အစာရှောင်ခြင်း—ယင်းသည် ဘုရားသခင်နှင့် ပိုနီးကပ်စေနိုင်သလော
အစာရှောင်ခြင်း—ယင်းသည် ဘုရားသခင်နှင့် ပိုနီးကပ်စေနိုင်သလော
‘အစာရှောင်တဲ့အခါ ဘုရားသခင်နဲ့ ကိုယ့်ရဲ့ဆက်ဆံရေးအကြောင်း အလေးအနက်တွေးတောမိတဲ့အပြင် ဥစ္စာပစ္စည်းနဲ့အစားအစာက ဘဝမှာ အရေးကြီးဆုံးမဟုတ်ဘူးဆိုတာကို သတိပြုမိစေတယ်။’ —ကက်သလစ်အမျိုးသမီးတစ်ဦး။
‘အစာရှောင်တာက ဘုရားသခင်နဲ့ဆက်ဆံရေးကောင်းရှိစေနိုင်တယ်။’—ဂျူးဘာသာရေးခေါင်းဆောင်တစ်ဦး။
‘အစာရှောင်ခြင်းဆိုတာ မဖြစ်မနေလုပ်ရမယ့်အရာ၊ ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ ကြည်ညိုလေးမြတ်ကြောင်းဖော်ပြတဲ့ အဓိကအရာဖြစ်တယ်လို့ ကျွန်မယုံကြည်တယ်။ ကျွန်မ အစာရှောင်တာက ကိုယ်တော့်ကို ချစ်မြတ်နိုးလို့ပါပဲ။’ —ဘာဟာအီဘာသာဝင်တစ်ဦး။
အစာရှောင်ခြင်းသည် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ဂျိန်းဘာသာနှင့် ဂျူးဘာသာအပါအဝင် ကမ္ဘာ့ဘာသာတရားများစွာက လက်ခံကျင့်သုံးနေသည့် ကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်အပိုင်းအခြားတစ်ခုအတွင်း အစာရှောင်ခြင်းသည် ဘုရားသခင်နှင့်ပိုနီးကပ်စေသည်ဟု လူများစွာယုံကြည်ကြသည်။
သင် မည်သို့ထင်သနည်း။ သင် အစာရှောင်သင့်သလော။ ဘုရားသခင့်နှုတ်မြွက်တော်သမ္မာကျမ်းစာက ယင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသနည်း။
ကျမ်းစာခေတ်တွင် အစာရှောင်ခြင်း
ကျမ်းစာခေတ်တွင် လူတို့သည် အကြောင်းရင်းအမျိုးမျိုးကြောင့် အစာရှောင်ခဲ့ကြပြီး ယင်းကို ဘုရားသခင်နှစ်သက်ခဲ့သည်။ အပြစ်ကြောင့် အလွန်အမင်းစိတ်ထိခိုက်ကြောင်း၊ နောင်တရကြောင်းဖော်ပြရန် (၁ ဓမ္မရာဇဝင် ၇:၄-၆)၊ ဘုရားသခင်၏မျက်နှာသာရရန်၊ ကိုယ်တော့်လမ်းညွှန်မှုကို တောင်းခံရန် (တရားသူကြီး ၂၀:၂၆-၂၈; လုကာ ၂:၃၆၊ ၃၇) သို့မဟုတ် တွေးတောဆင်ခြင်စဉ် အာရုံပိုစူးစိုက်နိုင်ရန် လူအချို့ အစာရှောင်ခဲ့ကြသည်။—မဿဲ ၄:၁၊ ၂။
