ကရုဏာပြတတ်ရန် သူသင်ယူခဲ့
သူတို့၏ယုံကြည်ခြင်းကို တုပကြလော့
ကရုဏာပြတတ်ရန် သူသင်ယူခဲ့
ယောနတွင် စဉ်းစားရန်အချိန်များစွာရှိပေမည်။ တစ်လ သို့မဟုတ် ထို့ထက်ပိုကြာနိုင်သည့် မိုင် ၅၀၀ ကျော် ကုန်းကြောင်းခရီးရှည်ကို သူနှင်ရမည်။ ဦးစွာ၊ ပို၍တိုသောလမ်းနှင့် အနည်းငယ်ရှည်သော်လည်း ပို၍လုံခြုံသည့်လမ်း နှစ်ခုအနက်တစ်ခုကို ရွေးရမည်။ ထို့နောက် ချိုင့်ဝှမ်းများနှင့် တောင်ပေါ်လမ်းများစွာကိုဖြတ်ကာ ခရီးနှင်ရမည်။ ကျယ်ပြောလှသော ဆီးရီးယားကန္တာရနှင့် ယူဖရေးတီးကဲ့သို့သော အားကြီးသည့်မြစ်များကိုလည်း ကျော်ဖြတ်ရမည်။ ဆီးရီးယား၊ မက်ဆိုပိုတေးမီးယားနှင့် အဆီးရီးယား၏ မြို့ရွာများတွင်လည်း တိုင်းတစ်ပါးသားများကြား တည်းခိုရပေဦးမည်။ တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာသည်နှင့်အမျှ သူအလွန်ကြောက်ရွံ့လှသော နိနေဝေမြို့ကြီးနှင့် နီးသည်ထက်နီးလာသည်။
မိမိတာဝန်မှ ရှောင်လွှဲရန် နောက်ပြန်လှည့်ကာ ထွက်ပြေး၍မရတော့ကြောင်းကိုမူ ယောနသေချာသိနေသည်။ ယခင်က ထိုသို့ပြုလုပ်ခဲ့ဖူးသည်။ အားကြီးလှသော အဆီးရီးယားမြို့သို့သွားပြီး တရားစီရင်ချက်သတင်းကို ကြေညာရန် ယေဟောဝါ ဦးစွာမိန့်မှာချိန်တွင် ယောနသည် ဆန့်ကျင်ဘက်အရပ်သို့ သင်္ဘောဖြင့် ချက်ချင်းထွက်ပြေးခဲ့သည်။ ထို့ကြောင့် ယေဟောဝါသည် မုန်တိုင်းကြီးတစ်ခု ကျရောက်စေခဲ့ရာ မိမိ၏ပုန်ကန်မှုကြောင့် သင်္ဘောပေါ်ရှိလူအားလုံး အသက်ဆုံးရတော့မည်ကို ယောနသိမြင်ခဲ့သည်။ ထိုသင်္ဘောသားများကို ကယ်တင်ရန် မိမိကို ပင်လယ်ထဲချပစ်ဖို့ သူတို့ကို ယောနပြောသည်။ သူတို့သည် မပစ်ချင်ပစ်ချင်ဖြင့် ယောနကို ပစ်ချခဲ့ရာ မိမိသေချာပေါက်သေတော့မည်ဟု ယောနထင်မှတ်ခဲ့သည်။ သို့သော် ယေဟောဝါသည် ငါးကြီးတစ်ကောင်ကို စေလွှတ်ပြီး ယောနကိုမျိုချစေကာ သုံးရက်ကြာပြီးနောက် သူ့ကို ဘေးမသီရန်မခဘဲ ကုန်းပေါ်သို့ ပို့ဆောင်ပေးစေခဲ့သည်။ ယောနသည် တွေ့ကြုံခဲ့ရသည့်အရာများကြောင့် အလွန်အံ့အားသင့်ပြီး ပို၍နာခံမှုရှိလာသည်။ *—ယောန အခန်းကြီး ၁၊ ၂။
