မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဖန်မွေးဖွားခြင်း—ယင်းသည် အဘယ်အရာကို ဖြစ်မြောက်စေသနည်း

တစ်ဖန်မွေးဖွားခြင်း—ယင်းသည် အဘယ်အရာကို ဖြစ်မြောက်စေသနည်း

တစ်ဖန်မွေးဖွားခြင်း—ယင်းသည် အဘယ်အရာကို ဖြစ်မြောက်စေသနည်း

ယေရှုသည် သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံခြင်းအကြောင်း ပြောဆိုသည့်အခါ ‘စွမ်းအားတော်ဖြင့်မွေးဖွားခြင်း’ ဟူသောစကားလုံးကို အဘယ်ကြောင့်အသုံးပြုခဲ့သနည်း။ (ယောဟန် ၃:၅) “မွေးဖွားခြင်း” ဟူသောဥပစာစကားသည် “စတင်ခြင်း” ကိုဆိုလိုသည်။ ထို့ကြောင့် “တစ်ဖန်မွေးဖွားခြင်း” ဟူသောအသုံးအနှုန်းသည် “အသစ်စတင်ခြင်း” ကိုရည်ညွှန်းသည်။ “မွေးဖွားခြင်း” နှင့် “တစ်ဖန်မွေးဖွားခြင်း” ဟူသောဥပစာစကားသည် စွမ်းအားတော်ဖြင့်နှစ်ခြင်းခံပြီးသူတို့နှင့် ဘုရားသခင်စပ်ကြား ဆက်ဆံရေးအသစ်စတင်ဖြစ်ပေါ်ခြင်းကို မီးမောင်းထိုးပြသည်။ ထိုဆက်ဆံရေးတွင် ကြီးမားသောအပြောင်းအလဲ မည်သို့ဖြစ်ပေါ်လာသနည်း။

ကောင်းကင်တွင် အုပ်စိုးရှင်များဖြစ်လာရန် လူသားများကို ဘုရားသခင် မည်သို့ပြင်ဆင်ပေးကြောင်း ရှင်းပြရာတွင် တမန်တော်ပေါလုသည် မိသားစုဘဝမှပုံဥပမာတစ်ခုကို အသုံးပြုခဲ့သည်။ သူ့ခေတ်ရှိခရစ်ယာန်များသည် “သားများအဖြစ်မွေးစားခံရမည်” ဖြစ်သောကြောင့် ဘုရားသခင်သည် သူတို့ကို “သားအဖြစ် ဆက်ဆံ” နိုင်မည်ဖြစ်ကြောင်း သူရေးခဲ့သည်။ (ဂလာတိ ၄:၅; ဟေဗြဲ ၁၂:၇) မွေးစားခြင်းဥပမာက သန့်ရှင်းသောစွမ်းအားတော်ဖြင့် နှစ်ခြင်းခံပြီးသူတစ်ဦး ကြုံတွေ့ရသောပြောင်းလဲမှုကို နားလည်ဖို့ မည်သို့ကူညီပေးကြောင်း သိနိုင်ရန် တိုင်းရင်းသားတို့၏ကျောင်းတွင် ကျောင်းအပ်လိုသောလူငယ်၏ဥပမာကို နောက်တစ်ကြိမ် ထပ်သုံးသပ်ကြည့်ကြစို့။

မွေးစားခြင်းကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှု

ဥပမာတွင် ထိုလူငယ်သည် တိုင်းရင်းသားတစ်ဦးမဟုတ်သောကြောင့် ကျောင်းမအပ်နိုင်ပေ။ တစ်နေ့၊ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပျက်လာသည်ဟု စိတ်ကူးကြည့်ပါ။ ထိုတိုင်းရင်းသားလူမျိုး မိသားစုတစ်စုမှ ဖခင်တစ်ဦးက သူ့ကို တရားဝင်မွေးစားလိုက်သည်။ ယင်းက ထိုလူငယ်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ယခု၊ သူသည် သားအဖြစ်မွေးစားခံရသောကြောင့် ကျောင်းအပ်နိုင်ခွင့်အပါအဝင် အခြားတိုင်းရင်းသားကျောင်းသားများနှင့်တန်းတူ အခွင့်အရေးရရှိနိုင်လေပြီ။ မွေးစားခံရခြင်းသည် သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပြီ။

