မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ကို ကံကြမ္မာက ထိန်းချုပ်ထားသလော

ကျွန်ုပ်တို့ကို ကံကြမ္မာက ထိန်းချုပ်ထားသလော

စာရှုသူများအမေး

ကျွန်ုပ်တို့ကို ကံကြမ္မာက ထိန်းချုပ်ထားသလော

ကံကြမ္မာသည် ကျွန်ုပ်တို့သေဆုံးမည့်နေ့ကို ကြိုတင်သတ်မှတ်ထားသည်ဟု လူအချို့ဆိုကြသည်။ အခြားသူများကလည်း ဘုရားသခင်သည် ကျွန်ုပ်တို့သေဆုံးမည့်အချိန်ကို ကြိုတင်သတ်မှတ်သည်ဟု အခိုင်အမာပြောဆိုကြသည်။ ထို့ပြင် ဘဝအလှည့်အပြောင်းများကို ရှောင်လွှဲ၍မရဟူ၍လည်း သူတို့ယူဆကြသည်။ သင်လည်း အလားတူရှုမြင်ပါသလော။

အောက်ပါမေးခွန်းများကို သင့်ကိုယ်သင်ပြန်မေးကြည့်ပါ– ‘ကံကြမ္မာကို ပြောင်းလဲလို့မရနိုင်ဘူးဆိုရင်၊ ဘုရားသခင် ဒါမှမဟုတ် ကံကြမ္မာက ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုတင်သတ်မှတ်ပြီးသားဆိုရင် ဘာကြောင့်ဆုတောင်းနေရဦးမှာလဲ။ ကံကြမ္မာက ကြိုတင်စီမံထားပြီးသားဆိုရင် လုံခြုံမှုအတွက် ဘာကြောင့် အကာအကွယ်ယူနေရဦးမှာလဲ။ ကားမောင်းတဲ့အခါ ထိုင်ခုံခါးပတ်ကို ဘာကြောင့်ပတ်နေရဦးမှာလဲ။ အရက်မူးနေတဲ့အခါ ကားမောင်းတော့ကော ဘာဖြစ်မှာမို့လို့လဲ။’

သမ္မာကျမ်းစာက မိုက်ရူးရဲဆန်သော ထိုလုပ်ရပ်မျိုးကို လုံးဝမထောက်ခံပါ။ ဖြစ်ပျက်သမျှအရာရာတိုင်းကို ကံကြမ္မာ၏လက်ထဲတွင် ပုံအပ်ထားမည့်အစား ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုရန် အစ္စရေးလူမျိုးများကို ကျမ်းစာမိန့်မှာထားသည်။ ဥပမာ၊ ခေါင်မိုးပေါ်မှ မတော်တဆလိမ့်မကျစေရန် အိမ်ခေါင်မိုး၏ အနားပတ်လည်၌ အကာအရံကိုလုပ်ရမည်ဟု သူတို့မိန့်မှာခံရသည်။ လူတစ်ဦးသည် အိမ်ခေါင်မိုးပေါ်မှလိမ့်ကျကာ သေဆုံးသွားရန် ဘုရားသခင်ကြိုတင်စီမံထားပါက ထိုပညတ်ကို ကိုယ်တော်ပေးစရာအကြောင်းမရှိပါ။—တရားဟောရာ ၂၂:၈

သဘာဝဘေးဒဏ်များ သို့မဟုတ် မတားဆီးနိုင်သည့် အခြားရင်နင့်ဖွယ်ဖြစ်ရပ်များကြောင့် သေဆုံးသွားသူများနှင့်ပတ်သက်၍ကော။ ၎င်းတို့၏ “သေနေ့” ကို ကြိုတင်ပြဋ္ဌာန်းထားခြင်းလော။ မဟုတ်ပါ၊ “ခပ်သိမ်းသောသူတို့၌ အချိန်နှင့်မမျှော်မှန်းထားသောအမှုဖြစ်တတ်” ကြောင်း ကျမ်းရေးသူဘုရင်ရှောလမုန် ပြောခဲ့သည်။ (ဒေ. ၉:၁၁ကဘ) ထို့ကြောင့် ရင်နင့်ဖွယ်ဖြစ်ရပ်များသည် မည်မျှပင်ဆန်းကြယ်ပါစေ၊ မည်မျှပင်ယုတ္တိမရှိပုံပေါက်နေပါစေ ယင်းတို့ကို ကြိုတင်စီမံထားခြင်းမဟုတ်ပါ။

