မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် ကလေးများကို ကောင်းကင်တမန်များဖြစ်လာရန် ကောင်းကင်သို့ ခေါ်ဆောင်သလော

ဘုရားသခင်သည် ကလေးများကို ကောင်းကင်တမန်များဖြစ်လာရန် ကောင်းကင်သို့ ခေါ်ဆောင်သလော

စာရှုသူများအမေး

ဘုရားသခင်သည် ကလေးများကို ကောင်းကင်တမန်များဖြစ်လာရန် ကောင်းကင်သို့ ခေါ်ဆောင်သလော

ကလေးငယ်တစ်ဦးသေဆုံးသောအခါ မိတ်ဆွေများက ဝမ်းနည်းပူဆွေးနေသော ကျန်ရစ်သူမိသားစုအား “ဘုရားသခင်က ကောင်းကင်မှာ ကောင်းကင်တမန်တစ်ပါးလိုအပ်နေလို့ ကလေးကိုခေါ်သွားတာပါ” ဟုပြောကာ နှစ်သိမ့်ပေးကြသည်။ ယင်းသည် ယုတ္တိရှိသည်ဟု သင်ထင်သလော။

ကောင်းကင်တွင် ကောင်းကင်တမန်များလိုအပ်နေသောကြောင့် ကလေးများကို ဘုရားသခင် အမှန်တကယ်သေဆုံးစေပါက ကိုယ်တော်သည် ခံစားချက်ကင်းမဲ့သူ၊ ရက်စက်လွန်းသူဖြစ်သည်ဟု ဆိုလိုရာကျပေမည်။ သို့သော် ကျမ်းစာတွင် ဘုရားသခင်နှင့်ပတ်သက်၍ ထိုသို့မဆိုထားပါ။ (ယောဘ ၃၄:၁၀) မေတ္တာရှိသောဖခင်တစ်ဦးသည် သူ၏မိသားစုကို တိုးချဲ့ရန် အခြားမိဘ၏ကလေးငယ်တစ်ဦးကို လုယူမည်မဟုတ်ပေ။

ထို့ပြင် မည်သည့်လူသားမိဘကမျှ ယေဟောဝါထက် မေတ္တာအင်အား မကြီးမားနိုင်ပါ၊ အကြောင်းမှာ ကိုယ်တော်၏ အဓိကအရည်အသွေးမှာ ချစ်ခြင်းမေတ္တာဖြစ်သောကြောင့်ပင်။ (၁ ယောဟန် ၄:၈) ကိုယ်တော်၏ကြီးမားသောမေတ္တာက ထိုသို့အကြင်နာကင်းပြီး ထောက်ထားစာနာမှုမဲ့သည့်လုပ်ရပ်ကို မည်သည့်အခါမျှ ခွင့်ပြုမည်မဟုတ်ပါ။

ထို့ကြောင့် သင့်ကိုယ်သင်ဤသို့မေးကြည့်ပါ– ‘ဘုရားသခင်အတွက် ကောင်းကင်မှာ ကောင်းကင်တမန်တွေလိုအပ်သလား။’ ဘုရားသခင်၏လုပ်ဆောင်မှုမှန်သမျှသည် စုံလင်ကောင်းမွန်၏ဟု ကျမ်းစာကဆိုသည်။ (တရားဟောရာ ၃၂:၄) ဘုရားသခင်သည် သန်းနှင့်ချီသောကောင်းကင်တမန်များကို စုံလင်စွာ တိုက်ရိုက်ဖန်ဆင်းခဲ့ပြီး အရေအတွက်လိုနေသေးသည်ဟူ၍မရှိချေ။ (ဒံယေလ ၇:၁၀) ဘုရားသခင်သည် မိမိလိုအပ်သော ကောင်းကင်တမန်များ၏အရေအတွက်ကို တစ်နည်းနည်းဖြင့် မှားယွင်းတွက်ချက်မိခြင်းလော။ လုံးဝမဖြစ်နိုင်ပါ။ အတိုင်းအဆမဲ့တန်ခိုးရှင်သည် မည်သည့်အခါမျှ ထိုသို့မှားယွင်းမည်မဟုတ်ပါ။ ယေဟောဝါသည် လူသားအချို့ကို ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူစိုးစံနိုင်ရန် ကောင်းကင်တမန်များဖြစ်လာဖို့ ရွေးချယ်ခဲ့သည်မှန်သော်လည်း ၎င်းတို့သည် ကလေးငယ်များမဟုတ်ပါ။—ဗျာ. ၅:၉၊ ၁၀

