မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါ၏

သင့်ကို လှိုက်လှဲစွာ ဖိတ်ခေါ်ပါ၏

သင်သည် သင့်ဒေသရှိ ယေဟောဝါသက်သေများ၏ ဝတ်ပြုရာခန်းမရှေ့မှ ဖြတ်သွားဖူးပေမည်၊ ထိုတွင် သူတို့ အဘယ်အရာများ လုပ်ဆောင်ကြကြောင်းလည်း တွေးမိဖူးပေမည်။ သူတို့၏ ပတ်စဉ်အစည်းအဝေးများကို မည်သူမဆို တက်ရောက်နိုင်ကြောင်း သင်သိပါသလော။ ဧည့်သည်များကို သူတို့ လှိုက်လှဲစွာ ကြိုဆိုကြပါသည်။

သို့သော် သင့်တွင် မေးစရာများ ရှိပေမည်။ ယေဟောဝါသက်သေများသည် အဘယ်ကြောင့် အတူတကွ စည်းဝေးကြသနည်း။ ထိုအစည်းအဝေးများတွင် အဘယ်အရာများ လုပ်ဆောင်ကြသနည်း။ ယေဟောဝါသက်သေမဟုတ်သော ဧည့်သည်များသည် ထိုအစည်းအဝေးများနှင့်ပတ်သက်၍ အဘယ်အရာ ပြောဆိုကြသနည်း။

‘လူတို့ကို စုဝေးစေကြလော့’

ရှေးအချိန်မှစ၍ လူတို့သည် ဘုရားသခင်ကို ဝတ်ပြုရန်နှင့် ကိုယ်တော့်အကြောင်း သင်ယူရန် အတူတကွ စုဝေးခဲ့ကြသည်။ လွန်ခဲ့သောနှစ်ပေါင်း ၃,၅၀၀ နီးပါးတွင် အစ္စရေးလူမျိုးကို ဘုရားသခင် ဤသို့မိန့်မှာ၏– ‘ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တစ်ပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့် သင်တို့၏.. .ဘုရားသခင် ယေဟောဝါကို ကြောက်ရွံ့၍ ဤပညတ်တရားစကား အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။’ (တရားဟောရာ ၃၁:၁၂) ထို့ကြောင့် အစ္စရေးနိုင်ငံတွင် လူကြီးလူငယ်အားလုံးသည် ယေဟောဝါဘုရားသခင်ကို ဝတ်ပြုပြီး နာခံရန် သင်ကြားခံခဲ့ရသည်။

နှစ်ပေါင်း ၁,၅၀၀ ခန့် ကုန်လွန်ပြီးနောက် ခရစ်ယာန်အသင်းတော် တည်ထောင်လာချိန်တွင်လည်း အစည်းအဝေးများသည် စစ်မှန်သောဝတ်ပြုရေး၏ အရေးကြီးသောကဏ္ဍ ဖြစ်နေဆဲပင်။ “မေတ္တာစိတ်ရှိ၍ အကျင့်ကောင်းများ ကျင့်စေရန် တိုက်တွန်းနှိုးဆော်နိုင်မည်အကြောင်း အချင်းချင်း ထောက်ထားစာနာကြစို့။ လူအချို့၏ ထုံးစံရှိသည့်အတိုင်း အတူတကွ စည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်။ အချင်းချင်း အားပေးကြလော့” ဟု တမန်တော်ပေါလု ရေးခဲ့သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) မိသားစုဝင်များသည် အချိန်ကို အတူတကွ အသုံးပြုပါက မိသားစုနှောင်ကြိုး ခိုင်မာလာသကဲ့သို့ ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်လိုသည့် ခရစ်ယာန်များလည်း ဝတ်ပြုရေးအတွက် အတူတကွ စုဝေးသည့်အခါ သူတို့၏မေတ္တာနှောင်ကြိုး ခိုင်မာလာသည်။

