မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြန်မာနိုင်ငံမှ ဆိုင်ကလုန်းဒဏ်ခံရသူများ သက်သာရာရ

မြန်မာနိုင်ငံမှ ဆိုင်ကလုန်းဒဏ်ခံရသူများ သက်သာရာရ

မြန်မာနိုင်ငံမှ ဆိုင်ကလုန်းဒဏ်ခံရသူများ သက်သာရာရ

၂၀၀၈၊ မေ ၂ တွင် ဆိုင်ကလုန်းနာဂစ်သည် မြန်မာနိုင်ငံတွင် အပြင်းအထန်တိုက်ခတ်ခဲ့ရာ နိုင်ငံတကာသတင်းများ၏ သတင်းခေါင်းစဉ်ဖြစ်ခဲ့သည်။ * ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မုန်တိုင်းကြောင့် လှိုင်းလုံးကြီးများတက်လာပြီးနောက် လူပေါင်း ၁၄၀,၀၀၀ နီးပါးမှာ သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးခဲ့သည်ဟု သတင်းရသည်။

ထူးဆန်းသည်မှာ ထိုဒေသရှိ ယေဟောဝါသက်သေတစ်ဦးမျှ ထိခိုက်ဒဏ်ရာမရခဲ့ခြင်းဖြစ်သည်။ အဓိကအားဖြင့် သူတို့သည် ခိုင်ခံ့စွာဆောက်လုပ်ထားသော ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ခိုအောင်းခဲ့သောကြောင့် လွတ်မြောက်ခဲ့ကြခြင်းဖြစ်သည်။ နေရာတစ်ခုတွင် ပင်လယ်ရေသည် ၁၅ ပေအထိမြင့်တက်လာသောကြောင့် သက်သေခံ ၂၀ နှင့် အခြားရွာသား ၈၀ တို့သည် ခန်းမ၏မျက်နှာကြက်ပေါ်တွင် ကိုးနာရီလုံးလုံး ထိုင်ခဲ့ကြရသည်။ သူတို့အားလုံး လွတ်မြောက်သွားသည်။ သို့သော် ထိုရွာမှ အခြားသူ ၃၀၀ မှာသေဆုံးခဲ့ရသည်။ ရွာများစွာတွင် အဆောက်အဦဟူ၍ ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်လုံးသာ ကျန်ရစ်ခဲ့သည်။

ဆိုင်ကလုန်းပြီးနောက် နှစ်ရက်အကြာတွင် ရန်ကုန်ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးသည် ပင်လယ်ဝရှိ ဘိုသင်ကုန်းအသင်းတော်သို့ ကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။ သူတို့သည် ဆန်၊ ခေါက်ဆွဲခြောက်၊ ရေနှင့်ဖယောင်းတိုင်အမြောက်အမြားသယ်ဆောင်ကာ ဆိုးရွားစွာထိခိုက်ပျက်စီးခဲ့သောဒေသတစ်လျှောက် လုယက်မှုအန္တရာယ်များကို ရှောင်ကွင်းပြီး၊ လူသေအလောင်းများကိုကျော်ဖြတ်ကာ ဘိုသင်ကုန်းသို့ သွားခဲ့သည်။ သူတို့သည် ထိုဒေသသို့ရောက်ရှိလာသော ဦးဆုံးကယ်ဆယ်ရေးအဖွဲ့ဖြစ်သည်။ ထိုဒေသမှသက်သေခံများ၏ပစ္စည်းအားလုံး ဆိုင်ကလုန်းတွင် ပါသွားသောကြောင့် ထိုအဖွဲ့သည် သူတို့အား ကယ်ဆယ်ရေးပစ္စည်းများ ဝေငှသည်၊ အားရှိစရာ ကျမ်းစာဟောပြောချက်များပေးသည်၊ ကျမ်းစာနှင့်ကျမ်းစာ,စာပေများကိုလည်း ပေးထားခဲ့ကြသည်။