သို့သော် ဘုရားသခင်မနှစ်သက်သော အစာရှောင်ခြင်းအကြောင်းကိုလည်း ကျမ်းစာတွင် ဖော်ပြထားသည်။ ဘုရင်ရှောလုသည် နတ်ဝင်သည်မိန်းမတစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ခြင်းမပြုမီ အစာရှောင်ခဲ့သည်။ (ဝတ်ပြုရာ ၂၀:၆; ၁ ဓမ္မရာဇဝင် ၂၈:၂၀) ယေဇဗေလ၊ တမန်တော်ပေါလုကိုသတ်ရန်ကြံစည်သော တစ်ယူသန်များကဲ့သို့သော ဆိုးသွမ်းသူများသည် သူတို့နှင့်အခြားသူများ အစာရှောင်ရန် အချိန်သီးသန့်ဖယ်ထားကြသည်။ (၃ ဓမ္မရာဇဝင် ၂၁:၇-၁၂; တမန်တော် ၂၃:၁၂-၁၄) ဖာရိရှဲများသည်လည်း ပုံမှန်အစာရှောင်လေ့ရှိသည်။ (မာကု ၂:၁၈) သို့သော် သူတို့ကို ယေရှုပြစ်တင်ရှုတ်ချခဲ့ပြီး ဘုရားသခင်၏နှစ်သက်လက်ခံမှုကို သူတို့မရခဲ့ကြချေ။ (မဿဲ ၆:၁၆; လုကာ ၁၈:၁၂) အလားတူ၊ အစ္စရေးလူအချို့၏အကျင့်ဆိုးများနှင့် ရည်ရွယ်ချက်မမှန်ကန်မှုကြောင့် သူတို့၏အစာရှောင်ခြင်းကို ယေဟောဝါလျစ်လျူရှုခဲ့သည်။—ယေရမိ ၁၄:၁၂။
အစာရှောင်ရုံမျှဖြင့် ဘုရားသခင့်နှစ်သက်မှုရမည်မဟုတ်ကြောင်း ထိုဥပမာများက ဖော်ပြသည်။ သို့သော် စိတ်ရိုးဖြောင့်သော ဘုရားသခင့်ကျေးကျွန်များစွာသည် အစာရှောင်ခဲ့ကြပြီး ဘုရားသခင်၏နှစ်သက်လက်ခံမှုရရှိခဲ့သည်။ သို့ဆိုလျှင် ခရစ်ယာန်များသည် အစာရှောင်သင့်သလော။
အစာရှောင်ခြင်းသည် ခရစ်ယာန်များ မဖြစ်မနေပြုရမည့်အရာလော
တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာနေ့တွင် “ခြိုးခြံစွာကျင့်” ရန်၊ တစ်နည်းဆိုသော် အစာရှောင်ရန် ဂျူးများကို မောရှေပညတ်တွင် တောင်းဆိုထားသည်။ (ဝတ်ပြုရာ ၁၆:၂၉-၃၁; ဆာလံ ၃၅:၁၃) ယေဟောဝါသည် မိမိကျွေးကျွန်များကို အစာရှောင်ရန် ဤတစ်ကြိမ်သာ ပညတ်ခဲ့ဖူးသည်။ * မောရှေပညတ်အောက်တွင်ရှိသော ဂျူးများသည် ထိုပညတ်ကို နာခံခဲ့ကြမည်။ သို့သော် ခရစ်ယာန်များသည် မောရှေပညတ်ကို လိုက်နာစောင့်ထိန်းရန် မလိုအပ်တော့ပေ။—ရောမ ၁၀:၄; ကောလောသဲ ၂:၁၄။
ယေရှုသည် ပညတ်တရား၏တောင်းဆိုချက်ကြောင့် အစာရှောင်ခဲ့သည်မှန်သော်လည်း ထိုလုပ်ရပ်ကြောင့် ကိုယ်တော်ကို လူသိများခဲ့ခြင်းမဟုတ်ပါ။ အစာရှောင်မည်ဆိုပါက မည်သို့ပြုမူသင့်ကြောင်း တပည့်များကို သင်ပေးခဲ့သော်လည်း အစာရှောင်ရမည်ဟု တစ်ခါမျှ ကိုယ်တော် မမိန့်မှာခဲ့ချေ။ (မဿဲ ၆:၁၆-၁၈; ၉:၁၄) သို့ဆိုလျှင် ယေရှုက တပည့်များသည် မိမိသေဆုံးပြီးနောက်တွင် အစာရှောင်လိမ့်မည်ဟု အဘယ်ကြောင့်မိန့်ဆိုခဲ့သနည်း။ (မဿဲ ၉:၁၅) ယင်းသည် ပညတ်ချက်မဟုတ်ပါ။ မိမိသေဆုံးသောအခါ တပည့်များသည် အလွန်ဝမ်းနည်းကာ အစာစားချင်စိတ်ပင် ရှိတော့မည်မဟုတ်ဟု ယေရှုမိန့်ဆိုနေခြင်းသာဖြစ်သည်။