ဘုရားသခင်သည် ကလေးငယ်များကို ကောင်းကင်တမန်များဖြစ်လာစေရန် မြေကြီးပေါ်မှ မခေါ်ဆောင်ရသည့် နောက်အကြောင်းရင်းမှာ ယင်းသည် ကလေးငယ်များအတွက် ကိုယ်တော်၏မူလရည်ရွယ်ချက်နှင့် မကိုက်ညီသောကြောင့်ဖြစ်၏။ ဧဒင်ဥယျာဉ်တွင် အာဒံနှင့်ဧဝကို “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟုဘုရားသခင်မိန့်မှာခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ကလေးငယ်များသည် ဘုရားသခင်ထံမှ ဆုလက်ဆောင်ဖြစ်ပြီး ဖြောင့်မတ်သောလူ့မိသားစုဖြင့် မြေကြီးကိုပြည့်နေစေရန်ဟူသည့် ကိုယ်တော်၏မူလရည်ရွယ်ချက်ပြည့်စုံရန် မရှိမဖြစ်လိုအပ်သူများဖြစ်သည်။ ကိုယ်တော်သည် ကလေးငယ်များကို သေဆုံးစေကာ ကောင်းကင်တမန်များဖြစ်လာစေရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့ချေ။ ကလေးငယ်များသည် ‘ယေဟောဝါဆုချ၍ ပေးသနားတော်မူသော အမွေဥစ္စာဖြစ်၏’ ဟုကျမ်းစာက ရှင်းလင်းစွာဆိုထားသည်။ (ဆာလံ ၁၂၇:၃) မေတ္တာရှင်ဘုရားသခင်ယေဟောဝါသည် မိမိပေးပြီးသောဆုလက်ဆောင်ကို မိဘများထံမှ ပြန်တောင်းယူပါ့မည်လော။ ထိုသို့လုံးဝမဖြစ်နိုင်ချေ။

ကလေးတစ်ဦး အချိန်မတန်မီသေဆုံးသည့်အခါ အကြီးအကျယ်ဝမ်းနည်းကာ နာကျင်ပူဆွေးကြရသည်။ ယူကျုံးမရဖြစ်ကာ ကြေကွဲနေသောမိဘများအတွက် အဘယ်မျှော်လင့်ချက်ရှိသနည်း။ ဘုရားသခင်သည် မရေတွက်နိုင်သော သန်းနှင့်ချီသည့်လူများကို မြေကြီးပရဒိသုတွင် ရှင်ပြန်ထမြောက်စေမည်ဟု ကျမ်းစာတွင် ကတိပြုထားသည်။ ကလေးငယ်များသည် ကျန်းမာသန်စွမ်းသည့်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်လာကာ သူတို့ချစ်မြတ်နိုးရသူများနှင့် ပြန်လည်ဆုံတွေ့ကြမည့်အဖြစ်ကို မြင်ယောင်ကြည့်ပါ။ (ယောဟန် ၅:၂၈၊ ၂၉) ကလေးငယ်များသည် ကြီးပြင်းလာပြီး ဘဝကိုမွေ့လျော်ကာ ဘုရားသခင်အကြောင်း၊ မြေကြီးနှင့်ပတ်သက်သည့် ကိုယ်တော့်ရည်ရွယ်ချက်အကြောင်း သင်ယူရန်မှာ ကိုယ်တော့်အလိုတော်ဖြစ်သည်။ ထို့ကြောင့် သေဆုံးသွားသောကလေးငယ်များသည် ကောင်းကင်တွင် ကောင်းကင်တမန်များ မဖြစ်သွားကြပါ၊ ယင်းအစား ပရဒိသုမြေကြီးပေါ်တွင် ရှင်ပြန်ထမြောက်လာရန် သူတို့ စောင့်ဆိုင်းလျက်ရှိသည်။ ထိုအချိန်တွင် ကလေးလူကြီးမရွေးအားလုံးသည် မေတ္တာပါစွာဂရုစိုက်တတ်သော ဖန်ဆင်းရှင်ယေဟောဝါ၏လက်အောက်၌ ကိုယ်တော်ကို ထာဝစဉ်ဝတ်ပြုကိုးကွယ်ခွင့်ရရှိကြပါလိမ့်မည်။