ဆိုင်ကလုန်းဒဏ်ခံရသောဒေသရှိ သက်သေခံများ၏စိတ်ဓာတ်သည် အလွန်ချီးကျူးဖွယ်ဖြစ်၏။ ထိခိုက်ပျက်စီးသွားသော ဧရာဝတီဒေသရှိ အသင်းတော်တစ်ခုမှ သက်သေခံတစ်ဦး ဤသို့ပြော၏– “ကျွန်တော်တို့မှာရှိတာတွေအားလုံး ကုန်ပြီ။ အိမ်တွေလည်း ပျက်စီးသွားပြီ။ စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေလည်း မရှိတော့ဘူး။ ရေတက်လာလို့ သောက်ရေလည်း သောက်လို့မရတော့ဘူး။ ဒါပေမဲ့ ညီအစ်ကိုညီအစ်မတွေက တခြားသူတွေလောက် မစိုးရိမ်ကြဘူး။ ယေဟောဝါနဲ့ ကိုယ်တော့်အဖွဲ့အစည်းကို သူတို့ယုံကြည်တယ်။ ဒီရွာမှာပဲနေနေ၊ တခြားဘယ်ကိုပဲသွားသွား ကျွန်တော်တို့ရတဲ့ ဘယ်ညွှန်ကြားချက်ကိုမဆို လိုက်နာမှာပဲ။”

ပိုင်ဆိုင်ရာအားလုံးဆုံးရှုံးသွားသော သက်သေခံ ၃၀ ရှိအုပ်စုလည်း စားဝတ်နေရေးအတွက်စီမံပေးမည့် ကယ်ဆယ်ရေးအဖွဲ့ထံသွားသည့် ဆယ်နာရီကြာ ခရီးစဉ်တစ်လျှောက် ဘုရားသခင့်နိုင်ငံတော်သီချင်းများကို ဝမ်းသာအားရသီဆိုခဲ့ကြသည်။ သို့သော် ထိုနေရာသို့မရောက်မီ အနီးရှိမြို့တစ်မြို့တွင် ယေဟောဝါသက်သေများ၏ တိုက်နယ်စည်းဝေးပွဲရှိသည်ကို သူတို့ကြားသိလိုက်သည်။ သို့နှင့် ကျမ်းစာအားပေးချက်များရရှိရန်နှင့် ခရစ်ယာန်ပေါင်းသင်းမှုပြုနိုင်ရန် စည်းဝေးပွဲရှိရာသို့ ဦးစွာသွားမည်ဟု သူတို့ဆုံးဖြတ်လိုက်သည်။

ဆိုင်ကလုန်းကျရောက်ရာဒေသတစ်လျှောက်တွင် သက်သေခံများ၏အိမ် ၃၅ လုံးမှာ ပျက်စီးသွားပြီး ၁၂၅ လုံးမှာ တစ်ဝက်နီးပါးပျက်စီးခဲ့သည်။ ဘုရားသခင့်နိုင်ငံတော်ခန်းမ ၈ လုံးမှာ အနည်းငယ်ပျက်စီးခဲ့သည်။ ဌာနခွဲအဆောက်အဦတွင် အကြီးအကျယ်ပျက်စီးမှုများ မရှိခြင်းမှာ ဝမ်းသာစရာပင်။

ဆိုင်ကလုန်းပြီးနောက် အစပိုင်းတွင် ဌာနခွဲအနီးဝန်းကျင်၌ သစ်ပင်ကြီးများလဲကျပြီး လမ်းများပိတ်ဆို့နေသောကြောင့် မည်သူမျှမသွားမလာနိုင်ဖြစ်ခဲ့ရသည်။ မုန်တိုင်းစဲပြီးနောက် မကြာမီတွင် ဌာနခွဲမှလုပ်သား ၃၀ ကျော်သည် သစ်ပင်များကို လက်ဖြင့်ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။ သူတို့လုပ်နေစဉ် လူများစွာမှာ အံ့ဩတကြီးဖြင့် ငေးကြည့်နေကြသည်။ မကြာမီ သက်သေခံညီအစ်မတစ်အုပ်သည် လုပ်သားများနှင့်အခြားသူများအတွက် အအေးနှင့်သစ်သီးများ ယူဆောင်လာရာ တွေ့မြင်သူတို့မှာ မယုံနိုင်အောင်ဖြစ်ခဲ့ရသည်။ ယင်းတို့ကို သတင်းထောက်တစ်ဦးတွေ့မြင်သောအခါ “ဒီလောက် ကြိုးစားပမ်းစားလုပ်နေကြတာ ဘယ်သူတွေလဲ” ဟုမေးမြန်းခဲ့သည်။ သက်သေခံများဖြစ်ကြောင်း သိရပြီးနောက် သူက “လူတွေအားလုံးလည်း ယေဟောဝါသက်သေတွေလို ဝိုင်းဝန်းလုပ်ဆောင်တတ်တဲ့ စိတ်ဓာတ်မျိုးရှိကြရင် သိပ်ကောင်းမှာပဲ” ဟုပြောခဲ့သည်။