ယေဟောဝါသည် ယောနအား နိနေဝေမြို့သို့သွားရန် ဒုတိယအကြိမ်စေလွှတ်ချိန်တွင် ယောနသည် နာခံမှုရှိစွာဖြင့် အရှေ့ဘက်သို့ ဤခရီးရှည်ကိုနှင်ခဲ့သည်။ (ယောန ၃:၁-၃) သို့သော် ယေဟောဝါ၏ပဲ့ပြင်ဆုံးမမှုက ယောနကို လုံးလုံးပြောင်းလဲစေခဲ့သလော။ ဥပမာ၊ ယေဟောဝါသည် သူ့ကို ကရုဏာပြခဲ့သည်၊ ရေနစ်သေဆုံးမည့်အဖြစ်မှ ကယ်တင်ခဲ့သည်၊ သူ့ပုန်ကန်မှုကို အပြစ်မယူဘဲ တာဝန်ကိုဆက်ထမ်းဆောင်ရန် ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့သည်။ ယင်းတို့အားလုံးဖြစ်ပျက်ပြီးနောက် ယောနသည် အခြားသူများကို ကရုဏာပြတတ်ရန် သင်ယူခဲ့သလော။ ကရုဏာပြတတ်ရန် သင်ယူခြင်းသည် မစုံလင်သောလူသားများအတွက် အလွန်ခက်ခဲသော သင်ခန်းစာဖြစ်သည်။ ယောန၏အခက်အခဲမှ ကျွန်ုပ်တို့အဘယ်အရာသင်ယူနိုင်ကြောင်း ကြည့်ကြစို့။
တရားစီရင်ချက်သတင်းနှင့် အံ့ဖွယ်တုံ့ပြန်ချက်
ယောနသည် နိနေဝေမြို့ကို ယေဟောဝါရှုမြင်သကဲ့သို့ မရှုမြင်ချေ။ “[ဘုရားသခင်ရှေ့တွင်] နိနေဝေမြို့သည် အလွန်ကြီးသောမြို့. . .ဖြစ်သတည်း” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (ယောန ၃:၃) “နိနေဝေမြို့ကြီး” ဟုယေဟောဝါသုံးနှုန်းသည့်စကားကို ယောနမှတ်တမ်းတွင် သုံးကြိမ်တိုင်ဖော်ပြထားသည်။ (ယောန ၁:၂; ၃:၂; ၄:၁၁) ထိုမြို့သည် ယေဟောဝါရှေ့တွင် အဘယ်ကြောင့် ကြီးမားသောမြို့၊ အရေးပါသောမြို့ဖြစ်ရသနည်း။
နိနေဝေမြို့သည် ရေလွှမ်းမိုးဘေးပြီးနောက် နိမ်ရောဒတည်ခဲ့သော ဦးဆုံးမြို့တစ်မြို့ဖြစ်ပြီး ရှေးဟောင်းမြို့ဖြစ်သည်။ ယင်းသည် အလွန်ကြီးမားကျယ်ပြောပြီး အခြားမြို့များစွာဖြင့် ပေါင်းစည်းထားသောမြို့ကြီးဖြစ်သောကြောင့် တစ်ဘက်မှတစ်ဘက်ကမ္ဘာဦး ၁၀:၁၁; ယောန ၃:၃) နိနေဝေမြို့သည် ခမ်းနားလှသောဗိမာန်များ၊ တံတိုင်းကြီးများနှင့် အခြားအဆောက်အဦများဖြင့် ထည်ဝါလှသည်။ သို့သော် ယင်းတို့ကြောင့် ထိုမြို့သည် ယေဟောဝါရှေ့တွင် အရေးပါရခြင်းမဟုတ်ပါ။ ကိုယ်တော်အတွက် အရေးပါသည်မှာ ထိုမြို့ရှိလူများဖြစ်သည်။ ထိုအချိန်တွင် နိနေဝေမြို့၌ လူဦးရေများစွာရှိသည်။ သူတို့သည် အလွန်ဆိုးသွမ်းသည့်တိုင် သူတို့ကို ယေဟောဝါစိတ်ဝင်စားတော်မူသည်။ လူ့အသက်ကို ကိုယ်တော် တန်ဖိုးထားသည်။ ထို့ပြင် သူတို့တစ်ဦးစီသည် နောင်တယူပြီး မှန်ရာကိုပြုလုပ်တတ်လာနိုင်ကြောင်းကိုလည်း ကိုယ်တော်သိမြင်တော်မူသည်။
