မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇွဲလုံ့လဖြင့် ရှာဖွေခြင်း

ဇွဲလုံ့လဖြင့် ရှာဖွေခြင်း

အိုင်ယာလန်မှ စာတစ်စောင်

ဇွဲလုံ့လဖြင့် ရှာဖွေခြင်း

မိုးတဖွဲဖွဲရွာနေတယ်။ ကားရဲ့လေကာမှန်မှာ မိုးစက်တွေတွဲခိုနေလို့ ကျေးလက်ရှုခင်းကို ကျွန်တော် သဲသဲကွဲကွဲမမြင်ရဘူး။ ဆယ်မိုင်လောက် ကားမောင်းခဲ့ပြီးနောက် အိုင်ယာလန်အနောက်ပိုင်းက ကမ်းရိုးတန်းမြို့လေးဖြစ်တဲ့ ဝက်စ်ပေါ့ကို အပေါ်စီးကမြင်နေရတဲ့ တောင်ကုန်းထိပ်ကို ရောက်လာတယ်။ အခု၊ နေရောင်ကြောင့် မြူနှင်းတွေကွဲသွားပြီး ပင်လယ်အော်တစ်ဝိုက်ပြန့်ကျဲနေတဲ့ ကျွန်းလေးတွေအများကြီးကို လှမ်းမြင်ရပြီ၊ အပြာရောင်ကတ္တီပါပေါ် စီခြယ်ထားတဲ့မြကျောက်တွေလို လှလိုက်တာ။ ကျွန်းတချို့မှာပဲ လူတွေနေထိုင်ပေမဲ့ လယ်သမားတွေက သူတို့ရဲ့ခြံမွေးတိရစ္ဆာန်တွေကို လှေနဲ့တင်ပြီး တချို့ကျွန်းတွေရဲ့စားကျက်မြေမှာ ကျောင်းကြတယ်။

တောင်ကုန်းတွေကိုတော့ ကမ်းရိုးတန်းတစ်လျှောက် ဟိုးအနောက်ဘက်အထိ တမျှော်တခေါ်တွေ့နေရတယ်။ ကျောက်ခတ်ပင်၊ မြေဆွေးတွေနဲ့ ခေါင်းလောင်းပန်းပင်တွေ ဖုံးလွှမ်းနေတဲ့တောင်ကုန်းတွေက ညနေခင်းနေရောင်အောက်မှာ ကြေးနီရောင်တောက်နေတယ်။ ရိခ်တောင်လို့ ဒေသခံတွေခေါ်ကြတဲ့ ကတော့ပုံ ခရိုပက်ထရစ်တောင်ကို လှမ်းမြင်နေရတယ်။ ဝက်စ်ပေါ့မြို့ရဲ့ လူရှုပ်တဲ့လမ်းကျဉ်းတွေနဲ့ ရိခ်တောင်ကိုကျော်ဖြတ်ပြီး ယေဟောဝါသက်သေတွေ တော်ရုံမရောက်နိုင်တဲ့ဒေသကို ဦးတည်လာခဲ့တယ်။

ကျွန်တော်ရှာဖွေနေတဲ့အမျိုးသားက ဒီနေ့ ကျွန်တော်လာမယ်ဆိုတာ သိမှာမဟုတ်ဘူး။ မကြာသေးခင်ကမှ ဒီဒေသကိုပြောင်းရွှေ့လာတာဖြစ်ပြီး သက်သေခံတွေနဲ့ ကျမ်းစာဆက်ဆွေးနွေးချင်တယ်လို့ရေးထားတဲ့ သူ့ရဲ့စာကို ကျွန်တော်ရတယ်။ ‘သူ့အသက် ဘယ်လောက်ရှိပြီလဲ။ လူလွတ်လား၊ အိမ်ထောင်သည်လား။ သူ ဘာတွေစိတ်ဝင်စားသလဲ’ လို့ကျွန်တော်တွေးနေမိတယ်။ ကျွန်တော့်ရဲ့အိတ်ကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ကျမ်းစာနဲ့ ကျမ်းစာစာပေမျိုးစုံပါမပါ စိတ်မှန်းနဲ့စစ်ဆေးကြည့်ပြန်တယ်။ သတင်းကောင်းကို သူ ပိုစိတ်ဝင်စားလာအောင် ဘာပြောရင်ကောင်းမလဲလို့ စဉ်းစားနေမိတယ်။