ကျမ်းစာပါ ထိုအစဉ်အလာများနှင့်အညီ ယေဟောဝါသက်သေများသည် သူတို့၏ ဝတ်ပြုရာခန်းမများတွင် တစ်ပတ်လျှင် နှစ်ကြိမ် အတူတကွ စည်းဝေးကြပါသည်။ ထိုအစည်းအဝေးများသည် တက်ရောက်လာသူများအား သမ္မာကျမ်းစာမူများကို သိနားလည်လာကာ တန်ဖိုးထားလေးမြတ်ပြီး လက်တွေ့ကျင့်သုံးဖို့ ကူညီပေးသည်။ ကမ္ဘာတစ်ဝန်းလုံးတွင် အစည်းအဝေး အစီအစဉ်များသည် များသောအားဖြင့် တစ်ညီတည်းဖြစ်ပြီး အစည်းအဝေး တစ်ခုစီတွင် ရည်ရွယ်ချက်တစ်ခုစီ ရှိသည်။ အစည်းအဝေးမစမီနှင့် ပြီးနောက်တွင် တက်ရောက်သူများသည် တည်ဆောက်မှုဖြစ်စေသော စကားများဖြင့် “အပြန်အလှန် အားပေး” ကြသည်။ (ရောမ ၁:၁၂) ထိုအစည်းအဝေးများတွင် အဘယ်အရာများ လုပ်ဆောင်ကြသနည်း။

ကျမ်းစာ ဟောပြောချက်

ကျမ်းစာ ဟောပြောချက်

လူအများစု တက်ရောက်သော ပထမအစည်းအဝေးမှာ လူထုအတွက် ရည်ရွယ်ထားသည့် ကျမ်းစာ ဟောပြောချက်တစ်ခုဖြစ်ပြီး များသောအားဖြင့် သီတင်းပတ်ကုန်ရက်တွင် ကျင်းပလေ့ရှိသည်။ ယေရှုခရစ်လည်း လူထုဟောပြောချက်များ ပေးလေ့ရှိသည်၊ ယင်းတို့တွင် အကျော်ကြားဆုံးမှာ တောင်ပေါ်တရားတော် ဖြစ်သည်။ (မဿဲ ၅:၁။ ၇:၂၈၊ ၂၉) တမန်တော်ပေါလုသည် အေသင်မြို့သားတို့ကို ဟောခဲ့၏။ (တမန်တော် ၁၇:၂၂-၃၄) ထိုနည်းအတိုင်းပင် ယေဟောဝါသက်သေများ၏ အစည်းအဝေးများတွင် အများပြည်သူတို့အတွက် အထူးရည်ရွယ်ထားသည့် ဟောပြောချက်တစ်ခုကို တင်ဆက်သည်။ ထိုသူတို့မှ အချို့မှာ ဦးဆုံးအကြိမ် တက်ရောက်လာသူများ ဖြစ်ပေမည်။

ယေဟောဝါအား ချီးမွမ်းကျူးဧခြင်းဟူသော သီချင်းစာအုပ်မှ သီချင်းတစ်ပုဒ်ဖြင့် အစည်းအဝေးကို စတင်ကျင်းပပါသည်။ * မတ်တတ်ရပ်ပြီး သီချင်းဆိုလိုသူအားလုံးကို ထိုသို့ပြုရန် ဖိတ်ခေါ်ပါသည်။ အတိုချုပ်ဆုတောင်းပြီးနောက် အရည်အချင်းရှိ ဟောပြောသူတစ်ဦးသည် မိနစ် ၃၀ ကြာဟောပြောချက်တစ်ခု တင်ဆက်ပါသည်။ (“လူထုအတွက် လက်တွေ့ကျသော ဟောပြောချက်များ” ဟူသော လေးထောင့်ကွက်ကို ကြည့်ပါ။) သူ၏ဟောပြောချက်သည် ကျမ်းစာကိုသာ အဓိက အခြေခံပါသည်။ ဟောပြောသူသည် ပရိသတ်အား သက်ဆိုင်သော ကျမ်းချက်များကို ဖွင့်ပြီး မိမိနှင့်အတူ လိုက်ဖတ်ရန် မကြာခဏ ဖိတ်ခေါ်ပါသည်။ ထို့ကြောင့် သင်၏ကိုယ်ပိုင် ကျမ်းစာတစ်အုပ်ကို ယူသွားနိုင်သည် သို့မဟုတ် အစည်းအဝေးမစမီ ယေဟောဝါသက်သေများထံမှ ကျမ်းစာတစ်အုပ် တောင်းဆိုနိုင်ပါသည်။

