မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အရွက်မညှိုးနွမ်းတတ်သော” သစ်ပင်

“အရွက်မညှိုးနွမ်းတတ်သော” သစ်ပင်

“အရွက်မညှိုးနွမ်းတတ်သော” သစ်ပင်

စိမ်းလန်းသောသစ်ပင်များ အုပ်ဆိုင်းနေသည့် ကျေးလက်ဒေသရှုခင်းကို သင် မြင်ဖူးပါသလော။ ထိုမြင်ကွင်းသည် အလွန်စိတ်ကြည်နူးဖွယ်ဖြစ်ကြောင်း သင်သဘောတူပေမည်။ သင်သည် အရွက်ဝေဆာနေသောသစ်ပင်ကြီးများစွာကို မြင်တွေ့ရပါက ထိုဒေသတွင် မိုးခေါင်ရေရှားသည်ဟုယူဆမည်လော။ ထိုသို့ယူဆမည့်အစား သစ်ပင်များကိုရှင်သန်ကြီးထွားစေသော ရေပေါများသည့်ဒေသဖြစ်ကြောင်း သင် ကောင်းစွာသိပေမည်။

သမ္မာကျမ်းစာတွင် ယုံကြည်ခြင်းခိုင်မာ၍ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းသူတို့ကို စိမ်းလန်းသောသစ်ပင်ကြီးများနှင့် ခိုင်းနှိုင်းထားသည်မှာ သင့်လျော်လှ၏။ ဥပမာ၊ ဆာလံအခန်းကြီးတစ်မှ ဦးဆုံးအခန်းငယ်သုံးခုတွင်ပါသည့် လှပသောဤကျမ်းပိုဒ်များကို သတိပြုကြည့်ပါ–

‘မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ လူဆိုးတို့၏လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်၊ ယေဟောဝါ၏တရားတော်ကို မွေ့လျော်၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့်မည်။’

အလားတူ၊ ယေရမိ ၁၇:၇၊ ၈ တွင်လည်း ဤသို့ဖော်ပြ၏– ‘ယေဟောဝါကို ကိုးစားသောသူ၊ ယေဟောဝါကို မိမိကိုးစားရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့် ပူသောအရှိန်ရောက်ကြောင်းကိုမသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ အစဉ်အမြဲအသီးကိုသီးတတ်သော အပင်နှင့်တူ၏။’

ထိုကျမ်းပိုဒ်နှစ်ပိုဒ်စလုံးတွင် မှန်ရာကိုလုပ်ဆောင်သော၊ ဘုရားသခင်၏တရားတော်၌မွေ့လျော်သော၊ ကိုယ်တော်ကိုအကြွင်းမဲ့ကိုးစားသော ပုဂ္ဂိုလ်တစ်ဦး၏အခြေအနေကိုပုံတင်ပြရန် အပင်များကို အသုံးပြုထားသည်။ ထို့ကြောင့် ပုံဆောင်သဘောအရ ထိုသို့သောပုဂ္ဂိုလ်သည် မည်သည့်နည်းများဖြင့် စိမ်းလန်းဝေဆာသောသစ်ပင်နှင့်တူသနည်းဟု မေးစရာပေါ်လာသည်။ ထိုအခန်းငယ်များကို အသေအချာဆန်းစစ်ကြည့်ကြစို့။

“မြစ်နားမှာ စိုက်လျက်”

မူရင်းကျမ်းတွင် သစ်ပင်များကို မြစ်တစ်စင်း သို့မဟုတ် ချောင်းတစ်ချောင်း၏အနားတွင်မဟုတ်ဘဲ ‘မြစ်များအနားမှာ’ သို့မဟုတ် ‘ရေချောင်းများရှိသောအရပ်၌’ စိုက်သည်ဟု ဖော်ပြထားသည်။ ဗာဗုလုန်သုံ့ပန်းဘဝမှပြန်လာသော နောင်တယူသည့်ဂျူးလူမျိုးကို မည်သို့ဂရုစိုက်စောင့်ရှောက်မည်ဖြစ်ကြောင်း ယေဟောဝါဘုရားသခင်မိန့်ဆိုထားသော ဟေရှာယ ၄၄:၃၊ ၄ တွင်လည်း အလားတူဥပစာအသုံးအနှုန်းကိုတွေ့ရှိရသည်။ ပရောဖက်ဟေရှာယမှတစ်ဆင့် ယေဟောဝါ ဤသို့မိန့်ဆို၏– “ရေငတ်သောသူအပေါ်မှာ ရေကိုငါသွန်းလောင်း၍ သွေ့ခြောက်သောမြေကို ရေ[ချောင်းများ]လွှမ်းမိုးစေမည်။ . . . သူတို့သည်လည်း ရေမြောင်း[များ]အနားမှာ မိုးမခပင်ကဲ့သို့ မြက်ပင်ထဲတွင် ပေါက်ကြလိမ့်မည်။” ဤတွင် ‘ရေချောင်းများ’ နှင့် ‘ရေမြောင်းများ’ သည် ဘုရားသခင့်ကောင်းချီးခံစားရသူတို့အား အရွက်ဝေဆာသောမိုးမခပင်များကဲ့သို့ ရှင်သန်စေသည်ဟုဆိုထား၏။