ရိခ်တောင်ကတော့ နောက်မှာ ကျန်ရစ်ခဲ့ပြီ။ ၁၉ ရာစု၊ အကြီးအကျယ်အငတ်ဘေးဆိုက်ချိန်မှာ ကျောက်တုံးတွေဆင့်ပြီးဆောက်ထားတဲ့ ကျောက်သားနံရံတွေက ပင်လယ်အထိ နိမ့်ဆင်းသွားတဲ့၊ မြေကွက်ပုံစံမျိုးစုံရှိတဲ့လယ်ကွင်းပြင်ကို ကာရံပေးထားတယ်။ ကောင်းကင်ယံမှာ အထီးကျန်စင်ရော်တစ်ကောင် ဝဲပျံနေတယ်။ မိုးကုပ်စက်ဝိုင်းကိုနောက်ခံပြုထားတဲ့ နှင်းဆီရိုင်းနဲ့ဆီးပင်တွေရဲ့အကိုင်းတွေက ပြွတ်သိပ်နေပြီး လေတိုက်လွန်းလို့ တစ်ဖက်ကိုကွေးကွေးလိမ်လိမ်ညွတ်ကျနေပုံက ခါးကိုင်းနေတဲ့အဖိုးအိုတွေ ပူးပူးကပ်ကပ်ရပ်နေသလိုပဲ။

ဒီကျေးလက်ဒေသမှာ အိမ်နံပါတ်၊ လမ်းနာမည်မရှိဘူး။ ကျွန်တော်ရှာနေတဲ့အမျိုးသားရဲ့လိပ်စာမှာ အိမ်အမည်နဲ့နယ်မြေဆိုတာပဲပါတယ်။ ဦးဆုံး၊ ဘယ်သူတွေ ဘယ်မှာနေတယ်ဆိုတာသိတဲ့ စာပို့သမားကိုရှာရမယ်။ နာရီဝက်လောက်ကြာပြီးတဲ့နောက် တန်းလျားတစ်ခုမှာ အခန်းဖွဲ့ထားတဲ့ စာတိုက်ကိုတွေ့တယ်။ ဒါပေမဲ့ စာတိုက်တံခါးမှာ “ပိတ်ပြီ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတယ်။ စာတိုက်ပိတ်ပြီဖြစ်လို့ ဈေးဆိုင်တစ်ဆိုင်ကို သွားမေးမြန်းတော့ ဆိုင်ရှင်က နယ်မြေအနီးဝန်းကျင်ကို လမ်းညွှန်ပေးလိုက်တယ်။

နောက်ထပ်ငါးမိုင်လောက် ကားမောင်းသွားပြီးနောက် ကျွန်တော်ရှာနေတဲ့နေရာကို တွေ့ပြီ၊ ညာဘက်လမ်းကြားထဲကွေ့ပြီး ဘယ်ဘက်ပြန်ကွေ့ရတယ်။ အနီးနားက အိမ်တံခါးကို ခေါက်လိုက်တယ်။ အဒေါ်ကြီးတစ်ယောက်ထွက်လာပြီး သူ ဒီမှာတစ်သက်လုံးနေလာတဲ့အတွက် သူမသိတဲ့သူမရှိဘူးလို့ ခပ်ကြွားကြွားပြောတယ်၊ ဒါပေမဲ့ ကျွန်တော်ရှာနေတဲ့သူ ဘယ်မှာနေတယ်ဆိုတာကိုတော့ လုံးဝမသိတဲ့အတွက် သူစိတ်ပျက်သွားတယ်။ ဒါနဲ့ ဖုန်းဆက်စုံစမ်းပေးမယ်လို့ပြောပြီး အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်တယ်။

သူ ဖုန်းပြောရင်းနဲ့ ကျွန်တော့်ကို လှမ်းလှမ်းကြည့်နေတော့ ကျွန်တော်က ဘယ်သူလဲ၊ ဘာလိုချင်လို့လဲဆိုတာ သူသိချင်နေမှာ သေချာတယ်။ တံခါးဘေးမှာ မာရိရဲ့ပုံတူအရုပ်လေး၊ နံရံပေါ်မှာ ခရစ်တော်ရဲ့ရုပ်ပုံအကြီးကြီးကို တွေ့တယ်။ မီးဖိုချောင်စားပွဲပေါ်မှာ စိပ်ပုတီးကိုတွေ့ရတယ်။ “သူ့မိတ်ဆွေတချို့က အရေးကြီးတဲ့သတင်း ပါးလိုက်လို့ပါ” ဆိုပြီး သူစိတ်အေးသွားအောင် ကျွန်တော်ပြောလိုက်တယ်။

သူ့အမျိုးသားလည်း စကားလာပြောပြီး ဒီဒေသရဲ့သမိုင်းကြောင်းကို ရှင်းပြတယ်။ အဲဒီအချိန်မှာ အဒေါ်ကြီးက သူဖုန်းဆက်စုံစမ်းတာ အဆင်မပြေတဲ့အတွက် နောက်တစ်ယောက်ကို ထပ်ဆက်ကြည့်မယ်၊ စောင့်ပါလို့ ပြောတယ်။ ကျွန်တော်ရှာနေတဲ့သူ၊ ကျွန်တော်ရှာတဲ့အိမ်ကို ဘယ်သူမှသိပုံမရဘူး။ ကျွန်တော် နာရီကိုကြည့်လိုက်တယ်။ ညနေစောင်းနေပြီပဲ။ နောက်တစ်ခေါက် လာရှာရတော့မှာပေါ့။ သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီး ကားပေါ်တက်လို့ အပြန်ခရီးရှည်နှင်ခဲ့တယ်။