သက်သေခံများသည် မုန်တိုင်းသင့်ရာဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ဘေးအန္တရာယ်ကယ်ဆယ်ရေးကော်မတီနှစ်ခုကို ချက်ချင်းဖွဲ့စည်းလိုက်သည်။ ကယ်ဆယ်ရေးအဖွဲ့များတွင် စေတနာ့ဝန်ထမ်း ရာနှင့်ချီ၍ လုပ်အားပေးကြသည်။ အိမ်ပျက်စီးသွားသောသက်သေခံများအတွက် အိမ်အသစ်များကို ရက်အနည်းငယ်အတွင်း ဆောက်လုပ်ပေးခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့မှ လုပ်သားတစ်ဦးသည် သက်သေခံတစ်ဦး၏အိမ်ကို ဆောက်လုပ်ပေးရန် ရောက်သွားသောအခါ သူ၏အိမ်နီးချင်းများက မယုံနိုင်သောမျက်လုံးများဖြင့် ငေးကြည့်နေကြသည်။ အိမ်နီးချင်းတစ်ဦးက ​“ဒီသက်သေခံအမျိုးသမီးကို သူ့ချာ့ခ်ျက အိမ်အသစ်ဆောက်ပေးတယ်။ ကျွန်မရဲ့ဘာသာဝင်မိတ်ဆွေတွေတော့ တစ်ယောက်မှ ရောက်မလာဘူး။ သူ ကျွန်မကို လာဟောတုန်းက ကျွန်မ သူ့ဘာသာထဲဝင်သင့်တယ်” ဟုပြောခဲ့သည်။

ဆောက်လုပ်ရေးလုပ်သားများနှင့် ကယ်ဆယ်ရေးကော်မတီသည် သန်လျင်မြို့ရှိ လုံးဝနီးပါးပျက်စီးသွားသော အိမ်တစ်အိမ်ကို သွားရောက်ကြည့်ရှုကြရာ ထိုသက်သေခံမိသားစုက “ကျွန်မတို့အိမ်က ဘာမှမဖြစ်ပါဘူး။ ကောင်းပါသေးတယ်။ ဒီမှာ ကောင်းကောင်းနေလို့ရပါတယ်။ တချို့သက်သေခံတွေမှာ အိမ်တောင်မရှိတော့ဘူး။ သူတို့ကို အရင်သွားကူညီပေးပါ” ဟုပြောလိုက်ရာ သူတို့အလွန်စိတ်ထိမိခဲ့ရသည်။

ရန်ကုန်မြို့၏ ဒေသတစ်ခုတွင် လူအချို့သည် ဒေသခံချာ့ခ်ျတစ်ခုတွင် ခိုလှုံရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ချာ့ခ်ျတံခါးမှာ သော့ခတ်ထားသောကြောင့် တစ်ဦးမျှ မဝင်ရောက်နိုင်ခဲ့ပေ။ လူတို့ အလွန်စိတ်ပျက်သွားပြီး ချာ့ခ်ျတံခါးကို ချိုးဖျက်ပစ်လိုကြသည်။ ယင်းနှင့်ဆန့်ကျင်လျက် ယေဟောဝါသက်သေများသည် ဆိုင်ကလုန်းအတွင်း လူများစွာကို ဘုရားသခင့်နိုင်ငံတော်ခန်းမများတွင် ခိုအောင်းနိုင်ရန် ကူညီပေးခဲ့ကြသည်။ ဥပမာ၊ ဒလမြို့ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် နေထိုင်သော သက်သေခံဇနီးမောင်နှံသည် အကာအကွယ်ရရန် အားကိုးတကြီးပြေးလာသော အိမ်နီးချင်း ၂၀ ကို လက်ခံခဲ့သည်။ နောက်နေ့မနက်တွင် ထိုမိသားစုများ၌ ပြန်ဖို့အိမ်လည်း မရှိတော့၊ အလွန်လည်း ဆာလောင်နေကြသည်။ ထိုစဉ် ခင်ပွန်းဖြစ်သူသည် ဆန်ရောင်းနေသူတစ်ဦးကိုတွေ့ရာ ထိုသူအားလုံးကို ကျွေးနိုင်ရန် ဆန်ဝယ်ခဲ့သည်။ရန်ကုန်ရှိ မိသားစုတစ်စုမှ မိသားစုဝင်အချို့မှာ ယေဟောဝါသက်သေများဖြစ်ပြီး အချို့မှာမူ အခြားချာ့ခ်ျအသင်းသားများဖြစ်သည်။ ဆိုင်ကလုန်းပြီးနောက် မိသားစုတစ်စုလုံး ဘုရားသခင့်​နိုင်ငံတော်ခန်းမတွင် အစည်းအဝေးလာတက်ကြသည်။ အဘယ်ကြောင့်နည်း။ မိသားစုဝင်တစ်ဦး ဤသို့ရှင်းပြ၏– “ကျွန်မတို့တက်တဲ့ချာ့ခ်ျက မုန်တိုင်းပြီးတော့ သူတို့လာလည်ပတ်ပါ့မယ်လို့ပြောပေမဲ့ တစ်ခါမှ မရောက်လာဘူး။ သက်သေခံတွေပဲ ရောက်လာတယ်။ သက်သေခံတွေက ကျွန်မတို့ကို ဆန်နဲ့ရေ ယူလာပေးတယ်။ ​သက်သေခံတွေက တခြားချာ့ခ်ျတွေနဲ့ လုံးဝမတူဘူး။” သက်သေခံမဟုတ်သော ထိုမိသားစုဝင်များသည် “ကျွန်ုပ်တို့၏အော်ဟစ်သံကို ယေဟောဝါကြားတော်မူ၏” ဟူသော​ကင်းမျှော်စင်ဆောင်းပါး လေ့လာမှုကို အလွန်နှစ်သက်ပြီး ​မှတ်ချက်များစွာ ပေးခဲ့ကြသည်။

