။ စကြဝဠာရဲ့အစနဲ့ပတ်သက်ပြီးတော့တောင် အဖြေရနိုင်မယ်လို့ တစ်ယောက်ကပြောတယ်။ နောက်တစ်ယောက်ကျတော့ ကမ္ဘာဂြိုဟ်ပေါ်မှာ သက်ရှိတွေ ဘယ်လိုအစပြုတည်ရှိလာတယ်ဆိုတာကို သိလာနိုင်မယ်လို့ ပြောတယ်။

ဒါနဲ့ ကော်မတီသဘာပတိက ကျွန်တော့်ဘက်ပြန်လှည့်လာတယ်။

“အဲဒီမေးခွန်းတွေရဲ့အဖြေရဖို့ ဒေါ်လာသန်းခြောက်ထောင်က များလွန်းတယ်လို့ ခင်ဗျားထင်သလား” ဆိုပြီး ကျွန်တော့်ကိုမေးတယ်။

“အဲဒီမေးခွန်းတွေက သိပ်အရေးကြီးတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ယေဟောဝါသက်သေတွေက စနေနေ့မနက်တိုင်း ကျွန်တော့်အိမ်တံခါးဝကိုလာပြီး အဲဒီမေးခွန်းတွေရဲ့အဖြေပါတဲ့ မဂ္ဂဇင်းကို အလှူငွေ ၂၅ ပြားနဲ့ဝေငှကြတယ်။ ဒီစီမံကိန်းကနေ ရကောင်းရမယ့် ဒေါ်လာသန်းခြောက်ထောင်တန်အဖြေက အဲဒီ ၂၅ ပြားတန်အဖြေထက် ပိုမှန်မလားဆိုတာတော့ ကျွန်တော်မသေချာဘူး” လို့ပြန်ပြောလိုက်တယ်။

နိုဘယ်လ်ဆုရသိပ္ပံပညာရှင်နှစ်ယောက်အပါအဝင် အခန်းထဲမှာရှိတဲ့သူအားလုံး ဝါးခနဲပွဲကျသွားတယ်။ ဥပဒေပြုလွှတ်တော်က ဒီစီမံကိန်းအတွက် ငွေအကုန်အကျခံဖို့ကိစ္စကို ခွင့်ပြုလိုက်ပေမဲ့ ကျွန်တော်ပြောတာကိုတော့ ဘယ်သူမှ မဆန့်ကျင်ကြဘူး။

ဒီလိုနဲ့အချိန်ကြာလာတော့ အိမ်ကအခြေအနေကို တိုးတက်အောင်လုပ်ဖို့လိုပြီဆိုတာ ကျွန်တော်သိလာတယ်။ ကျမ်းစာနဲ့ ယေဟောဝါသက်သေတွေအကြောင်း ပက်ထရီရှာနဲ့ ခြောက်နှစ်လောက်ဆွေးနွေးပြီးတဲ့နောက် သူက ခရစ်ယာန်ဓမ္မအမှုမှာ အချိန်ပိုပေးချင်လာတဲ့အတွက် ကျွန်တော်စိတ်ပျက်မိတယ်။ အဲဒီလိုအချိန်ပိုပေးနိုင်ဖို့ တက္ကသိုလ်ကအလုပ်ချိန်ကို လျှော့ချဖို့လိုလာလိမ့်မယ်။ ဒီလောက်စဉ်းစားဉာဏ်ရှိတဲ့သူတစ်ယောက်မှာ ဘာကြောင့် ဒီလိုပန်းတိုင်မျိုးရှိရတာလဲ။ သူ့စိတ်ကို ဘယ်လိုမှ ပြောင်းလို့ရမယ်တော့မထင်ဘူး။