ကင်းမျှော်စင် သင်တန်း

“ကင်းမျှော်စင်” သင်တန်း

ယေဟောဝါသက်သေများ၏ အသင်းတော်အများစုတွင် လူထုဟောပြောချက်ပြီးနောက် ကင်းမျှော်စင် သင်တန်းကို ဆက်ကျင်းပပါသည်။ ယင်းသည် ကျမ်းစာအကြောင်းအရာတစ်ခုကို တစ်နာရီကြာ မေးဖြေ ဆွေးနွေးခြင်း ဖြစ်သည်။ ထိုအစည်းအဝေးက တက်ရောက်သူများအား “အလွန်ကြည်ဖြူလိုလားသောစိတ်နှင့် တရားစကားတော်ကို ခံယူ၍ . . . ကျမ်းစာကို စေ့စေ့ဆန်းစစ်” ခဲ့ကြသော ပေါလုခေတ်မှ ဗေရိမြို့သားများနည်းတူ ပြုလုပ်ရန် လှုံ့ဆော်ပေးပါသည်။—တမန်တော် ၁၇:၁၁

ကင်းမျှော်စင် သင်တန်းကို သီချင်းတစ်ပုဒ်ဖြင့် စတင်ပါသည်။ ထိုတွင်ဆွေးနွေးသော အကြောင်းအရာနှင့် သင်တန်းမှူး မေးသော မေးခွန်းများသည် ဤမဂ္ဂဇင်း၏ လေ့လာရန်စာစောင်တွင် ပါရှိသည်။ ယေဟောဝါသက်သေတစ်ဦးထံမှ လေ့လာရန်စာစောင်တစ်စောင် ရရှိနိုင်ပါသည်။ မကြာသေးမီက လေ့လာခဲ့သော အကြောင်းအရာများတွင် “မိဘတို့—သင်တို့၏ သားသမီးကို မေတ္တာဖြင့် လေ့ကျင့်ပေးပါ၊” “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်၊” “ဆင်းရဲခက်ခဲမှုအားလုံး အဆုံးတိုင်လုနီးသည့် အကြောင်းရင်း” စသည်တို့ ဖြစ်သည်။ ထိုအစည်းအဝေးသည် မေးဖြေဆွေးနွေးခန်းဖြစ်သော်လည်း ပရိသတ်မှ မည်သူမဆို စိတ်လိုကိုယ်လျောက် ပါဝင်ဖြေဆိုနိုင်သည်။ များသောအားဖြင့် ဆောင်းပါးနှင့် ညွှန်းထားသော ကျမ်းချက်များကို ကောင်းစွာဖတ်ရှုကာ တွေးတောဆင်ခြင်ထားသူတို့က မှတ်ချက်ပေးလေ့ရှိသည်။ အစည်းအဝေးကို သီချင်းတစ်ပုဒ်နှင့် ဆုတောင်းချက်ဖြင့် နိဂုံးချုပ်သည်။—မဿဲ ၂၆:၃၀။ ဧဖက် ၅:၁၉

အသင်းတော် ကျမ်းစာလေ့လာမှု

အသင်းတော် ကျမ်းစာလေ့လာမှု

ယေဟောဝါသက်သေများသည် သီတင်းပတ်တိုင်း၏ တစ်ညနေတွင် ၁ နာရီနှင့် ၄၅ မိနစ်ကြာသော အပိုင်းသုံးပိုင်းပါ အစည်းအဝေးအတွက် သူတို့၏ဝတ်ပြုရာခန်းမတွင် စုဝေးကြပြန်သည်။ ပထမပိုင်းမှာ အသင်းတော် ကျမ်းစာလေ့လာမှုဖြစ်ပြီး ၂၅ မိနစ်ကြာသည်။ ယင်းသည် တက်ရောက်သူများအား ကျမ်းစာနှင့် အကျွမ်းတဝင်ဖြစ်လာရန်၊ မိမိတို့အတွေးအခေါ်နှင့် သဘောထားများကို ပြုပြင်တည့်မတ်ရန်၊ ခရစ်တော်၏တပည့်များအဖြစ် တိုးတက်လာရန် ကူညီပေးသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ထိုအစည်းအဝေးတွင် ကင်းမျှော်စင် သင်တန်းနည်းတူ ကျမ်းစာအကြောင်းအရာတစ်ခုကို မေးဖြေဆွေးနွေးသည်။ မှတ်ချက်များပေးလိုပါက စိတ်လိုကိုယ်လျောက် ပါဝင်နိုင်သည်။ ယေဟောဝါသက်သေများ ထုတ်ဝေသော စာအုပ် သို့မဟုတ် ဘရိုရှာကို ထိုကျမ်းစာလေ့လာမှုတွင် အသုံးပြုလေ့ရှိသည်။

