မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်သိပါသလော

သင်သိပါသလော

သင်သိပါသလော

အစ္စရေးလူမျိုးတို့ နက္ခတ်ပညာလိုက်စားခြင်းကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။

အဘိဓာန်တစ်အုပ်အရ နက္ခတ်ပညာဟူသည် “ဂြိုဟ်များ၊ နေ၊ လ၊ ကြယ်များ၏ ရွေ့ရှားလည်ပတ်မှုများက လူတို့၏အသက်တာကို ထိန်းချုပ်ထားသည်ဟု ယုံကြည်၍ ၎င်းတို့၏လည်ပတ်ရွေ့ရှားမှုကို လေ့လာသည့်ပညာ” ဖြစ်သည်။ ကမ္ဘာသည် မိမိလမ်းကြောင်းပေါ်တွင် နှစ်စဉ် နေကိုလှည့်ပတ်နေသောကြောင့် ကမ္ဘာပေါ်မှမြင်ရသည့် ကြယ်တာရာများ၏အနေအထားလည်း ပြောင်းလဲနေသည်။ ရှေးအချိန်မှစ၍ လူတို့သည် ထိုအပြောင်းအလဲများကို စောင့်ကြည့်ပြီး ယင်းတို့တွင် အဓိပ္ပာယ်တစ်စုံတစ်ရာရှိသည်ဟု ယူဆခဲ့ကြ၏။

နက္ခတ်ပညာသည် ကြယ်များ၊ ကြယ်တာရာများကို ဝတ်ပြုကိုးကွယ်သည့် ရှေးခေတ်ဗာဗုလုန်လူမျိုးတို့မှ မြစ်ဖျားခံခြင်းဖြစ်နိုင်သည်။ အစ္စရေးလူတို့သည် စစ်မှန်သောဝတ်ပြုရေးမှ သွေဖည်သွားချိန်တွင် ဗာဗုလုန်လူမျိုးတို့နည်းတူ ကြယ်များကို ကိုးကွယ်လာကြသည်။ ယုဒဘုရင်ယောရှိလက်ထက်တွင် နက္ခတ်ပညာမှာ အတော်ပျံ့နှံ့နေပြီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဘုရားသခင့်ရှုမြင်ပုံမှာ ရှင်းပါသည်။ ထိုအချိန်မတိုင်မီ ရာစုနှစ်များစွာတွင်ပေးခဲ့သော မောရှေပညတ်အရ ကြယ်များကို ဝတ်ပြုကိုးကွယ်သူတို့အား သေဒဏ်ချမှတ်ရသည်။—တရားဟောရာ ၁၇:၂-၅

ဘုရင်ယောရှိသည် ယုဒလူမျိုးတို့၏ ဝတ်ပြုရေးဓလေ့များကို ပြုပြင်ပြောင်းလဲခဲ့ရာ ယင်းတွင် “နေ၊ လ၊ ရာသီစောင့်အစရှိသော မိုးကောင်းကင်တန်ဆာတို့အား” ယဇ်ပူဇော်သူတို့ကို သုတ်သင်ပယ်ရှားခြင်းပါဝင်သည်။ ဘုရင်ယောရှိ ထိုသို့ပြုလုပ်ရခြင်းမှာ သူသည် ‘ယေဟောဝါကို ဆည်းကပ်ပြီး ပညတ်တရားကို စောင့်ရှောက်’ လိုသောကြောင့်ဖြစ်သည်ဟု ကျမ်းစာမှတ်တမ်းက ဖော်ပြသည်။ (၄ ဓမ္မရာဇဝင် ၂၃:၃-၅) ယင်းသည် ယနေ့ “စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ” ဘုရားသခင်ကို ကိုးကွယ်လိုသူတို့အတွက် ပုံသက်သေကောင်းဖြစ်သည်။—ယောဟန် ၄:၂၄

တမန်တော် ၂၈:၁၁ တွင်ဖော်ပြထားသော “ဇုသ၏သားအမြွှာ” ကား မည်သူတို့နည်း။

တမန်တော်ပေါလုသည် ရောမမြို့သို့သွားသောခရီးတွင် “ဇုသ၏သားအမြွှာရုပ်” ပါသော သင်္ဘောဖြင့် မေလိတေမှ ပေါတယောလိသို့ သွားသည်ဟု တမန်တော်ကျမ်းက ဖော်ပြသည်။ (တမန်တော် ၂၈:၁၁) ထိုအရုပ်များကို အသုံးပြုခြင်းသည် ရှေးခေတ်သင်္ဘောသားများနှင့် ခရီးသည်များကြားတွင် ခေတ်စားသည်။

ဂရိနှင့်ရောမဒဏ္ဍာရီအရ (ဂျူပီတာဟုလည်းခေါ်သော) ဇုသနှင့်လီဒါတွင် ကဲစ်တာနှင့်ပေါ်လက်စ်ဟူသော သားအမြွှာနှစ်ဦးရှိ၏။ ထို “ဇုသ၏သားအမြွှာ” သည် အခြားအရာများအပြင် လေနှင့်လှိုင်းကို ထိန်းချုပ်နိုင်သော သင်္ဘောသားများဖြစ်သည်ဟု ယူမှတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့အား သင်္ဘောသားများကို ကာကွယ်ပေးသော နတ်ဘုရားများအဖြစ် ကိုးကွယ်လာကြသည်။ သင်္ဘောသားများသည် ၎င်းတို့အား ယဇ်ပူဇော်ပြီး မုန်တိုင်းကျချိန်များတွင် ကာကွယ်စောင့်မရန် ဆုတောင်းကြသည်။ ထိုအမြွှာနတ်ညီနောင်သည် မုန်တိုင်းတိုက်ခတ်ချိန်အတွင်း သင်္ဘောရွက်တိုင်များပေါ်တွင် တစ်ခါတစ်ရံ ပေါ်တတ်သည့် လျှပ်စစ်အလင်းတန်းဖြစ်သည့် သူတော်စင်အယ်လ်မိုအလင်းတန်းအသွင်ဖြင့် မိမိတို့ကိုယ်ကိုနှင့် မိမိတို့၏ကာကွယ်ပေးနိုင်စွမ်းကို ကိုယ်ထင်ပြကြသည်ဟု လူများစွာ ယုံကြည်သည်။

ကဲစ်တာနှင့်ပေါ်လက်စ်တို့အား ဝတ်ပြုမှုသည် ဂရိနှင့်ရောမတစ်ခွင်တွင် ပျံ့နှံ့နေပြီး အာဖရိကမြောက်ပိုင်းရှိ ကုရေနေမြို့တစ်ဝိုက်မှ ၎င်းဝတ်ပြုမှုအကြောင်းကို ရှေးခေတ်စာပေတစ်ခုတွင် သတ်သတ်မှတ်မှတ်ဖော်ပြထားသည်။ တမန်တော်ကျမ်းတွင်ဖော်ပြထားသောသင်္ဘောမှာ ထိုမြို့အနီးရှိ အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယား မြို့မှဖြစ်သည်။

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ကြယ်တာရာများနှင့် ဘုရင်နာဇီမာရူတက်ရှ်၏ပုံတူ ရေးဆွဲထားသော ဗာဗုလုန်ကျောက်တိုင်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“ဇုသ၏သားအမြွှာ” ကို ပုံဖော်ထားသည့် ဘီစီ ၁၁၄-၁၁၃ မှ ဒေနာရိဒင်္ဂါးပြား

[Picture Credit Lines on page 9]

Stela: Réunion des Musées Nationaux/Art Resource, NY; coin: Courtesy Classical Numismatic Group, Inc./cngcoins.com