နောက်အပတ်မှာ ကျွန်တော်ထပ်သွားတယ်။ ဒီတစ်ကြိမ်မှာတော့ စာပို့သမားနဲ့တွေ့ပြီး သူက သေချာလမ်းညွှန်လိုက်တယ်။ ဆယ့်ငါးမိနစ်လောက်ကြာတဲ့နောက် သူပြောတဲ့လမ်းဆုံကို ရောက်လာတယ်။ ဘယ်ဘက်ကွေ့လိုက်ပြီး လမ်းကြားထဲ ခေါက်တုံ့ခေါက်ပြန်မောင်းရင်း သူလမ်းညွှန်တဲ့ကျောက်တံတားအဟောင်းကို ရှာတယ်။ မတွေ့ဘူး။ နောက်ဆုံး၊ သူလမ်းညွှန်တဲ့နောက်တစ်နေရာကို တွေ့သွားတယ်၊ ကျွန်တော် အချိန်ကုန်ခံပြီးရှာနေတဲ့အိမ်က တောင်ကုန်းထိပ်မှာကိုး။

သတင်းကောင်းကို ဘယ်လိုတင်ဆက်ရင်ကောင်းမလဲဆိုပြီး ကျွန်တော် ခဏစဉ်းစားတယ်။ ဦးလေးကြီးတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ “ခင်ဗျားရှာနေတဲ့အိမ်က ဟိုမှာပါ” လို့ပြောပြီး သစ်ပင်တွေနဲ့ကွယ်နေတဲ့ အိမ်တစ်လုံးကို သူညွှန်ပြတယ်။ ကျွန်တော်လည်း တွေ့ချင်ဇောနဲ့ အဲဒီအိမ်ကိုသွားပြီး တံခါးခေါက်လိုက်တယ်။ အိမ်ရှင်ထွက်အလာကိုစောင့်နေရင်း ခပ်လှမ်းလှမ်းက အတ္တလန္တိတ်သမုဒ္ဒရာကို ငေးကြည့်နေမိတယ်။ လေတဟူးဟူးတိုက်ခတ်ပြီး လှိုင်းလုံးဖြူတွေက လှပရှည်လျားတဲ့ကမ်းခြေကို ရိုက်ခတ်နေတယ်။ ဝန်းကျင်မှာ လူဆိုလို့ အရိပ်အယောင်တောင် မတွေ့ရတဲ့အပြင် အဲဒီအိမ်မှာလည်း လူတစ်ယောက်မှမရှိဘူး။

ဒီလူငယ်လေးနဲ့ဆုံဖို့ နောက်ထပ်နှစ်ကြိမ်တောင်လာခဲ့ရတယ်။ “ခင်ဗျားရှာနေတာ ဒီအိမ်ပဲ၊ ဒါပေမဲ့ ခင်ဗျားရှာနေတဲ့သူက အိမ်ပြောင်းသွားပြီ၊ ဘယ်ကိုပြောင်းသွားမှန်း မသိဘူး” လို့သူပြောတယ်။ အဲဒီလူကို ကျွန်တော် ဘာကြောင့် လာရှာရတယ်ဆိုတာရှင်းပြတော့ ဒီလူငယ်က ယေဟောဝါသက်သေတွေနဲ့ အရင်က မဆုံခဲ့ဖူးဘူးဆိုတာ သိလိုက်ရတယ်။ သူက ဓားပြတိုက်ခံရဖူးတယ်၊ ဒီလိုမတရားမှုတွေကို ဘုရားသခင် ဘာကြောင့်ခွင့်ပြုထားတယ်ဆိုတာ သူသိချင်ခဲ့တာ။ အဲဒီအကြောင်းရှင်းပြထားတဲ့ နောက်ဆုံးထုတ် ကင်းမျှော်စင်နဲ့နိုးလော့!မဂ္ဂဇင်းတွေကို သူဝမ်းသာအားရလက်ခံတယ်။

အမှန်တရားသိလိုသူတွေကို ဇွဲရှိရှိရှာဖွေရမယ်လို့ ကျမ်းစာမိန့်မှာထားတယ်။ ကျွန်တော်ရှာနေတဲ့သူကို မတွေ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့၊ အချိန်ကုန်လူပန်းဖြစ်တယ်လို့တော့ မခံစားခဲ့ရဘူး။ အိုင်ယာလန်မှာ လူအတော်များများက သတင်းကောင်းကို သိချင်စိတ်ပြင်းပြနေတယ်၊ ယေဟောဝါရဲ့ကောင်းချီးကြောင့် ဒီလူငယ်လေးရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အမှန်တရားမျိုးစေ့လေးလည်း တစ်နေ့ကျရင် အပင်ပေါက်ပြီး အသီးတွေသီးလာမှာပါ။