သက်သေခံများနှင့် ကျမ်းစာလေ့လာနေသော အမျိုးသမီးတစ်ဦးသည် ဆိုင်ကလုန်းပြီးနောက်အပတ်တွင် အသင်းတော်အစည်းအဝေးကို လာတက်ရောက်သည်။ မည်သည့်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြထားပြီး ဆိုင်ကလုန်းမှ လွတ်မြောက်ခဲ့သူများ၏ တွေ့ကြုံမှုများကို ဖော်ပြထားသော ဌာနခွဲမှစာတစ်စောင်ကို အစည်းအဝေးအတွင်း ဖတ်ပြခဲ့သည်။ စာဖတ်နေစဉ် ထိုအမျိုးသမီးမှာ စငိုလေတော့သည်။ သက်သေခံအားလုံး ဘေးမသီရန်မခရှိနေကြောင်း ကြားသိရ၍ သူအလွန်ဝမ်းသာခဲ့သည်။ ထို့နောက် သူ့ကိုကယ်ဆယ်ရေးပစ္စည်းအချို့ပေး၍ သူ့အိမ်ဘေးတွင် တဲတစ်လုံးဆောက်ပေးခဲ့သည်။ သက်သေခံများသည် သူ့ကိုအလွန်ဂရုစိုက်သည်ဟု ခံစားရကြောင်း သူပြောပြသည်။

“သင်တို့အချင်းချင်းချစ်ကြလျှင် ထိုချစ်ခြင်းမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်များဖြစ်ကြောင်း လူအပေါင်းတို့ သိရကြလိမ့်မည်” ဟုယေရှုမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၃:၃၅) တပည့်ဖြစ်သူယာကုပ်ကလည်း စစ်မှန်သောယုံကြည်ခြင်းသည် ကောင်းသောအကျင့်များနှင့် ဒွန်တွဲနေကြောင်း အလေးပေးပြောဆိုသည်။ (ယာကုပ် ၂:၁၄-၁၇) ယေဟောဝါသက်သေများသည် ထိုစကားများကို နှလုံးသွင်းကာ လိုအပ်နေသူများကို ကူညီထောက်မပေးခြင်းဖြင့် ထိုသို့သောမေတ္တာတင်ပြဖို့ ကြိုးစားနေကြသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 “အတ္တလန္တိတ်နှင့်ကရစ်ဘီယန်ဒေသများတွင် အပူပိုင်းဆိုင်ကလုန်းများကို ဟာရီကိန်းဟုခေါ်ပြီး အနောက်ပစိဖိတ်နှင့်တရုတ်ပင်လယ်တွင်မူ ယင်းကို တိုင်ဖွန်းဟုခေါ်သည်” ဟုဗြိတဲန်နီကာစွယ်စုံကျမ်းကဆိုသည်။

[စာမျက်နှာ ၁၁ ပါ အကျဉ်းဖော်ပြချက်]

စစ်မှန်သောယုံကြည်ခြင်းသည် ကောင်းသောအကျင့်များဖြင့် ဒွန်တွဲနေရမည်ဟု ကျမ်းစာတွင်ဆိုသည်