သို့ဖြတ်လျှောက်ရန် သုံးရက်ကြာသည်။ (နောက်ဆုံး၊ နိနေဝေမြို့ထဲသို့ ယောနရောက်လာသောအခါ ထိုတွင်ရှိသော ၁၂၀,၀၀၀ ထက်မကသောလူဦးရေကြောင့် သူ ပိုကြောက်မိပေမည်။ * မြို့တွင်းသို့ တစ်ရက်ခရီးမျှလျှောက်သွားပြီး သူ၏သတင်းကို စကြေညာရန် ပို၍အချက်အချာကျသောအရပ်ကို ရှာသည်။ ထိုသူတို့နှင့် သူမည်သို့ပြောဆိုဆက်သွယ်မည်နည်း။ အဆီးရီးယားဘာသာစကားကို သူပြောတတ်သလော။ ယေဟောဝါသည် အံ့ဖွယ်နည်းဖြင့် ထိုသို့ပြောနိုင်စွမ်းကို ယောနအား ပေးခဲ့သလော။ ကျွန်ုပ်တို့ မသိရပါ။ ယောနသည် သူ၏သတင်းကို ဟေဗြဲဘာသာစကားဖြင့်ပင် ကြေညာခဲ့ပြီး စကားပြန်တစ်ဦးကိုသုံးကာ နိနေဝေမြို့သားတို့အား ပြန်ပြောပြစေခဲ့ပေမည်။ မည်သို့ပင်ဖြစ်စေ၊ “အရက်လေးဆယ်လွန်သော် နိနေဝေမြို့သည် ပျက်စီးခြင်းသို့ရောက်လိမ့်မည်” ဟူသော ယောန၏သတင်းစကားမှာ ရိုးရိုးလေးဖြစ်ပြီး လူတို့၏ကြိုက်နှစ်သက်မှု လုံးဝရရှိမည်မဟုတ်ပေ။ (ယောန ၃:၄) သို့သော် သူသည် သတင်းစကားကို ရဲရင့်စွာ အထပ်ထပ်ကြေညာခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ယနေ့ ခရစ်ယာန်များအတွက် ပို၍လိုအပ်သော ထူးခြားသည့် ရဲစွမ်းသတ္တိနှင့်ယုံကြည်ခြင်းကို ပြသခဲ့သည်။
ယောန၏သတင်းစကားကို နိနေဝေမြို့သားတို့ အာရုံစိုက်လာကြသည်။ ထိုသတင်းကြောင့် မိမိကို လူတို့ရန်မူကာ ရက်ရက်စက်စက်ပြုမူမည်ဟု သူယူမှတ်ထားမည်မှာ သေချာသည်။ သို့သော် ထူးခြားသည့်အရာ ဖြစ်ပျက်ခဲ့၏။ ယောန၏သတင်းစကားကို လူတို့ နားထောင်ကြသည်။ ယင်းသည် တောမီးကဲ့သို့ တစ်မြို့လုံး ပျံ့နှံ့သွား၏။ မကြာမီ ယောန၏တရားစီရင်ချက်သတင်းအကြောင်း တစ်မြို့လုံးက ပြောလာတော့၏။ “နိနေဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကိုယုံ၍ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကိုကြော်ငြာ၍ လျှော်တေအဝတ်ကိုဝတ်ကြ၏” ဟုယောနမှတ်တမ်းကဆိုသည်။ (ယောန ၃:၅) ချမ်းသာသူ၊ ဆင်းရဲသူ၊ ကျန်းမာသူ၊ မကျန်းမာသူ၊ လူကြီးလူငယ်အားလုံးသည် နောင်တယူသည့်သဘောထားကို တင်ပြခဲ့ကြသည်။ သို့နှင့် ထိုအဖြစ်အပျက်များအကြောင်းသည် ဘုရင့်နားထဲရောက်သွား၏။
ဘုရင်လည်း ဘုရားသခင်ကိုကြောက်ရွံ့ပြီး နောင်တယူပြောင်းလဲလို၏။ ထို့ကြောင့် ပလ္လင်ပေါ်မှထ၍ မင်းမြောက်တန်ဆာကိုချွတ်ပြီး မိမိလူတို့ဝတ်ထားသော အဝတ်ကြမ်းကိုဝတ်၍ “ပြာထဲ၌ထိုင်တော်မူ၏။” ထို့နောက် ဘုရင်သည် လူတို့ မိမိတို့ဘာသာအစပြုခဲ့သော အစာရှောင်မှုကို ဘုရင့်အမိန့်အဖြစ် တရားဝင်ကြေညာကာ လူတိုင်းလိုက်နာရန် “မှူးမတ်” များနှင့်အတူ အမိန့်ထုတ်ခဲ့သည်။ လူတိုင်း၊ အိမ်မွေးတိရစ္ဆာန်များပင် လျှော်တေအဝတ်ကို ဝတ်ဆင်ရန် အမိန့်ထုတ်ခဲ့သည်။ * မိမိလူတို့သည် ဆိုးသောအမှု၊ ကြမ်းတမ်းရမ်းကားသောအမှုတို့ဖြင့် အပြစ်ရှိကြောင်း သူ နှိမ့်ချစွာအသိအမှတ်ပြုခဲ့သည်။ မိမိတို့၏နောင်တကို စစ်မှန်သောဘုရားသခင် တွေ့မြင်သောအခါ ကရုဏာပြမည်ဟု သူမျှော်လင့်လျက် “ငါတို့သည် ပျက်စီးခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဘုရားသခင်သည် . . . ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော်မူမည်” ဟုပြောခဲ့သည်။—ယောန ၃:၆-၉။
နိနေဝေမြို့သားတို့ ဤမျှမြန်မြန် သဘောထားပြောင်းသွားသည်ကို ဝေဖန်ရေးသမားအချို့က သံသယဝင်ကြသည်။ သို့သော် ကျမ်းပညာရှင်များက ထိုသို့တုံ့ပြန်မှုသည် ရှေးခေတ်ယဉ်ကျေးမှုမှလူတို့၏ အယူသီးသော၊ စိတ်မြန်သောစရိုက်နှင့် ကိုက်ညီမှုရှိသည်ဟုဆိုသည်။ မည်သို့ပင်ဖြစ်စေ၊ နောက်ပိုင်းတွင် ယေရှုခရစ်ပင် နိနေဝေမြို့သားတို့၏နောင်တအကြောင်း မိန့်ဆိုခဲ့သည်။ (မဿဲ ၁၂:၄၁) ကိုယ်တော်သည် ထိုအချိန်တွင်ဖြစ်ခဲ့သောအရာများကို ကောင်းကင်မှ တွေ့မြင်ခဲ့သည်ဖြစ်ရာ မိမိမိန့်ဆိုနေသောအကြောင်းအရာကို ကောင်းစွာသိတော်မူသည်။ (ယောဟန် ၈:၅၇၊ ၅၈) သို့သော် နိနေဝေမြို့သားတို့၏နောင်တကို ယေဟောဝါလက်ခံပါသလော။
ဘုရားသခင့်ကရုဏာနှင့် လူ့ခက်ထန်မှု၏ ကွာခြားမှု
‘မြို့သားတို့သည် မိမိတို့လိုက်သော မကောင်းမှုလမ်းကိုလွှဲရှောင်၍ ကျင့်သောအကျင့်များကို ဘုရားသခင်သည်မြင်လျှင် အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေတော်မူ၏’ ဟုယောနရေးခဲ့သည်။—ယောန ၃:၁၀။
ယင်းက နိနေဝေမြို့နှင့်ပတ်သက်သည့် မိမိစီရင်ချက် မှားသည်ဟု ယေဟောဝါယူဆကြောင်း ဆိုလိုနေခြင်းလော။ မဟုတ်ပါ။ ယေဟောဝါနှင့်ပတ်သက်၍ ကျမ်းစာက ‘အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့်ညီလျက် သစ္စာစောင့်သောဘုရားသခင် . . . ဖြစ်တော်မူ၏’ ဟုဆိုသည်။ (တရားဟောရာ ၃၂:၄) နိနေဝေမြို့အပေါ် ယေဟောဝါ၏ဖြောင့်မတ်သော အမျက်ဒေါသ ငြိမ်းလေပြီ။ ထိုလူတို့၏ပြောင်းလဲမှုကို ကိုယ်တော်တွေ့မြင်ပြီး သူတို့ကို အပြစ်ပေးရန် မသင့်တော့ဟု ဆုံးဖြတ်ခဲ့သည်။ ယင်းသည် ကရုဏာပြရမည့်အချိန်ပင်ဖြစ်သည်။
