မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သားသမီးတို့ကို သွန်သင်လော့

ယောရှက မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ယေဟောဝါကို စွန့်ခွာခဲ့တယ်

ယောရှက မကောင်းတဲ့ အပေါင်းအသင်းတွေကြောင့် ယေဟောဝါကို စွန့်ခွာခဲ့တယ်

ဘုရားသခင်ရဲ့ ဝတ်ပြုရာအိမ်တော်တည်ရှိတဲ့ ဂျေရုဆလင်မြို့မှာ သိပ်ကြောက်စရာကောင်းတဲ့ အချိန်ပေါ့။ မကြာသေးခင်ကပဲ ဘုရင်အာခဇိ အသတ်ခံရတယ်။ အဲဒီနောက် အာခဇိရဲ့မယ်တော် အာသလိရဲ့ လုပ်ရပ်တွေက ဆိုးဝါးလိုက်တာ လွန်ရောပဲ။ သူက အာခဇိရဲ့ သားတွေ၊ တစ်နည်းအားဖြင့် သူ့မြေး အရင်းခေါက်ခေါက်တွေကို သတ်ပစ်လိုက်တယ်။ ဘာကြောင့်လဲ ကလေးတို့ သိသလား။— * ဒီလိုလုပ်မှ သူက ဘုရင်မအဖြစ် အုပ်စိုးနိုင်မှာလေ။

ဒါပေမဲ့ အာသလိရဲ့မြေး ယောရှကျတော့ အသက်ချမ်းသာရခဲ့တယ်၊ ဒါကို သူ့အဘွား သိတောင်မသိလိုက်ဘူး။ ဘယ်လို အသက်ချမ်းသာ ရသွားသလဲဆိုတာ ကလေးတို့ သိချင်သလား။— သူ့အဒေါ် ယောရှေဘက ယောရှကို ဘုရားသခင့်ဝတ်ပြုရာအိမ်တော်မှာ ဝှက်ထားလိုက်တယ်။ ယောရှေဘရဲ့ခင်ပွန်း ယောယဒက ယဇ်ပုရောဟိတ်မင်းဖြစ်နေတဲ့အတွက် ဒီလိုလုပ်နိုင်ခဲ့တာပေါ့။ ယောရှ ဆက်ပြီးဘေးကင်းလုံခြုံဖို့ သူတို့အတူ ကာကွယ်ပေးခဲ့ကြတယ်။

ဒီလိုနဲ့ ယောရှကို ခြောက်နှစ်အရွယ်အထိ ဝတ်ပြုရာအိမ်တော်မှာ လုံလုံခြုံခြုံ ဝှက်ထားနိုင်ခဲ့တယ်။ ပြီးတော့ ယေဟောဝါဘုရားသခင်နဲ့ ကိုယ်တော့်ပညတ်တွေအကြောင်း သွန်သင်ပေးတယ်။ ယောရှ ခုနစ်နှစ်အရွယ်ရောက်တဲ့အခါ ယောယဒက ယောရှကို နန်းတင်ဖို့ ကြိုးစားခဲ့တယ်။ ယောယဒ ဘယ်လိုနန်းတင်ခဲ့ပြီး ယောရှရဲ့အဘွား ဆိုးသွမ်းတဲ့ဘုရင်မ အာသလိ ဘာဖြစ်သွားတယ်ဆိုတာ ကလေးတို့ သိချင်သလား။—

အဲဒီတုန်းက ဂျေရုဆလင်မြို့ရဲ့ဘုရင်တွေအတွက် အမှုထမ်းလေ့ရှိတဲ့ အထူးနန်းတော်စောင့်တပ်မှူးတွေကို ယောယဒ တိတ်တဆိတ် ခေါ်လိုက်တယ်။ ပြီးတော့ သူနဲ့သူ့ဇနီးက ဘုရင်အာခဇိရဲ့သားတော် ယောရှကို ဘယ်လို ကယ်တင်ခဲ့တယ်ဆိုတာ ဖွင့်ပြောလိုက်တယ်။ အဲဒီနောက် ယောရှကို နန်းတော်စောင့်တပ်မှူးတွေရှေ့ ခေါ်ထုတ်ပြတဲ့အခါ ထီးနန်းဆက်ခံသင့်တဲ့ ယောရှကို သူတို့ မှတ်မိသွားတာပေါ့။ ဒါနဲ့ အစီအစဉ်တစ်ခု ဆွဲကြတယ်။

ယောယဒက ယောရှကို ခေါ်ထုတ်ပြီး သရဖူ ဆောင်းပေးလိုက်တယ်။ အဲဒီအခါ လူတွေက ‘“ရှင်ဘုရင် အသက်တော်ရှင်စေသတည်း” ဆိုပြီး လက်ခုပ်တီး ကြွေးကြော်ကြတယ်။’ တပ်မှူးတွေက ယောရှကို ဝိုင်းရံကာကွယ်ပေးကြတယ်။ ဒီကြွေးကြော်သံကို အာသလိ ကြားတဲ့အခါ ပြေးထွက်လာပြီး ပုန်ကန်မှုကြီးပဲဆိုပြီး အော်ဟစ်တော့တယ်။ ဒါပေမဲ့ တပ်မှူးတွေက ယောယဒရဲ့ အမိန့်အတိုင်း အာသလိကို ဖမ်းပြီး သတ်ပစ်လိုက်တယ်။—၄ ဓမ္မရာဇဝင် ၁၁:၁-၁၆