ထိုဥပမာက တစ်ဖန်မွေးဖွားခံရသူများကြုံတွေ့ရသည့် ပို၍ထူးခြားသောအပြောင်းအလဲကို ဖော်ပြသည်။ ဆင်တူချက်အချို့ကို သုံးသပ်ကြည့်ပါ။ ဥပမာထဲမှ လူငယ်သည် ကျောင်းအပ်နိုင်ရန် တိုင်းရင်းသားတစ်ဦးဖြစ်ရမည်ဟူသော တောင်းဆိုချက်ကိုပြည့်မီမှသာ ကျောင်းတက်ခွင့်ရမည်ဖြစ်၏။ သို့သော် ထိုတောင်းဆိုချက်ကို သူ့ဘာသာသူ ပြည့်မီနိုင်မည်မဟုတ်ပါ။ အလားတူ၊ လူအချို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခွင့်ရရန် “တစ်ဖန်မွေးဖွားခြင်း” ခံရမည်ဟူသော တောင်းဆိုချက်ကိုပြည့်မီမှသာ ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် ကောင်းကင်အုပ်ချုပ်မှု၏ ဘုရင်များဖြစ်လာနိုင်သည်။ သို့သော် ထိုတောင်းဆိုချက်ကို သူတို့ဘာသာပြည့်မီနိုင်မည်မဟုတ်ပါ၊ အကြောင်းမှာ တစ်ဖန်မွေးဖွားခြင်းသည် ဘုရားသခင်နှင့်ဆိုင်သောကြောင့်ဖြစ်၏။

ပုံဥပမာမှ လူငယ်၏အခြေအနေကို အဘယ်အရာက ပြောင်းလဲစေခဲ့သနည်း။ မွေးစားခြင်းနှင့်ပတ်သက်သော တရားဥပဒေဆိုင်ရာလုပ်ဆောင်မှုဖြစ်၏။ ထိုသို့မွေးစားခံရခြင်းက သူ၏မျိုးရိုးကို မပြောင်းလဲသွားစေသည်မှာ မှန်ပါသည်။ သူသည် မွေးစားခံရပြီးနောက်တွင်လည်း ထိုလူငယ်ဖြစ်နေဆဲပင်။ သို့တိုင် မွေးစားခြင်းနှင့်ပတ်သက်သော တရားဥပဒေတောင်းဆိုချက်များပြည့်မီပြီးနောက် သူသည် အနေအထားအသစ်ကို ရရှိခဲ့သည်။ သူသည် အသစ်စတင်မှုကို ခံစားခဲ့ရသည်၊ တစ်နည်းဆိုရလျှင် အသစ်တစ်ဖန်မွေးဖွားခံရပြီ။ သားအဖြစ်အသိအမှတ်ပြုခံရပြီး ယင်းကြောင့် ကျောင်းတက်ခွင့်နှင့် မွေးစားဖခင်၏မိသားစုဝင်ဖြစ်ခွင့်ရခဲ့သည်။

အလားတူ၊ ယေဟောဝါသည် မစုံလင်သူလူသားအုပ်စုတစ်စုကို မိမိသားသမီးများအဖြစ်မွေးစားရန် တရားရေးလုပ်ထုံးလုပ်နည်းများကို အစပြုလုပ်ဆောင်ခြင်းဖြင့် သူတို့၏အခြေအနေကို ပြောင်းလဲပေးခဲ့သည်။ ထိုအုပ်စုဝင်တစ်ဦးဖြစ်သူ တမန်တော်ပေါလုက ယုံကြည်သူချင်းတို့အား ဤသို့ဆိုသည်– “ဘုရားသခင့်စွမ်းအားတော်သည် ငါတို့ကို . . . သားများအဖြစ်မွေးစားခြင်းကို ခံရစေ၍ ‘အဗ္ဗ၊ အဖ’ ဟုခေါ်စေ၏။ ငါတို့သည် ဘုရားသခင်၏သားသမီး ဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူ သက်သေခံ၏။” (ရောမ ၈:၁၅၊ ၁၆) မှန်ပါသည်၊ မွေးစားခံရခြင်းအားဖြင့် ထိုခရစ်ယာန်များသည် ဘုရားသခင့်မိသားစုဝင် သို့မဟုတ် “ဘုရားသခင်၏သားသမီးများ” ဖြစ်လာသည်။—၁ ယောဟန် ၃:၁; ၂ ကောရိန္သု ၆:၁၈