ယေဟောဝါသည် ဘာသာရေးခေါင်းဆောင်များပုံဖော်သည့်အတိုင်း ခက်ထန်မာကျောသော၊ အေးတိအေးစက်နိုင်သော ရက်စက်ကြမ်းကြုတ်သည့်ဘုရားသခင် မဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် အကျိုးသင့်အကြောင်းသင့်ရှိသော၊ ပြောင်းသာလဲသာရှိပြီး ကရုဏာပြည့်ဝသောဘုရားသခင်ဖြစ်သည်။ ဆိုးသွမ်းသူများကို ပြစ်ဒဏ်စီရင်ရန် ကိုယ်တော်ဆုံးဖြတ်သောအခါ ဦးစွာ မြေကြီးပေါ်ရှိ မိမိ၏ကိုယ်စားလှယ်များမှတစ်ဆင့် သူတို့ကို သတိပေးသည်။ အကြောင်းမှာ ဆိုးသွမ်းသူတို့သည် နိနေဝေမြို့သားတို့နည်းတူ နောင်တယူကာ လမ်းစဉ်ပြောင်းလဲသည်ကို ကိုယ်တော်အလွန်တွေ့မြင်လိုသောကြောင့်ဖြစ်သည်။ (ယေဇကျေလ ၃၃:၁၁) ‘အကြင်တိုင်းနိုင်ငံကို နုတ်ပယ်ဖြိုချဖျက်ဆီးခြင်းငှာ ငါအမိန့်တော်ရှိ၏။ ငါ့အမိန့်တော်နှင့်ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိမကောင်းမှုကိုစွန့်ပစ်လျှင် ငါကြံစည်သောဘေးဒဏ်ကို ငါနောင်တရမည်’ ဟုမိမိပရောဖက်ယေရမိကို ယေဟောဝါမိန့်ဆိုသည်။—ယေရမိ ၁၈:၇၊ ၈။
သို့ဆိုလျှင် ယောနကြိုဟောသောအရာသည် မှားသွားသလော။ မမှားပါ၊ ယင်းသည် ယေဟောဝါရည်ရွယ်သည့်အတိုင်း လူတို့အတွက် သတိပေးချက်တစ်ရပ်ဖြစ်ခဲ့သည်။ ထိုသတိပေးချက်သည် နိနေဝေမြို့သားတို့၏ ဆိုးသွမ်းသည့်လမ်းစဉ်အပေါ် အခြေပြုသည်။ သူတို့သည် ထိုလမ်းစဉ်ဆိုးကိုစွန့်ပြီး နောင်တယူခဲ့ကြသည်။ နိနေဝေမြို့သားတို့သည် သူတို့၏လမ်းစဉ်ဆိုးကို ပြန်လိုက်ပါက သူတို့ကို ဘုရားသခင် တရားစီရင်မည်ဖြစ်သည်။ နောက်ပိုင်း ထိုအတိုင်း အမှန်ဖြစ်ပျက်ခဲ့သည်။—ဇေဖနိ ၂:၁၃-၁၅။
မိမိမျှော်လင့်ထားသောအချိန်တွင် နိနေဝေမြို့သားတို့ကို ယေဟောဝါမဖျက်ဆီးသောအခါ ယောနမည်သို့တုံ့ပြန်ခဲ့သနည်း။ “ယောနသည် အလွန်စိတ်ညစ်၍ အမျက်ထွက် . . . ၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ (ယောန ၄:၁) အတိုင်းအဆမဲ့တန်ခိုးရှင်ဘုရားသခင်ကို ပြန်တည့်မတ်ပေးသည့်ပုံစံဖြင့်ပင် ယောနဆုတောင်းခဲ့သည်။ မိမိတိုင်းပြည်ရှိအိမ်တွင် သာနေခဲ့လျှင် အကောင်းသားဟု သူယူဆခဲ့သည်။ နိနေဝေမြို့ကို ယေဟောဝါဖျက်ဆီးမည်မဟုတ်ကြောင်း မိမိသိသည်ဟုဆိုပြီး ယင်းကြောင့်ပင် ယခင်က တာရှုမြို့သို့ထွက်ပြေးရခြင်းဖြစ်သည်ဟု ဆင်ခြေပေးလေသည်။ ထို့နောက် အသက်ရှင်ခြင်းထက် သေခြင်းက သာ၍ကောင်းသည်ဟုဆိုပြီး သေခွင့်ပြုရန်ပင် တောင်းပန်ခဲ့သည်။—ယောန ၄:၁-၃။