ယောရှက ယောယဒရဲ့စကားကို ဆက်နားထောင်ပြီး မှန်ရာကို လုပ်ဆောင်သွားမယ်လို့ ကလေးတို့ ထင်သလား။— ယောယဒ အသက်ရှင်နေသေးသရွေ့တော့ သူ အဲဒီလို လုပ်ဆောင်ခဲ့တယ်။ သူ့အဘိုး ယဟောရံနဲ့ ခမည်းတော် အာခဇိ ဂရုမစိုက်ဘဲ ပစ်ထားတဲ့ ဝတ်ပြုရာအိမ်တော်ကို ပြုပြင်ဖို့အတွက် လူတွေ ငွေလှူဒါန်းဖို့တောင် ယောရှ လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ယဇ်ပုရောဟိတ်မင်း ယောယဒ သေသွားတဲ့နောက် ဘာဆက်ဖြစ်တယ်ဆိုတာ ကြည့်ရအောင်။—၄ ဓမ္မရာဇဝင် ၁၂:၁-၁၆

ယောရှ ကယ်တင်ခံခဲ့ရ

ဒီအချိန်မှာ ယောရှရဲ့အသက် ၄၀ လောက် ရှိနေပြီ။ သူက ယေဟောဝါကို ဝတ်ပြုသူတွေနဲ့ ဆက်ပေါင်းသင်းမယ့်အစား မှားယွင်းတဲ့နတ်ဘုရားတွေကို ဝတ်ပြုသူတွေနဲ့ မိတ်ဆွေဖွဲ့လာတယ်။ အဲဒီအချိန်မှာ ယောယဒရဲ့သား ဇာခရိက ယေဟောဝါရဲ့ ယဇ်ပုရောဟိတ် ဖြစ်တယ်။ အခု၊ ယောရှ မကောင်းမှုတွေ လုပ်နေပြီဆိုတာ သိသွားတော့ ဇာခရိ ဘာလုပ်မယ်လို့ ကလေးတို့ ထင်သလဲ။—

ဇာခရိက ‘သင်သည် ယေဟောဝါကို စွန့်သောကြောင့် သင့်ကိုလည်း စွန့်တော်မူပြီ’ လို့ ယောရှကို ပြောတယ်။ ဒီစကားကြောင့် ယောရှ သိပ်စိတ်ဆိုးသွားပြီး ဇာခရိကို ကျောက်ခဲနဲ့ ပေါက်သတ်ဖို့ အမိန့်ပေးခဲ့တယ်။ စဉ်းစားကြည့်ပါဦး— ယောရှက လူသတ်ကောင်ရဲ့လက်က ကယ်တင်ခံခဲ့ရပေမဲ့ အခုတော့ သူကိုယ်တိုင် လူသတ်ကောင် ဖြစ်နေပြီ။—၂ ရာဇဝင်ချုပ် ၂၄:၁-၃၊ ၁၅-၂၂

ဒီမှတ်တမ်းကနေ တို့တွေ ဘာသင်ခန်းစာတွေ ရနိုင်မယ်လို့ ကလေးတို့ ထင်သလဲ။— မုန်းတီးစိတ်ပြည့်နေပြီး ရက်စက်ကြမ်းကြုတ်တဲ့ အာသလိလို တို့တွေ ဘယ်တော့မှ မဖြစ်ချင်ကြဘူး။ အဲဒီအစား ယေရှု သွန်သင်ပေးခဲ့သလိုပဲ တို့တွေ အချင်းချင်းနဲ့ ရန်သူတွေကိုတောင် ချစ်သင့်တယ်။ (မဿဲ ၅:၄၄။ ယောဟန် ၁၃:၃၄၊ ၃၅) ပြီးတော့ ယောရှလိုပဲ အစပိုင်းမှာ မှန်ရာကို လုပ်ဆောင်ခဲ့ပြီး ဒီအတိုင်း ဆက်လုပ်ဆောင်သွားချင်တယ်ဆိုရင် ယေဟောဝါကို ချစ်တဲ့သူတွေ၊ ကိုယ်တော့်ကို ဝတ်ပြုဖို့ အားပေးတဲ့သူတွေနဲ့ပဲ ဆက်ပေါင်းသင်းဖို့လိုတယ်ဆိုတာ ကလေးတို့ မမေ့ကြပါနဲ့။

^ အပိုဒ်၊ 3 သင်သည် သင့်ကလေးနှင့်အတူ ဖတ်နေမည်ဆိုလျှင် မျဉ်းရှည်သည် ခေတ္တရပ်တန့်ရန်နှင့် မေးခွန်းမေးရန် အားပေးသည့် အမှတ်အသား ဖြစ်သည်။