ယနေ့ခေတ်ရှိ စိုက်ခင်းများတွင်ပင် ရေတွင်း၊ မြစ်၊ အိုင် သို့မဟုတ် ဆည်မြောင်းမှသွယ်ယူထားသော ရေမြောင်းများကို တွေ့မြင်နိုင်သည်။ အများအားဖြင့် ထိုရေမြောင်းများသည် လယ်ကွင်း သို့မဟုတ် စိုက်ခင်းများအတွက် ရေသွင်းပေးသောစနစ်တစ်ခုဖြစ်၏။ တစ်ခါတစ်ရံ၊ သစ်သီးခြံသို့ ရေမြောင်းများသွယ်ယူထားသည်။ အခြေအနေအချို့၌ တစ်ဖက်တွင် ကောက်ပဲသီးနှံစိုက်ခင်းရှိပြီး အခြားတစ်ဖက်တွင် အရွက်ဝေဆာနေသော သစ်ပင်တန်းများရှိကာ အလယ်တွင် ရေမြောင်းများသွယ်တန်းထားသည်။ ထိုသစ်ပင်တန်းများဖြင့် လူတစ်ဦး၏ခြံမြေကို နယ်နိမိတ်သတ်မှတ်လေ့ရှိသည်။

ထိုသို့သောရေမြောင်းများအနားတွင် စိုက်ပျိုးသောအပင်များသည် မည်မျှကောင်းစွာ ရှင်သန်ကြီးထွားကြသနည်း။ ဆာလံ ၁:၃ တွင် “မိမိအချိန်တန်မှအသီးကိုသီး” တတ်သောအပင်အကြောင်း ဖော်ပြသည်။ ကျမ်းစာခေတ်ရှိနယ်မြေများတွင် သဖန်းပင်၊ သလဲပင်၊ ပန်းသီးပင်၊ စွန်ပလွံပင်နှင့် သံလွင်ပင်တို့ကို စိုက်ပျိုးသည်။ သဖန်းပင်သည် အကိုင်းအခက်များဖြာထွက်၍ အမြင့်ပေ ၃၀ အထိရှိနိုင်သော်လည်း အခြားသီးပင်များမူ အလွန်မမြင့်မားပေ။ သို့သော် ထိုသီးပင်များသည် စိမ်းလန်းဝေဆာကာ ရာသီအလိုက် အသီးများစွာသီးနိုင်သည်။

ရှေးအချိန်က မိုးမခပင်ကြီးများသည် ဆီးရီးယားနှင့်ပါလက်စတိုင်းရှိ မြစ်နှင့်စမ်းချောင်းဘေးတစ်လျှောက်တွင် ရှင်သန်ကြီးထွားကြသည်။ ကျမ်းစာတွင် မိုးမခပင်များကို ရေချောင်းများ သို့မဟုတ် ‘ရေတသွင်သွင်စီးဆင်းနေသောချိုင့်ဝှမ်းများ’ နှင့် ဆက်စပ်ဖော်ပြထားသည်။ (ဝတ်ပြုရာ ၂၃:၄၀ကဘ) မိုးမခပင်နောက်တစ်မျိုးသည်လည်း ရေပေါများသောအရပ်တွင် ပေါက်ရောက်ရှင်သန်ကြောင်း တွေ့ရှိနိုင်သည်။ (ယေဇကျေလ ၁၇:၅) ထိုစိမ်းလန်းနေသောသစ်ပင်ကြီးများသည် ဆာလံဆရာနှင့်ယေရမိတို့ အသိပေးလိုသည့်အချက်ကို ကောင်းစွာဖော်ပြပေးသည်– ယင်းမှာ ဘုရားသခင့်ပညတ်ကိုလိုက်လျှောက်၍ ကိုယ်တော်ကိုအကြွင်းမဲ့ကိုးစားသူများသည် ကိုယ်တော်နှင့်ဆက်ဆံရေးကောင်းနေမည်၊ “ပြုလေသမျှတို့၌ အောင်လိမ့်မည်” ဟူ၍ဖြစ်၏။ ကျွန်ုပ်တို့လည်း ဘဝတွင် အောင်မြင်မှုရလိုသည်မဟုတ်လော။

