မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖန်မွေးဖွားခြင်း—မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း

တစ်ဖန်မွေးဖွားခြင်း—မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း

တစ်ဖန်မွေးဖွားခြင်း—မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သနည်း

ယေရှုသည် နိကောဒင်ကို တစ်ဖန်မွေးဖွားခြင်း၏အရေးကြီးမှု၊ ယင်းကိုဖြစ်ပေါ်စေသူနှင့် ယင်း၏ရည်ရွယ်ချက်အကြောင်း ပြောဆိုခဲ့သည့်အပြင် မည်သည့်နည်းများဖြင့် ဖြစ်ပေါ်သည်ဟူသောအကြောင်းကိုလည်း ပြောဆိုခဲ့သည်။ “ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်းကိုမခံလျှင် မည်သူမျှ ဘုရားသခင့်နိုင်ငံတော်သို့ မဝင်ရ” ဟုယေရှုဆိုခဲ့သည်။ (ယောဟန် ၃:၅) ထို့ကြောင့် တစ်ဖန်မွေးဖွားခြင်းသည် ရေနှင့်စွမ်းအားတော်ဖြင့် ဖြစ်ပေါ်သည်။ သို့ဆိုလျှင် ‘ရေနှင့်စွမ်းအားတော်’ ဟူသောအသုံးအနှုန်းသည် အဘယ်အရာကို ရည်ညွှန်းသနည်း။

‘ရေနှင့်စွမ်းအားတော်’ —ယင်းတို့ကား အဘယ်အရာများနည်း

နိကောဒင်သည် ဂျူးကျမ်းတတ်တစ်ဦးဖြစ်သောကြောင့် ‘ဘုရားသခင်၏စွမ်းအားတော်၊’ တစ်နည်းအားဖြင့် ထူးခြားသောအမှုများပြုရန် လူတို့ကိုလှုံ့ဆော်ပေးနိုင်သည့် ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဟူသောစကားလုံးကို ဟေဗြဲကျမ်းစောင်များတွင် မည်သို့အသုံးပြုထားကြောင်း သိရှိမည်မှာ သေချာသည်။ (ကမ္ဘာဦး ၄၁:၃၈; ထွက်မြောက်ရာ ၃၁:၅; ၁ ဓမ္မရာဇဝင် ၁၀:၆) ထို့ကြောင့် “စွမ်းအားတော်” ဟူသောစကားလုံးကို ယေရှုအသုံးပြုသည့်အခါ ယင်းသည် သန့်ရှင်းသောစွမ်းအားတော်၊ ဘုရားသခင်၏ တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်ကြောင်း နိကောဒင်နားလည်ခဲ့ပေမည်။

ရေနှင့်ပတ်သက်သည့် ယေရှု၏ရည်ညွှန်းချက်ကော မည်သို့နည်း။ ယေရှုနှင့်နိကောဒင်၏စကားပြောဆိုခန်း မတိုင်မီနှင့်ပြီးနောက်တွင် တစ်ဆက်တည်းမှတ်တမ်းတင်ထားသော ဖြစ်ရပ်များကို သုံးသပ်ကြည့်ပါ။ ယင်းတို့က နှစ်ခြင်းဆရာယောဟန်နှင့် ယေရှု၏တပည့်များသည် လူတို့ကို ရေတွင်နှစ်ခြင်းပေးကြောင်း ဖော်ပြသည်။ (ယောဟန် ၁:၁၉၊ ၃၁; ၃:၂၂; ၄:၁-၃) ရေတွင်နှစ်ခြင်းခံသောဓလေ့သည် ဂျေရုဆလင်မြို့တွင် လူသိများသည်။ ထို့ကြောင့် ယေရှုသည် ရေအကြောင်းပြောဆိုသောအခါ သာမန်ရေကိုမဟုတ်ဘဲ ရေတွင်နှစ်ခြင်းခံခြင်းကို ရည်ညွှန်းကြောင်း နိကောဒင်သိမြင်ခဲ့ပေမည်။