ဒါကြောင့် ကျွန်တော့်ထက် ကျမ်းစာအသိပညာပိုများပြီး ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာသွန်သင်ချက်တွေရဲ့ ရှေ့နောက်မညီမှုကို ကောင်းကောင်းထောက်ပြနိုင်မယ်လို့ ကျွန်တော်ထင်တဲ့သူဆီ အကူအညီတောင်းဖို့ စဉ်းစားခဲ့တယ်။ သူတို့ရဲ့သွန်သင်ချက်တစ်ခုကိုပဲ မှားတယ်လို့ထောက်ပြနိုင်မယ်ဆိုရင် တခြားသွန်သင်ချက်တွေကိုလည်း သံသယဝင်စရာဖြစ်လာလိမ့်မယ်။ ကျွန်တော့်ဇနီးရဲ့ သင်္ချာဦးနှောက်အတွက် ကျွန်တော်လိုချင်တာ အဲဒီတစ်ခုလေးပါပဲ။ ဒါနဲ့ ပက်ထရီရှာနဲ့ကျွန်တော်တို့ အရင်ကတက်ဖူးတဲ့ချာ့ခ်ျက ကက်သလစ်ဓမ္မဆရာတစ်ယောက်ကို ဆက်သွယ်လိုက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆွေးနွေးမှုက ဒီဆောင်းပါးအစပိုင်းမှာပြောသလို နိဂုံးချုပ်ခဲ့တယ်။ ဓမ္မဆရာက ကျွန်တော့်ဇနီးနဲ့ဆွေးနွေးဖို့ ငြင်းလိုက်တဲ့အတွက် ကျွန်တော်ပဲ သက်သေခံတွေရဲ့အမှားကိုရှာပြီး ထောက်ပြရတော့မှာပေါ့၊ အဲဒီလိုလုပ်ဖို့ အချိန်တော့နည်းနည်းထပ်ကြာလိမ့်မယ်။

အမှားရှာပုံတော်

သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော်သဘောအကျဆုံးကတော့ ကျမ်းစာပရောဖက်ပြုချက်ပဲ။ ဗာဗုလုန်မကျဆုံးခင် အနှစ် ၂၀၀ နီးပါးမှာ အဲဒီအကြောင်း အသေးစိတ်ရေးထားတဲ့ ဟေရှာယပရောဖက်ပြုချက်ကို ကျွန်တော်ဖတ်ရတယ်။ အောင်နိုင်မယ့်သူ ကုရုရဲ့အမည်ကိုသာမက ဗာဗုလုန်ကိုအောင်နိုင်ဖို့ ဥဖရတ်မြစ်ရေကို လွှဲလိုက်မယ့်ဗျူဟာအကြောင်းကိုပါ ဖော်ပြထားတယ်။ (ဟေရှာယ ၄၄:၂၇–၄၅:၄) အစောပိုင်းနှစ်တွေတုန်းက စစ်ဗျူဟာသင်တန်းမှာ ဗာဗုလုန်ကျဆုံးတဲ့အကြောင်း ကျွန်တော်လေ့လာခဲ့ရတယ်။ ပရောဖက်ဒံယေလကလည်း တန်ခိုးအာဏာကြီးမားတဲ့ ဂရိဘုရင်အကြောင်း၊ သူသေဆုံးပြီးနောက် သူ့နိုင်ငံဟာ တန်ခိုးအာဏာသိပ်မကြီးတော့တဲ့ နိုင်ငံလေးခုအဖြစ် ကွဲပြားသွားမယ်ဆိုတဲ့အကြောင်းအသေးစိတ်ကို အနှစ် ၂၀၀ ကျော်လောက် ကြိုဟောခဲ့တယ်ဆိုတာလည်း သိရပြန်တယ်။ (ဒံယေလ ၈:၂၁၊ ၂၂) ရှေးခေတ်သမိုင်းအကြောင်း လေ့လာတုန်းကသိခဲ့ရတဲ့ မဟာအလက်ဇန္ဒားနဲ့ပတ်သက်တဲ့ အဲဒီအကြောင်းကို ကျွန်တော်မှတ်မိတယ်။ အကိုးအကားစာအုပ်တွေမှာ ကိုယ်တိုင်ရှာဖွေလေ့လာကြည့်လိုက်တော့ ကျမ်းစာထဲက အဲဒီကျမ်းစောင်တွေကို သူတို့ကြိုဟောထားတဲ့အဖြစ်အပျက်တွေ မတိုင်မီမှာ တကယ်ရေးသားခဲ့တယ်ဆိုတာ သိလာတယ်။