ယေဟောဝါ၏တရားတော်ကို မွေ့လျော်ခြင်း

ယနေ့၊ လူတို့သည် အောင်မြင်မှုရရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြသည်။ သူတို့သည် ကျော်ကြားမှုနှင့်ကြွယ်ဝမှုရှိစေနိုင်သောအရာများနောက် တကောက်ကောက်လိုက်နေသော်လည်း ယင်းတို့အားလုံးမှာ လှည့်စားမှုသာဖြစ်ပြီး စိတ်ပျက်စေကြောင်း သက်သေထူလေ့ရှိသည်။ သို့ဆိုလျှင် အဘယ်အရာက ဘဝတွင် စစ်မှန်သောကျေနပ်ရောင့်ရဲမှုနှင့်ပျော်ရွှင်မှု ရရှိစေနိုင်သနည်း။ တောင်ပေါ်တရားတော်ပါ ယေရှု၏စကားများတွင် အဖြေပါရှိသည်။ “ဘုရားသခင်ကိုမှီခိုရန် လိုကြောင်း သိမှတ်သူတို့သည် ပျော်ရွှင်ကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏” ဟုကိုယ်တော်မိန့်ဆိုသည်။ (မဿဲ ၅:၃) မှန်ပါသည်၊ စစ်မှန်သောပျော်ရွှင်မှုဟူသည် ရုပ်ပစ္စည်းများစွာပိုင်ဆိုင်သောကြောင့် ခံစားရခြင်းမဟုတ်ပါ။ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိဖို့လိုကြောင်း အသိအမှတ်ပြုပြီး ထိုသို့ရှိရန်လုပ်ဆောင်ခြင်းမှ ပျော်ရွှင်မှုခံစားရခြင်းဖြစ်၏။ ယင်းက ကျွန်ုပ်တို့အား ရာသီအလိုက်အသီးသီးတတ်သော စိမ်းလန်းသောသစ်ပင်များကဲ့သို့ဖြစ်စေ၏။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် မည်သို့လုပ်ဆောင်နိုင်သနည်း။

ဦးစွာ၊ ဆာလံဆရာ၏ဖော်ပြချက်အရ ကျွန်ုပ်တို့ရှောင်ရှားရမည့်အရာအချို့ရှိသည်။ “မတရားသောသူတို့၏တိုက်တွန်းခြင်း၊” “လူဆိုးတို့၏လမ်း၊” “မထီမဲ့မြင်ပြုသောသူတို့၏ အစည်းအဝေး” တို့ကို သူဖော်ပြသည်။ ကျွန်ုပ်တို့သည် ပျော်ရွှင်မှုခံစားလိုလျှင် မထီမဲ့မြင်ပြုသူ သို့မဟုတ် ဘုရားသခင့်ပညတ်များအား လျစ်လျူရှုသူတို့ကိုပင် ရှောင်ရှားဖို့လိုသည်။

ဒုတိယ၊ ကျွန်ုပ်တို့သည် ယေဟောဝါ၏တရားတော်တွင် မွေ့လျော်နေသင့်သည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ခုလုပ်ဆောင်ရသည်ကို နှစ်သက်မွေ့လျော်လျှင် ယင်းကိုလုပ်ဆောင်ရန် အခွင့်အရေးရှာယူမည်မဟုတ်လော။ ဘုရားသခင်၏တရားတော်တွင် မွေ့လျော်ခြင်းဟူသည် ကိုယ်တော့်နှုတ်မြွက်တော်ကို အလွန်တန်ဖိုးထားခြင်း၊ ယင်းကို ပို၍သင်ယူနားလည်လိုစိတ်ရှိခြင်းကိုဆိုလိုသည်။

တတိယ၊ ကျွန်ုပ်တို့သည် ယင်းကို “နေ့ညမပြတ်” ဖတ်ရှုဖို့လိုသည်။ ယင်းက ပုံမှန် ကျမ်းစာဖတ်ရှု၍ တွေးတောဆင်ခြင်ခြင်းကို ဆိုလိုသည်။ “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟုသီဆိုခဲ့သော ဆာလံဆရာနှင့်ထပ်တူ ကျွန်ုပ်တို့ခံစားသင့်သည်။—ဆာလံ ၁၁၉:၉၇

ကျွန်ုပ်တို့သည် ယေဟောဝါဘုရားသခင်အကြောင်း တိကျမှန်ကန်စွာသိနားလည်ပြီး ကိုယ်တော်နှင့်ကိုယ်တော့်ကတိတော်များကို အကြွင်းမဲ့ယုံကြည်ကိုးစားတတ်လာသောအခါ ကိုယ်တော်နှင့်ရင်းနှီးသောဆက်ဆံရေးရှိနေမည်မှာ သေချာသည်။ သို့ပြုလျှင် ကျွန်ုပ်တို့သည် “ပြုလေသမျှတို့၌ အောင်လိမ့်မည်” ဟုဆာလံဆရာဖော်ပြသောပုဂ္ဂိုလ်ကဲ့သို့ဖြစ်ပါလိမ့်မည်။