အဘယ်အရာက ယောနကို စိတ်ပျက်စေသနည်း။ သူ့စိတ်ထဲရှိသည့်အရာအားလုံးကို ကျွန်ုပ်တို့မသိနိုင်သော်လည်း နိနေဝေမြို့သားအားလုံးရှေ့တွင် တရားစီရင်ချက်သတင်းကို ယောနကြေညာခဲ့ကြောင်း ကျွန်ုပ်တို့သိကြသည်။ ထိုသတင်းကို သူတို့ယုံခဲ့သည်။ ယခု ထိုအတိုင်းဖြစ်မလာခဲ့ပေ။ ကဲ့ရဲ့လှောင်ပြောင်ခံရမည်ကို သူစိုးရိမ်ခြင်းလော။ ပရောဖက်အတုအယောင်အဖြစ် လူတို့ယူမှတ်မည်ကို စိုးရိမ်ခြင်းလော။ မည်သို့ပင်ဖြစ်ပါစေ၊ လူတို့နောင်တရခြင်း သို့မဟုတ် သူတို့အပေါ် ယေဟောဝါကရုဏာပြခြင်းကို သူ မနှစ်သက်ခဲ့ပါ။ ယင်းအစား ပို၍စိတ်ဆိုးနာကြည်းလာပြီး မိမိကိုယ်ကိုသနားလာကာ မိမိနာမည်ပျက်ပြီဟု ခံစားနေရသည်။ သို့သော် ကရုဏာပြည့်ဝသောဘုရားသခင်သည် ဤသောကရောက်နေသူ၏ ကောင်းကွက်ကို တွေ့မြင်နေဆဲဖြစ်သည်။ မိမိကိုရိုသေလေးစားမှုမရှိခြင်းအတွက် ယောနကို အပြစ်ယူမည့်အစား ယေဟောဝါက “သင်သည် အမျက်အလွန်ပြင်းထန်စွာထွက်သလော” ဟုနူးညံ့စွာ နှိုက်နှိုက်ချွတ်ချွတ်မေးလိုက်၏။ (ယောန ၄:၄၊ သမ္မာ) ယောန ပြန်၍ပင်အဖြေပေးသလော။ ကျမ်းစာတွင် မဖော်ပြထားပါ။
ယောနကို ယေဟောဝါသင်ခန်းစာပေးပုံ
စိတ်ညစ်နေသောပရောဖက်သည် နိနေဝေမြို့မှထွက်လာကာ အရှေ့ဘက်သို့ ဦးတည်သွား၏။ ထိုနေရာရှိ တောင်အချို့ပေါ်မှ ထိုဒေသကို အပေါ်စီးမှလှမ်းမြင်နေရသည်။ အရိပ်ခိုရန် တဲလေးတစ်ခုဆောက်ပြီး နိနေဝေမြို့ကိုစောင့်ကြည့်နေသည်။ ထိုမြို့ပျက်စီးသည်ကို သူမြင်တွေ့လိုဆဲဖြစ်ပေမည်။ ဤခေါင်းမာသောအမျိုးသား ကရုဏာပြတတ်လာရန် ယေဟောဝါမည်သို့သင်ကြားပေးမည်နည်း။
ယေဟောဝါသည် ကြက်ဆူပင် *ကို ညတွင်းချင်း ပေါက်စေလေ၏။ ယောနနိုးလာသောအခါ အရွက်ကြီးများဝေဆာနေပြီး မိမိဆောက်ထားသောတဲစုတ်ထက် ပိုအရိပ်ရသည့် အပင်ကိုတွေ့လေသည်။ သူ အလွန်ပျော်သွားသည်။ “ယောနသည် အလွန်အားရဝမ်းမြောက်” ပြီး ဤအပင် အံ့ဖွယ်နည်းဖြင့်ပေါ်လာခြင်းသည် ဘုရားသခင်၏ကောင်းချီးနှင့် မျက်နှာသာပေးမှု၏ အမှတ်အသားဖြစ်သည်ဟုပင် ယူမှတ်ပေမည်။ သို့သော် ယေဟောဝါသည် ယောနအား အပူဒဏ်မှကာကွယ်ပေးရုံ၊ ဒေါသပြေစေရုံသာ ပြုလုပ်ခဲ့ခြင်းမဟုတ်ပါ။ ယောန၏စိတ်နှလုံးကို ထိမိစေလိုသည်။ ထို့ကြောင့် အပင်ကိုကိုက်၍ ညှိုးနွမ်းစေရန် ပိုးတစ်ကောင်ကို ဘုရားသခင်အသုံးပြုခဲ့သည်။ ထို့နောက် ပူအားကြီးသောကြောင့် ယောန အလွန် “မော” သွားသည်အထိ ကိုယ်တော်သည် “အလွန်ပူသောအရှေ့လေကို” စေလွှတ်တော်မူ၏။ ယောန စိတ်ပျက်သွားပြီး မိမိအားသေခွင့်ပြုရန် တောင်းလျှောက်ပြန်၏။—ယောန ၄:၆-၈။