ဘုရားသခင်၏မွေးစားခံရခြင်းသည် မွေးစားခံရသူတို့၏ မစုံလင်သည့်အဖြစ်ကို မပြောင်းလဲစေပါ၊ အကြောင်းမှာ သူတို့သည် မစုံလင်သူများဖြစ်နေဆဲပင်။ (၁ ယောဟန် ၁:၈) မည်သို့ပင်ဖြစ်စေ၊ ပေါလု ထပ်မံရှင်းပြသည့်အတိုင်း မွေးစားခံရရန် တရားဥပဒေတောင်းဆိုချက်များကို ပြည့်မီပြီးနောက် သူတို့သည် အနေအထားအသစ်ကို ရရှိခဲ့ကြသည်။ တစ်ချိန်တည်းတွင် ထိုမွေးစားသားများသည် ကောင်းကင်တွင် ခရစ်တော်နှင့်အတူစိုးစံရမည်ကို ဘုရားသခင်၏စွမ်းအားတော်က သူတို့အား ယုံကြည်စိတ်ချစေသည်။ (၁ ယောဟန် ၃:၂) သန့်ရှင်းသောစွမ်းအားတော်က ဖြစ်ပေါ်စေသည့် မမှားနိုင်သော ထိုယုံကြည်စိတ်ချမှုသည် ဘဝကို ရှုမြင်ချက်အသစ်ဖြင့် ရှုမြင်စေသည်။ (၂ ကောရိန္သု ၁:၂၁၊ ၂၂) မှန်ပါသည်၊ သူတို့သည် အသစ်စတင်ခြင်းဖြစ်သော တစ်ဖန်မွေးဖွားခြင်းခံရသည့်အလား တွေ့ကြုံခဲ့ရသည်။

ဘုရားသခင်၏မွေးစားသားများနှင့်ပတ်သက်၍ ကျမ်းစာတွင် ဤသို့ဆိုသည်– “သူတို့သည် ဘုရားသခင်နှင့်ခရစ်တော်၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြလိမ့်မည်။ ခရစ်တော်နှင့်အတူ ဘုရင်များအဖြစ် အနှစ်တစ်ထောင်အုပ်စိုးရလိမ့်မည်။” (ဗျာ. ၂၀:၆) ဘုရားသခင်၏မွေးစားသားများသည် ခရစ်တော်နှင့်အတူ ဘုရားသခင့်နိုင်ငံတော် သို့မဟုတ် ကောင်းကင်အုပ်ချုပ်မှုတွင် ဘုရင်များဖြစ်လာကြမည်။ “ကောင်းကင်၌သိုထား” သည့် “မပျက်စီးနိုင်သော၊ မညစ်ညူးသော၊ မညှိုးနွမ်းသော အမွေ” ကို ခရစ်ယာန်ချင်းများရရှိမည်ဖြစ်ကြောင်း တမန်တော်ပေတရု ပြောဆိုသည်။ (၁ ပေတရု ၁:၃၊ ၄) အဖိုးထိုက်လှသောအမွေပါတကား။

သို့သော် ထိုအုပ်ချုပ်မှုသည် မေးခွန်းတစ်ခုပေါ်ပေါက်စေသည်။ တစ်ဖန်မွေးဖွားခံရသူများသည် ကောင်းကင်တွင် ဘုရင်များအဖြစ်အုပ်စိုးမည်ဆိုလျှင် မည်သူတို့ကို အုပ်စိုးမည်နည်း။ ထိုမေးခွန်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။

[စာမျက်နှာ ၁၀ ပါရုပ်ပုံ]

မွေးစားခြင်းအကြောင်း ပေါလု အဘယ်အရာပြောဆိုခဲ့သနည်း