“စွမ်းအားတော်ဖြင့်” နှစ်ခြင်းခံခြင်း

‘ရေဖြင့်မွေးဖွားခြင်း’ သည် ရေတွင်နှစ်ခြင်းခံသည်ကို ရည်ညွှန်းလျှင် ‘စွမ်းအားတော်ဖြင့်မွေးဖွားခြင်း’ သည် ဘာကိုဆိုလိုသနည်း။ ရေဖြင့်နှစ်ခြင်းခံခြင်းအပြင် စွမ်းအားတော်ဖြင့်နှစ်ခြင်းခံခြင်းလည်း ရှိမည်ဖြစ်ကြောင်း နိကောဒင်နှင့်ယေရှု၏စကားပြောဆိုခန်းမတိုင်မီတွင် နှစ်ခြင်းဆရာယောဟန် ဤသို့ဆိုသည်– “ငါသည် သင်တို့ကို ရေဖြင့်နှစ်ခြင်းပေး၏။ ထိုသူ[ယေရှု]သည် သင်တို့ကို သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းပေးလိမ့်မည်။” (မာကု ၁:၇၊ ၈) ခရစ်ဝင်ကျမ်းရေးသူမာကုသည် စွမ်းအားတော်ဖြင့်နှစ်ခြင်းခံခဲ့သည့် ဦးဆုံးဖြစ်ရပ်ကို ဖော်ပြခဲ့သည်။ သူ ဤသို့ရေးသည်– “ထိုကာလအခါ ယေရှုသည် ဂါလိလဲပြည်၊ နာဇရက်မြို့မှ ဂျော်ဒန်မြစ်သို့ကြွလာ၍ ယောဟန်ထံတွင် နှစ်ခြင်းခံတော်မူ၏။ ကိုယ်တော်သည် ရေမှပေါ်ထသည်နှင့် ကောင်းကင်ပွင့်လျက်၊ စွမ်းအားတော်သည် ချိုးငှက်ကဲ့သို့ မိမိအပေါ် ဆင်းသက်သည်ကို မြင်လေ၏။” (မာကု ၁:၉၊ ၁၀) ယေရှုသည် ဂျော်ဒန်မြစ်ရေထဲ နစ်မြုပ်သွားချိန်တွင် ရေတွင်နှစ်ခြင်းခံခြင်းဖြစ်သည်။ ကိုယ်တော်သည် ကောင်းကင်မှ စွမ်းအားတော်ရရှိချိန်တွင် သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံခြင်းဖြစ်သည်။

ယေရှုသည် နှစ်ခြင်းခံပြီး သုံးနှစ်ခန့်ကြာသောအခါ တပည့်များကို “သင်တို့မူကား များမကြာမီ သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံကြရမည်” ဟုအာမခံခဲ့သည်။ (တမန်တော် ၁:၅) ယင်းသည် မည်သည့်အချိန်တွင် ဖြစ်ပျက်ခဲ့သနည်း။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ယေရှု၏တပည့် ၁၂၀ သည် ဂျေရုဆလင်မြို့ရှိ အိမ်တစ်အိမ်တွင် စုဝေးနေကြသည်။ “လေပြင်းတိုက်သံနှင့်တူသော အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၍ ထိုသူတို့ထိုင်နေသော အိမ်တစ်အိမ်လုံး၌ ပြည့်လေ၏။ ထိုအခါ မီးလျှာကဲ့သို့သောအရာများ ထင်ရှားလာပြီး . . . ထိုသူအပေါင်းတို့သည် သန့်ရှင်းသောစွမ်းအားတော်နှင့်ပြည့်” ကြလေ၏။ (တမန်တော် ၂:၁-၄) ထိုနေ့တွင်ပင် ဂျေရုဆလင်မြို့ရှိ အခြားသူများသည် ရေတွင်နှစ်ခြင်းယူရန် တိုက်တွန်းခံရသည်။ တမန်တော်ပေတရုသည် လူအုပ်ကို ဤသို့ဆို၏– “နောင်တရကြလော့။ သင်တို့အပြစ်များ ခွင့်လွှတ်ခံရရန် ယေရှုခရစ်၏နာမ၌ လူတိုင်း နှစ်ခြင်းခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောစွမ်းအားတော်တည်းဟူသော ဆုကျေးဇူးကို ရရှိကြမည်။” သူတို့မည်သို့တုံ့ပြန်ခဲ့သနည်း။ “ထိုစကားကို ဝမ်းသာအားရခံယူသူတို့သည် နှစ်ခြင်းခံကြ၍ ထိုနေ့တွင် လူသုံးထောင်ခန့်တိုးများလာ၏။”—တမန်တော် ၂:၃၈၊ ၄၁