အစည်းအဝေးတွင် ကျမ်းစာအခြေပြု စာပေများကို အဘယ်ကြောင့် အသုံးပြုရသနည်း။ ကျမ်းစာခေတ်တွင် လူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုရုံသာ မပြုခဲ့ပေ။ “ထိုသို့ . . . အနက်ကိုပြန်သဖြင့် လူများနားလည်စေခြင်းငှာ ပြုကြ၏။” (နေဟမိ ၈:၈) မကြာသေးမီနှစ်များတွင် လေ့လာခဲ့သည့် ဟေရှာယကျမ်း၊ ဒံယေလကျမ်းနှင့် ဗျာဒိတ်ကျမ်းစောင်ကို ဆွေးနွေးထားသော စာပေများသည် အစည်းအဝေး တက်ရောက်သူများအား ထိုကျမ်းစောင်များကို ပို၍နားလည်စေခဲ့သည်။

သီအိုကရက်တစ် ဓမ္မအမှုကျောင်း

သီအိုကရက်တစ် ဓမ္မအမှုကျောင်း

အသင်းတော် ကျမ်းစာလေ့လာမှုပြီးနောက် သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို ဆက်ကျင်းပပါသည်။ ယင်းသည် မိနစ် ၃၀ ကြာပြီး ခရစ်ယာန်များ၏ “သွန်သင်ခြင်းနည်းပညာ” ကိုတိုးတက်လာစေဖို့ ကူညီပေးရန် ရည်ရွယ်ထားသည်။ (၂ တိမောသေ ၄:၂) ဥပမာ၊ သင့်ကလေး သို့မဟုတ် မိတ်ဆွေတစ်ဦးက သင့်အား ဘုရားသခင်အကြောင်း သို့မဟုတ် သမ္မာကျမ်းစာအကြောင်း မေးဖူးသလော၊ ထိုအချိန်မျိုးတွင် သူတို့ကို ကောင်းစွာပြန်မပြောပြနိုင်ဘဲ ဖြစ်ခဲ့သလော။ သီအိုကရက်တစ် ဓမ္မအမှုကျောင်းက သင့်အား ခက်ခဲသော မေးခွန်းများကို ကျမ်းစာဖြင့် မည်သို့ ကောင်းစွာဖြေဆိုနိုင်ကြောင်း သင်ကြားပေးနိုင်ပါသည်။ ထို့ကြောင့် ‘ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း ယေဟောဝါသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ’ ဟုပရောဖက်ဟေရှာယနည်းတူ ကျွန်ုပ်တို့ ကြွေးကြော်နိုင်ပါသည်။—ဟေရှာယ ၅၀:၄

သီအိုကရက်တစ် ဓမ္မအမှုကျောင်းသည် ကျမ်းစာအပိုင်းတစ်ပိုင်းကို အခြေခံသည့် ဟောပြောချက်တစ်ခုဖြင့် အစပြုပါသည်။ ထိုအပိုင်းကို တစ်ပတ်အတွင်း ဖတ်ထားရန် တက်ရောက်သူများကို အားပေးပြီးဖြစ်သည်။ ဟောပြောသူသည် ဟောပြောချက်ပြီးနောက် သတ်မှတ်ထားသော ကျမ်းစာဖတ်ရှုခြင်းအပိုင်းမှ မိမိတို့ကိုအကျိုးပြုမည်ဟု ယူဆသည့် အချက်များကို အတိုချုပ်မှတ်ချက်ပေးရန် ပရိသတ်အား ဖိတ်ခေါ်ပါသည်။ ထိုဆွေးနွေးမှုပြီးနောက် ကျောင်းတွင် စာရင်းသွင်းထားသူများမှ တာဝန်ကျ ကျောင်းသားများသည် မိမိတို့တာဝန်ကျသည့် အကြောင်းအရာများကို တင်ဆက်ကြပါသည်။