သက်သေခံတွေနဲ့ ကျမ်းစာလေ့လာလေ ကျမ်းစာက ဘုရားသခင့်နှုတ်မြွက်တော်ဖြစ်တယ်ဆိုတာ သိလာရလေပဲ။ ကက်သလစ်ဘာသာရေးကို လေ့လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ တစ်ခါမှ အဲဒီလိုမဖြစ်ခဲ့ဘူး။ အခု ဒီအသိပညာနဲ့ ကျွန်တော်ဘာလုပ်ရမလဲ။ ကျွန်တော့်အသက်တာကို ယေဟောဝါဆီအပ်နှံပြီး ကိုယ်တော့်ရဲ့သက်သေတစ်ယောက်ဖြစ်လာဖို့ ဆုံးဖြတ်လိုက်တယ်။ (ဟေရှာယ ၄၃:၁၀) ဓမ္မဆရာနဲ့စကားပြောပြီး နောက်နှစ်နှစ်ဖြစ်တဲ့ ၁၉၉၁ မှာပဲ ကျွန်တော်နှစ်ခြင်းခံလိုက်တယ်။ နောက်နှစ်မှာ ကျွန်တော့်သား နှစ်ခြင်းခံတယ်။

ဘဝမှာ ဘာကို အဓိကထားရမယ်ဆိုတာသိလာတဲ့အတွက် ကျွန်တော်တို့ရဲ့မိသားစုပန်းတိုင်တွေကို ပြောင်းလဲခဲ့ကြတယ်။ ကျွန်တော်နှစ်ခြင်းခံပြီး ဦးဆုံးလုပ်တဲ့အရာကတော့ ကျွန်တော့်ဇနီး အသက် ၅၀ ပြည့်မယ့် နောက်ငါးနှစ်မှာ တက္ကသိုလ်ဆရာအလုပ်ကနေ သူထွက်နိုင်ဖို့ လိုအပ်တဲ့အရာတွေကို စီစဉ်တာပဲဖြစ်တယ်။ တခြားသူတွေကို ကျမ်းစာအမှန်တရားအကြောင်း သင်ပေးတဲ့နေရာမှာ အဲဒီတုန်းက တစ်နှစ်ကို နာရီ ၁,၀၀၀၊ တစ်လကို ၈၃ နာရီလောက် အချိန်ပေးရတဲ့ ရှေ့ဆောင်ဓမ္မအမှုမှာ သူပါဝင်ချင်တယ်။ ၁၉၉၄ ရောက်တော့ ရှေ့ဆောင်လုပ်နိုင်ဖို့ သူ့အလုပ်ချိန်ကို လျှော့ချလိုက်တယ်။ ကျွန်တော့်ရဲ့ ဦးဆုံးပန်းတိုင်တွေကတော့ ဓမ္မအမှုမှာ တိုးတက်ဖို့၊ အသင်းတော်မှာ တတ်နိုင်သလောက် ကူညီပေးဖို့၊ ဒေသအတွင်းမှာရှိတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမတွေ ဆောက်လုပ်ရေးအတွက် စာရင်းကိုင်အဖြစ် စေတနာ့ဝန်ထမ်းလုပ်ပေးဖို့ပါပဲ။

တစ်ခါက၊ အလုပ်မှာ ကျမ်းစာအကြောင်းဆွေးနွေးဖို့ အခွင့်အရေးရတယ်။ ကျွန်တော်တို့ရဲ့ ဘတ်ဂျတ်လေ့လာဆန်းစစ်မှုဌာနကို ရောက်လာတဲ့ ဝန်ထမ်းအသစ်က ယုံကြည်ခြင်းအားနည်းသွားတဲ့ သက်သေခံတစ်ယောက်ဖြစ်နေမှန်း သိလိုက်ရတယ်။ ကျမ်းစာကို သံသယဝင်တဲ့အတွက် ဒီအမျိုးသမီးရဲ့ယုံကြည်ခြင်း အားနည်းခဲ့တယ်။ ယေဟောဝါနဲ့ရင်းနှီးတဲ့ဆက်ဆံရေး ပြန်ရှိလာဖို့ သူ့ကိုကူညီပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော်သိပ်ဝမ်းသာမိတယ်။ သူက အခုဆို အရင်ကလိုပြန်ဖြစ်လာပြီး ရှေ့ဆောင်စလုပ်နေပြီ။