ဖြစ်စဉ်နှစ်ခုပါဝင်သောအရာ

ထိုနှစ်ခြင်းတို့သည် တစ်ဖန်မွေးဖွားခြင်းအကြောင်း အဘယ်အရာဖော်ပြသနည်း။ တစ်ဖန်မွေးဖွားခြင်းခံရခြင်းသည် ဖြစ်စဉ်နှစ်ခုအားဖြင့် ဖြစ်ပေါ်ကြောင်း ဖော်ပြသည်။ ယေရှုသည် ဦးစွာ ရေတွင်နှစ်ခြင်းခံကြောင်း သတိပြုပါ။ ထို့နောက် သန့်ရှင်းသောစွမ်းအားတော် ရရှိခဲ့သည်။ အလားတူ၊ အစောပိုင်းတပည့်များသည် ဦးစွာ ရေတွင်နှစ်ခြင်းခံခဲ့သည် (အချို့ကို နှစ်ခြင်းဆရာယောဟန် နှစ်ခြင်းပေးခဲ့၏)၊ ထို့နောက် သူတို့သည် သန့်ရှင်းသောစွမ်းအားတော်ကို ရရှိခဲ့ကြသည်။ (ယောဟန် ၁:၂၆-၃၆) အလားတူ၊ ဘာသာပြောင်းဝင်လာသူ ၃,၀၀၀ သည် ဦးစွာ ရေတွင်နှစ်ခြင်းခံခဲ့သည်၊ ထို့နောက် သန့်ရှင်းသောစွမ်းအားတော်ကို ရရှိခဲ့ကြသည်။

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့တွင် ဖြစ်ပျက်သော နှစ်ခြင်းတို့ကို စိတ်စွဲမှတ်လျက် ယနေ့ခေတ်တွင် တစ်ဖန်မွေးဖွားခြင်း မည်သို့ဖြစ်ပေါ်မည်ဟု ကျွန်ုပ်တို့မျှော်လင့်သင့်သနည်း။ ယေရှု၏တမန်တော်များနှင့် အစောပိုင်းတပည့်များကြုံခဲ့ရသည့်နည်းတူ ဖြစ်ပေါ်မည်ဟုမျှော်လင့်သင့်သည်။ ဦးစွာ၊ လူတစ်ဦးသည် သူ၏အပြစ်များအတွက် နောင်တယူပြီး မှားယွင်းသောလမ်းစဉ်ကိုစွန့်ကာ ယေဟောဝါကိုဝတ်ပြု၍အမှုဆောင်ရန် သူ့အသက်တာကိုအပ်နှံရသည်၊ ထိုအပ်နှံမှုကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့် လူအများရှေ့ တင်ပြရသည်။ ထို့နောက် ဘုရားသခင်သည် ကိုယ်တော့်နိုင်ငံတော်တွင် အုပ်စိုးရှင်တစ်ဦးအဖြစ် အမှုဆောင်ရန် သူ့ကိုရွေးချယ်ပါက သူသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် ဘိသိက်ပေးခံရသည်။ ဖြစ်စဉ်နှစ်ခုတွင် ပထမပိုင်း (ရေတွင်နှစ်ခြင်းခံခြင်း) သည် လူတစ်ဦး အစပြုလုပ်ဆောင်ရမည့်အရာဖြစ်ပြီး ဒုတိယပိုင်း (စွမ်းအားတော်ဖြင့်နှစ်ခြင်းခံခြင်း) ကို ဘုရားသခင် အစပြုလုပ်ဆောင်ပေးသည်။ လူတစ်ဦးသည် ထိုနှစ်ခြင်းနှစ်မျိုးစလုံးကို ခံယူပြီးသောအခါ တစ်ဖန်မွေးဖွားခြင်းခံရပြီဖြစ်၏။

သို့ဆိုလျှင် ယေရှုသည် နိကောဒင်နှင့်စကားပြောဆိုစဉ် “ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း မွေးဖွားခြင်း” ဟူသောစကားလုံးကို အဘယ်ကြောင့်သုံးနှုန်းခဲ့သနည်း။ ရေဖြင့်လည်းကောင်း၊ စွမ်းအားတော်ဖြင့်လည်းကောင်း နှစ်ခြင်းခံသူတို့သည် မှတ်သားလောက်ဖွယ်အပြောင်းအလဲတစ်ခု ကြုံတွေ့မည်ကို အလေးပေးဖော်ပြရန်ဖြစ်သည်။ တစ်ဖန်မွေးဖွားခြင်း၏ထိုကဏ္ဍကို နောက်ဆောင်းပါးတွင် သုံးသပ်ထားသည်။

[စာမျက်နှာ ၉ ပါရုပ်ပုံ]

ယောဟန်သည် နောင်တရသောအစ္စရေးလူမျိုးတို့ကို ရေတွင် နှစ်ခြင်းပေးခဲ့