ကျောင်းသားများသည် ကျမ်းစာအပိုင်းတစ်ပိုင်းကို စင်မြင့်ပေါ်မှဖတ်ပြရန် သို့မဟုတ် ကျမ်းစာအကြောင်းအရာတစ်ခုကို အခြားသူတစ်ဦးအား မည်သို့ သင်ပေးနိုင်ကြောင်းကို သရုပ်ပြရန် ဖြစ်သည်။ ဟောပြောချက်တစ်ခုစီပြီးနောက် အတွေ့အကြုံရှိ သွန်သင်ချက်ပေးသူသည် သီအိုကရက်တစ် ဓမ္မအမှုကျောင်းပညာရေးမှ အကျိုးရယူဟူသော ကျောင်းသုံးစာအုပ်ကို အခြေခံကာ ကျောင်းသား တင်ဆက်သွားရာအတွက် ချီးမွမ်းပြောဆိုပါသည်။ တိုးတက်ရန် လိုအပ်သည့်အပိုင်းကို နောက်ပိုင်းတွင် ကျောင်းသားအား သီးသန့် အကြံပြုပေမည်။

ဤအပိုင်းသည် ကျောင်းသားကိုသာမက စာဖတ်စွမ်းရည်၊ စကားပြောစွမ်းရည်နှင့် သွန်သင်ခြင်းစွမ်းရည်တို့ တိုးတက်လိုသည့် တက်ရောက်သူအားလုံးကို ကူညီပေးရန် ရည်ရွယ်ထားသည်။ သီအိုကရက်တစ် ဓမ္မအမှုကျောင်းကို နိဂုံးချုပ်ပြီးနောက် ကျမ်းစာကို အခြေခံသည့် သီချင်းတစ်ပုဒ်ဖြင့် လုပ်ငန်းတော် အစည်းအဝေးကို အစပြုသည်။

လုပ်ငန်းတော် အစည်းအဝေး

လုပ်ငန်းတော် အစည်းအဝေး

နောက်ဆုံးအပိုင်းမှာ လုပ်ငန်းတော် အစည်းအဝေးဖြစ်သည်။ တက်ရောက်သူများသည် ဟောပြောချက်များ၊ သရုပ်ပြခန်းများ၊ လူတွေ့မေးမြန်းခန်းများနှင့် ပရိသတ်၏ မှတ်ချက်များမှတစ်ဆင့် ကျမ်းစာအမှန်တရားကို ထိရောက်စွာ သွန်သင်တတ်ရန် သင်ယူကြသည်။ ယေရှုသည် ဟောပြောရန် တပည့်များကို မစေလွှတ်မီ သူတို့ကိုစုဝေးကာ အသေးစိတ် ညွှန်ကြားခဲ့သည်။ (လုကာ ၁၀:၁-၁၆) ဧဝံဂေလိလုပ်ငန်းအတွက် အပြည့်အဝ ပြင်ဆင်လေ့ကျင့်ခံရသောကြောင့် သူတို့သည် စိတ်ဝင်စားဖွယ် တွေ့ကြုံမှုများစွာကို ရရှိခဲ့သည်။ နောက်ပိုင်း ယင်းတို့ကို ယေရှုအား ပြန်ပြောပြကြသည်။ (လုကာ ၁၀:၁၇) ထို့ပြင် တပည့်များသည် တွေ့ကြုံမှုများကို တစ်ဦးနှင့်တစ်ဦးလည်း ဖလှယ်ကြသည်။—တမန်တော် ၄:၂၃။ ၁၅:၄

၃၅ မိနစ်ကြာသော လုပ်ငန်းတော် အစည်းအဝေးအတွက် အစီအစဉ်ကို ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှုဟု အမည်ပေးထားသော လစဉ်ထုတ်စာစောင်တွင် ဖော်ပြပေးသည်။ မကြာသေးမီက လေ့လာခဲ့သော အကြောင်းအရာများမှာ “ယေဟောဝါအား မိသားစုလိုက် ဝတ်ပြုခြင်း၊” “ကျွန်ုပ်တို့ အဘယ်ကြောင့် ထပ်ခါထပ်ခါ ပြန်သွားရ” နှင့် “ဓမ္မအမှုလုပ်ငန်းတွင် ခရစ်တော်ကိုတုပခြင်း” စသည်တို့ ဖြစ်သည်။ သီချင်းတစ်ပုဒ် ဆိုပြီးနောက် တာဝန်ပေးခံရသော အသင်းသားတစ်ဦး၏ ဆုတောင်းချက်ဖြင့် အစီအစဉ်ကို နိဂုံးချုပ်သည်။