တစ်ဖန် ယေဟောဝါက ယောနအား ဤတစ်ကြိမ်တွင် ဘူးပင်ညှိုးနွမ်းသည့်အတွက် အမျက်ထွက်သလောဟု မေးပြန်၏။ နောင်တရမည့်အစား ယောနက “အကျွန်ုပ်သေသည်တိုင်အောင် အမျက်ထွက် . . . ပါသည်” ဟုဆိုကာ မိမိမှန်ကြောင်းပြောဆို၏။ ယခု၊ ယေဟောဝါအတွက် ယောနကိုသင်ခန်းစာပေးရန် အချိန်တန်လေပြီ။—ယောန ၄:၉။
မိမိမစိုက်မပျိုး၊ ကြီးပွားစေခြင်းငှာလည်း မပြုစုဘဲ တစ်ညချင်းတွင် ပေါက်လာသောအပင်တစ်ပင်လေးအတွက် ယောန ဤမျှနှမြောနေကြောင်းပြောကာ ယောနနှင့် ဘုရားသခင် ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ ထို့နောက် ဘုရားသခင်က “များစွာသောတိရစ္ဆာန်တို့ကိုမဆို၊ ကိုယ်လက်ယာလက်နှင့်လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ တစ်သိန်းနှစ်သောင်းမက လူများသောယောန ၄:၁၀၊ ၁၁။ *
နိနေဝေမြို့ကြီးကို ငါနှမြောသင့်သည်မဟုတ်လော” ဟုမိန့်တော်မူ၏။—ယေဟောဝါဆိုလိုသော အဓိကသင်ခန်းစာကို သင်သိမြင်ပါသလော။ ထိုအပင်ကြီးထွားစေရန် ယောန တစ်ခုမျှမလုပ်ဆောင်ခဲ့ရပါ။ သို့သော် ယေဟောဝါမူကား ထိုနိနေဝေမြို့သားတို့၏ အသက်သခင်ဖြစ်ပြီး ကမ္ဘာပေါ်ရှိ အခြားဖန်ဆင်းရာအားလုံးနည်းတူ သူတို့ကိုလည်း ကိုယ်တော် ကျွေးမွေးထောက်မထားသည်။ သူတို့၏တိရစ္ဆာန်တို့ကိုမဆိုဘဲ လူ ၁၂၀,၀၀၀ ၏အသက်ထက် အပင်တစ်ပင်တည်းကို ယောန မည်သို့ပို၍တန်ဖိုးထားနိုင်ပါသနည်း။ ယောန တစ်ကိုယ်ကောင်းဆန်စွာ တွေးတောခဲ့၍မဟုတ်လော။ ထို့ထက်ကား မိမိတစ်ဦးတည်းကိုသာ အကျိုးပြုသည့်အပင်အတွက် သူ စိတ်မကောင်းဖြစ်ရသည်။ နိနေဝေမြို့အပေါ် ယောန အမျက်ထွက်ခြင်းသည် တစ်ကိုယ်ကောင်းဆန်သောသဘော၊ လူတို့၏မျက်နှာသာရလိုသည့် မာနကြီးသောသဘော၊ မိမိမှန်ကြောင်း သက်သေပြလိုသည့်သဘောတို့ကြောင့် ဖြစ်သည်မဟုတ်လော။
အမှန်အရေးပါသော သင်ခန်းစာပါတကား။ မေးစရာမှာ ယောနသည် ထိုသင်ခန်းစာမှ သင်ယူခဲ့ပါသလော။ သူ၏အမည်တပ်ထားသောစာစောင်သည် ယေဟောဝါ၏မေးခွန်းဖြင့် အဆုံးသတ်ထားသည်။ ဝေဖန်ရေးသမားများက ထိုမေးခွန်းကို ယောနလုံးဝအဖြေမပေးခဲ့ဟု ဆိုကြပေမည်။ သို့သော် သူ၏အဖြေမှာ ထိုတွင်ရှိသည်။ ယင်းမှာ ထိုစာစောင်ကိုယ်နှိုက်ပင်ဖြစ်သည်။ အထောက်အထားများက သူ၏အမည်တပ်ထားသောစာစောင်ကို