သို့သော် ယင်းသည် ရှောလမုန်၏ ဤအစောပိုင်းရေးသားချက်များနှင့် ဆန့်ကျင်သည်ဟု အချို့ယူဆကြသည်– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ ဖွားချိန်နှင့် သေချိန်လည်းရှိ၏။” (ဒေ. ၃:၁၊ ၂) ကံစီမံသမျှနာခံရသည်ဟူသောအမြင်ကို ရှောလမုန်ထောက်ခံနေခြင်းလော။ ထိုစကားများကို သေချာသုံးသပ်ကြည့်ကြစို့။

မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ကို ကြိုတင်ပြဋ္ဌာန်းထားသည်ဟု ရှောလမုန်ဆိုလိုနေခြင်းမဟုတ်ပါ။ သူဆိုလိုသည်မှာ မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့သည် ဘဝ၏အခြားအရာများနည်းတူ ဖြစ်ရိုးဖြစ်စဉ်များသာဖြစ်သည်။ “ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏” ဟုဆိုထားရာ လူတို့သည် ဘဝ၏အတက်အကျကို ကြုံတွေ့ရမည်သာဖြစ်၏။ ထိုဖြစ်ရိုးဖြစ်စဉ်များနှင့် မမျှော်မှန်းထားသောဘေးဆိုးများသည် ဘဝတွင်၊ “မိုးကောင်းကင်အောက်၌ အမှုအရေးရှိသမျှ” တွင် ဖြစ်လေ့ဖြစ်ထရှိသောအရာများဖြစ်ကြောင်း ရှောလမုန်ဖော်ပြနေခြင်းဖြစ်သည်။ (ဒေ. ၃:၁-၈သမ္မာ; ၉:၁၁၊ ၁၂) ထို့ကြောင့် ဖန်ဆင်းရှင်ကိုလျစ်လျူရှုမိသည့်အထိ ကျွန်ုပ်တို့၏နေ့စဉ်လုပ်ငန်းဆောင်တာများတွင် အလုပ်မများသင့်ကြောင်း သူ ကောက်ချက်ချခဲ့သည်။—ဒေ. ၁၂:၁၊ ၁၃

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အသက်ရှင်ခြင်းနှင့်သေခြင်းအပေါ် အခွင့်အာဏာအပြည့်အဝရှိသော်လည်း ကျွန်ုပ်တို့၏အနာဂတ်ကို ကြိုတင်ပြဋ္ဌာန်းမထားပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို ထာဝစဉ်အသက်ရှင်မည့်အလားအလာ ကမ်းလှမ်းထားကြောင်း ကျမ်းစာသွန်သင်သည်။ သို့သော် ထိုကမ်းလှမ်းချက်ကို လက်ခံရန် ကိုယ်တော်အတင်းအကျပ်မပြုပေ။ ယင်းအစား၊ “အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ” ဟုကျမ်းစာတွင်ဆိုသည်။—ဗျာ. ၂၂:၁၇

ကျွန်ုပ်တို့သည် “အသက်ရေကိုယူ” လိုစိတ်ရှိရမည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အနာဂတ်ကို ကံကြမ္မာက ကြိုတင်ပြဋ္ဌာန်းမထားပါ။ ကျွန်ုပ်တို့ကိုယ်တိုင်၏ဆုံးဖြတ်ချက်၊ သဘောထား၊ လုပ်ရပ်များသည် ကျွန်ုပ်တို့၏အနာဂတ်အပေါ် အမှန်သက်ရောက်မှုရှိပေသည်။