၁၉၉၅ မှာ အစိုးရထောက်ပံ့တဲ့ သုတေသနတစ်ခုအကြောင်း ကြားနာတဲ့ ဥပဒေအဆိုပြုပညာရေးကော်မတီရဲ့ အထူးအစည်းအဝေးကို ကျွန်တော်တက်ခဲ့တယ်။ ကော်မတီသဘာပတိက သိပ္ပံအဆောက်အအုံစီမံကိန်း ဘာဖြစ်သွားပြီလဲလို့ အစိုးရအဖွဲ့ရဲ့ကိုယ်စားလှယ်ကိုမေးတယ်။ အဲဒီစီမံကိန်းကို တက္ကဆက်ပြည်နယ်က အနိုင်ရရှိသွားပေမဲ့ အကြောင်းရင်းသုံးခုကြောင့် လုံးဝမပြီးပြတ်ခဲ့ဘူးလို့ အစိုးရအရာရှိကပြန်ဖြေတယ်။ ပထမအကြောင်းရင်းက စီမံကိန်းမစခင်မှာပဲ ကုန်ကျစရိတ်က ဒေါ်လာသန်းခြောက်ထောင်ကနေ ကိုးထောင်အထိ ခုန်တက်သွားတဲ့အတွက်ဖြစ်တယ်။ ဒုတိယကတော့ အစိုးရက ငွေကို ၁၉၉၁ အီရတ်စစ်ပွဲအတွက်ပဲ ပိုအသုံးပြုချင်တဲ့အတွက်ဖြစ်တယ်။ တတိယကတော့ အသက်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို ယေဟောဝါသက်သေတွေဆီကနေ ၂၅ ပြားတည်းနဲ့ ရနိုင်တယ်ဆိုတာ သူတို့သိသွားလို့ပဲ။ ကျွန်တော်အစကပြောခဲ့တဲ့စကား ပျံ့သွားပြီး အခုအဲဒါကို သူပြန်ပြောပုံပဲ။

အားလုံးရယ်နေတဲ့အချိန်မှာ ကော်မတီဝင်တချို့က ကျွန်တော့်ကိုလှမ်းကြည့်တယ်။ ဒါနဲ့ “သူတို့ရဲ့စာပေတွေကိုသာဖတ်မယ်ဆိုရင် အဖြေကို အခု အလကားရနိုင်ပြီ” လို့ကျွန်တော်ထပ်ပြောလိုက်တယ်။

အဓိပ္ပာယ်ပြည့်ဝသော ကျေနပ်ပျော်ရွှင်ဖွယ်ဘဝ

ကျွန်တော့်ဇနီး အလုပ်ထွက်လိုက်တာနဲ့ ကျွန်တော့်အတွက် ငါးနှစ်စီမံကိန်းကို ထပ်ဆွဲလိုက်တယ်။ တခြားသူတွေကို ကျမ်းစာအမှန်တရားသင်ပေးတဲ့နေရာမှာ အချိန်ပိုပေးချင်တဲ့အတွက် တခြားအေဂျင်စီတွေမှာ အချိန်ပိုင်းအလုပ်ရှိမရှိ မသိမသာစုံစမ်းခဲ့တယ်။ မမျှော်လင့်ဘဲ ကျွန်တော့်ရုံးက အလုပ်ချိန်လျှော့လုပ်ဖို့ အခွင့်အရေးပေးလာတယ်။ ဒါကြောင့် ၁၉၉၈ မှာ ကျွန်တော်လည်း ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။