ယောနကိုယ်တိုင်ရေးခဲ့ကြောင်း သက်သေထူသည်။ အမိမြေသို့ လုံခြုံစွာပြန်ရောက်လာသော ပရောဖက်က ထိုမှတ်တမ်းကို ရေးသားခဲ့ကြောင်း စဉ်းစားသာကြည့်ပါလေ။ ပို၍အသက်ကြီးလာသော၊ ပညာရှိလာသော၊ နှိမ့်ချလာသောအမျိုးသားသည် ဝမ်းနည်းစွာ၊ နောင်တရစွာဖြင့် သူ၏ခေါင်းကိုခါယမ်းပြီး သူကိုယ်တိုင်၏အမှားများ၊ ပုန်ကန်မှုနှင့် ကရုဏာပြရန် ခေါင်းမာစွာငြင်းဆိုမှုတို့ကို ရေးသားနေကြောင်း ကျွန်ုပ်တို့မြင်ယောင်ကြည့်နိုင်သည်။ ယေဟောဝါ၏ပညာရှိသောသွန်သင်ချက်မှ ယောနသင်ယူခဲ့သည်မှာ သေချာပါသည်။ သူ ကရုဏာပြတတ်လာခဲ့သည်။ ကျွန်ုပ်တို့ကော။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ၂၀၀၉၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်မှ “သူတို့၏ယုံကြည်ခြင်းကို တုပကြလော့—သူသည် အမှားများမှ သင်ခန်းစာယူခဲ့” ဟူသောဆောင်းပါးကိုကြည့်ပါ။
^ အပိုဒ်၊ 9 ယောနခေတ်တွင် အစ္စရေးနိုင်ငံ၏မြို့တော် ရှမာရိ၌ လူဦးရေ ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်ရှိသည်ဟု ခန့်မှန်းကြပြီး ယင်းသည် နိနေဝေမြို့ရှိလူဦးရေထက် လေးဆလျော့သည်။ ထိုအချိန်တွင် နိနေဝေမြို့သည် ကမ္ဘာတွင် အကြီးမားဆုံးမြို့ဖြစ်ပေမည်။
^ အပိုဒ်၊ 11 ထိုအချက်သည် ထူးဆန်းနေပုံရသော်လည်း ရှေးအချိန်တွင် ထိုသို့ဖြစ်ပျက်ခဲ့ပါသည်။ ရှေးခေတ်ပါးရှန်းလူမျိုးတို့သည် ချစ်ခင်လေးစားရသော ဗိုလ်ချုပ်တစ်ဦးကွယ်လွန်သွားသည့်အခါ သူတို့၏ ငိုကြွေးခြင်းဆိုင်ရာဓလေ့တွင် ခြံမွေးတိရစ္ဆာန်များကိုပါ ပါဝင်စေကြသည်ဟု ဂရိသမိုင်းပညာရှင် ဟဲရိုဒိုတပ်စ်ဆိုသည်။
^ အပိုဒ်၊ 22 ထိုကျမ်းချက်တွင် “ကြက်ဆူပင်” ဟုပြန်ဆိုထားသော ဟေဗြဲစကားလုံးမှာ “ဘူးပင်” ကို ဆိုလိုသည်။
^ အပိုဒ်၊ 24 ထိုလူတို့သည် ကိုယ်လက်ယာလက်နှင့်လက်ဝဲလက်ကိုမျှ ပိုင်းခြားမသိဟု ဘုရားသခင်ဆိုခြင်းက သူတို့သည် ဘုရားသခင်၏ပညတ်စံနှုန်းများကို ကလေးသူငယ်များပမာ လုံးဝမသိရှိခြင်းကို ဆိုလိုသည်။
[စာမျက်နှာ ၁၆ ပါ အကျဉ်းဖော်ပြချက်]
ဆိုးသွမ်းသူတို့သည် နိနေဝေမြို့သားတို့နည်းတူ နောင်တယူကာ လမ်းစဉ်ပြောင်းလဲသည်ကို ဘုရားသခင် အလွန်တွေ့မြင် လိုသည်
[စာမျက်နှာ ၁၇ ပါ အကျဉ်းဖော်ပြချက်]
ကရုဏာပြခြင်းနှင့် ပတ်သက်သော သင်ခန်းစာကို ယောနအား သင်ကြားရန် ဘူးပင်ကို ယေဟောဝါ အသုံးပြုခဲ့သည်