ဧည့်သည်များ ပြောဆိုသည့်အရာ

အသင်းသားများသည် တက်ရောက်လာသူတိုင်းကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ ဥပမာ၊ အန်ဒရူးသည် ယေဟောဝါသက်သေများနှင့်ပတ်သက်၍ မကောင်းသတင်းများစွာကို ကြားထားသည်။ သို့သော် သူတို့၏အစည်းအဝေးကို ဦးဆုံးအကြိမ် တက်ရောက်ချိန်တွင် သူတို့၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကြောင့် အံ့အားသင့်ခဲ့ရသည်။ “သိပ်ပျော်စရာကောင်းတဲ့ နေရာပဲ။ လူတွေက အရမ်းဖော်ရွေပျူငှာပြီး ကျွန်တော့်ကို သိပ်ဂရုစိုက်ပေးလို့ အံ့သြခဲ့ရတယ်” ဟု အန်ဒရူး ပြောပြသည်။ ကနေဒါနိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးဖြစ်သူ အက်ရှဲလ်ကလည်း ယင်းကို ထောက်ခံသည်။ “အစည်းအဝေးက သိပ်စိတ်ဝင်စားစရာ ကောင်းတယ်။ ဘာပြောနေတယ်ဆိုတာ ကျွန်မ ကောင်းကောင်း နားလည်နိုင်တယ်” ဟု သူပြောသည်။

ဘရာဇီးတွင်နေထိုင်သော ဂျူဇေးသည် ဒေါသတကြီး ရန်လိုတတ်သူအဖြစ် သူ၏ရပ်ကွက်တွင် နာမည်ကြီးသည်။ သို့တိုင် ယေဟောဝါသက်သေများသည် ဒေသခံဝတ်ပြုရာခန်းမတွင် အစည်းအဝေး တက်ရောက်ရန် သူ့ကို ဖိတ်ခေါ်ခဲ့ကြသည်။ သွားတက်ရောက်ပြီးနောက် “ခန်းမမှာရှိတဲ့ လူတွေက ကျွန်တော့်အကျင့်ဆိုးကို သိနေတာတောင် ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်” ဟု သူပြောသည်။ ဂျပန်နိုင်ငံတွင် နေထိုင်သော အက်ဆူရှီကလည်း ဤသို့ပြောသည်– “ပွင့်ပွင့်လင်းလင်းပြောရရင် ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးကို ဦးဆုံးအကြိမ် တက်တဲ့အခါ နည်းနည်းတော့ စိတ်တင်းကျပ်နေတယ်။ ဒါပေမဲ့ သူတို့က တကယ့်ကို စိတ်ရင်းမှန်ရှိတယ်ဆိုတာ ကျွန်တော် အသိအမှတ်ပြုခဲ့ရတယ်။ ကျွန်တော် သက်သောင့်သက်သာရှိစေဖို့ သူတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတယ်။”

သင့်ကို လှိုက်လှဲစွာ ကြိုဆိုပါ၏

အထက်ပါမှတ်ချက်များက ဖော်ပြသည့်အတိုင်း ယေဟောဝါသက်သေများ၏ ဝတ်ပြုရာခန်းမတွင် အစည်းအဝေးများ တက်ရောက်ခြင်းမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ထိုသို့တက်ရောက်ခြင်းဖြင့် ဘုရားသခင်အကြောင်း သင်သိရှိလာပါလိမ့်မည်။ ထိုတွင်ရရှိသော ကျမ်းစာအခြေပြု ညွှန်ကြားချက်များမှတစ်ဆင့် ယေဟောဝါဘုရားသခင်သည် “သင်၏အကျိုးနှင့်ယှဉ်သောအရာကို” သွန်သင်ပေးပါလိမ့်မည်။—ဟေရှာယ ၄၈:၁၇

ယေဟောဝါသက်သေများ၏ အစည်းအဝေးများသည် အခမဲ့ဖြစ်ပြီး အလှူငွေကောက်ခံခြင်း မရှိပေ။ သင့်ဒေသရှိ ဝတ်ပြုရာခန်းမတွင် အစည်းအဝေးတစ်ခုကို တက်ရောက်လိုပါသလော။ ထိုသို့တက်ရောက်ရန် သင့်ကို လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

^ အပိုဒ်၊ 10 ဤဆောင်းပါးတွင် ရည်ညွှန်းထားသော စာပေအားလုံးကို ယေဟောဝါသက်သေများ ထုတ်ဝေသည်။