တစ်မနက်မှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော် အမှုဆောင်သွားဖို့ ပြင်ဆင်နေတုန်း နယူးယောက်မြို့၊ ဘရွတ်ကလင်မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကနေ ဖုန်းဝင်လာတယ်။ ဖုန်းခေါ်တဲ့သူက ဌာနခွဲရုံးမှာ အလုပ်လုပ်ချင်တဲ့ အထူးအရည်အချင်းတွေရှိတဲ့ ညီအစ်ကိုညီအစ်မတွေကို စုံစမ်းနေတဲ့အကြောင်းပြောပြပြီး ဘရွတ်ကလင်က စီမံကိန်းတစ်ခုမှာ လုပ်ချင်သလားလို့ ကျွန်တော့်ကိုမေးတယ်။ လုပ်ချင်ပါတယ်လို့ ချက်ချင်းပဲ ဖြေလိုက်တယ်။ ဒီလိုနဲ့ ဌာနချုပ်မှာ ၁၈ လကြာ အလုပ်လုပ်ဖြစ်သွားတယ်။ စီမံကိန်းကိုလက်စသတ်နိုင်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့အလုပ်ကနေ စောစောနုတ်ထွက်လိုက်တယ်။ စီမံကိန်းပြီးတဲ့နောက် ကယ်လီဖိုးနီးယားပြည်နယ်၊ ဖဲရ်ဖီးလ်က ယေဟောဝါသက်သေတွေရဲ့စည်းဝေးပွဲခန်းမ ဆောက်လုပ်ရေးမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်အားပေးခဲ့တယ်။ စက်ခရာမန်တိုမြို့ကအိမ်ကို ရောင်းလိုက်ပြီး ပါလိုအယ်လ်တိုမြို့က တိုက်ခန်းကျဉ်းလေးကို ပြောင်းရွှေ့ခဲ့တယ်။ စောစောအလုပ်ထွက်လိုက်တဲ့အတွက် ကောင်းချီးတွေ ထပ်ရလာတယ်။ အဲဒီအချိန်ကစပြီး နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ ကနေဒါ၊ ဗြိတိန်နဲ့ဂျာမနီမှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေက စီမံကိန်းတွေမှာ လုပ်နိုင်ခဲ့တယ်။

ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့ သက်သေခံတွေလိုပဲ ကျွန်တော့်ဇနီးနဲ့ကျွန်တော်လည်း အခုဆို တခြားသူတွေ ကျမ်းစာအမှန်တရားအကြောင်းသိလာအောင် ကူညီပေးရလို့ သိပ်ဝမ်းမြောက်နေကြတယ်။ ကျွန်တော့်အဆင့်မြင့်ပညာရေးတွေအားလုံးထဲမှာ ယေဟောဝါဆီကရတဲ့ ပညာရေးကသာ ကျွန်တော့်ကို အကျိုးအပြုဆုံးပဲလို့ တကယ်ခံစားရတယ်။ အကြောင်းအရာမျိုးစုံကို နားလည်နိုင်တဲ့နည်းနဲ့သင်ပေးတဲ့နေရာမှာ ဒီပညာရေးက ကမ္ဘာပေါ်က တခြားပညာရေးအားလုံးထက် အကောင်းဆုံးပါပဲ။ လူတွေရဲ့စိတ်နှလုံးကို ထိမိစေတဲ့နည်းနဲ့ ကျမ်းစာအမှန်တရား သင်ပေးနိုင်ဖို့ ယေဟောဝါဟာ မိမိရဲ့သက်သေတွေကို လေ့ကျင့်ပေးနေပါတယ်။ ဒီအချက်က ဆက်သင်ယူဖို့ ကျွန်တော့်ကိုလှုံ့ဆော်ပေးတယ်။ ကျွန်တော်တို့ရဲ့လက်ရှိအသက်တာအတွက်၊ ကျွန်တော်တို့ရဲ့ပညာရေးကိုသုံးပြီး စကြဝဠာပိုင်သအုပ်စိုးရှင် ယေဟောဝါဘုရားသခင်ရဲ့ အမှုတော်ကိုထမ်းခွင့်ရတဲ့အတွက် ကျွန်တော့်ဇနီးနဲ့ကျွန်တော် ကျေးဇူးတင်လို့မဆုံးပါဘူး။

[စာမျက်နှာ ၂၇ ပါ အကြောင်းအရာအကျဉ်း]

သက်သေခံတွေနဲ့ ကျမ်းစာလေ့လာတဲ့အခါ ကျွန်တော်သဘောအကျဆုံးကတော့ ကျမ်းစာပရောဖက်ပြုချက်ပဲ

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ကျွန်တော်တို့လက်ထပ်သည့်နေ့တွင် ပက်ထရီရှာနှင့်အတူ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ကျမ်းစာအမှန်တရားအကြောင်း အခြားသူများသိလာရန် ကျွန်တော်တို့ ပျော်ရွှင်စွာကူညီပေးနေ