လူတစ်ဦး အစာရှောင်ရသည့်ရည်ရွယ်ချက်သည် မှန်ကန်ပါက ဘုရားသခင်လက်ခံတော်မူကြောင်း အစာရှောင်ခဲ့သောအစောပိုင်းခရစ်ယာန်များ၏ ကျမ်းစာမှတ်တမ်းနှစ်ခုက ဖော်ပြနေသည်။ (တမန်တော် ၁၃:၂၊ ၃; ၁၄:၂၃) * သို့သော် အစာရှောင်ခြင်းသည် ခရစ်ယာန်များမဖြစ်မနေပြုရမည့်တာဝန် မဟုတ်ပါ။ လူတစ်ဦးသည် ထိုသို့ပြုလုပ်လိုပါက အန္တရာယ်အချို့ကို သတိထားသင့်သည်။
အစာရှောင်ခြင်း၏အန္တရာယ်များကို သတိပြုပါ
အစာရှောင်ခြင်းနှင့်စပ်လျဉ်း၍ သတိပြုရမည့်အန္တရာယ်တစ်ခုမှာ မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု ယူဆခြင်းဖြစ်သည်။ ကျမ်းစာက “ဟန်ဆောင်နှိမ့်ချ” သောသဘောထားကို သတိပေးထားသည်။ (ကောလောသဲ ၂:၂၀-၂၃) ယေရှု၏ပုံဥပမာတွင် မောက်မာသောဖာရိရှဲသည် သူ၏ပုံမှန်အစာရှောင်သည့်အလေ့အထကြောင့် ကိုယ်ကျင့်တရားဘက်တွင် အခြားသူများထက် ပိုဖြောင့်မတ်သည်ဟုယူဆခဲ့ရာ ထိုသဘောထားကို ဘုရားသခင်အမှန်ပင်မနှစ်သက်ပါ။—လုကာ ၁၈:၉-၁၄။
သင်အစာရှောင်နေကြောင်း အခြားသူများသိအောင် ကြေညာခြင်း သို့မဟုတ် အခြားသူတစ်ဦး၏ ခိုင်းစေချက်ကြောင့် အစာရှောင်ခြင်းတို့သည် မှား၏။ မဿဲ ၆:၁၆-၁၈ တွင် အစာရှောင်ခြင်းသည် မိမိနှင့်ဘုရားသခင်၏ နှစ်ကိုယ်ကြားကိစ္စဖြစ်ပြီး အခြားသူများသိအောင် မကြေညာသင့်ကြောင်း ယေရှုသွန်သင်ခဲ့သည်။
ထို့ပြင် လူတစ်ဦးသည် အစာရှောင်ခြင်းဖြင့် သူ၏အပြစ်များ ကျေအေးသွားမည်ဟု မည်သည့်အခါမျှ မယူမှတ်သင့်ချေ။ ဘုရားသခင်၏နှစ်သက်လက်ခံမှုရရှိရန် အစာရှောင်ခြင်းသည် ကိုယ်တော့်ပညတ်များကို နာခံခြင်းနှင့် ဒွန်တွဲနေရမည်။ (ဟေရှာယ ၅၈:၃-၇) အစာရှောင်ခြင်းကြောင့်မဟုတ်ဘဲ စစ်မှန်သည့်နောင်တကြောင့်သာလျှင် အပြစ်မှခွင့်လွှတ်ခံရသည်။ (ယောလ ၂:၁၂၊ ၁၃) ကျွန်ုပ်တို့သည် ခရစ်တော်၏ပူဇော်ရာယဇ်အားဖြင့် ယေဟောဝါပြသသည့် မဟာကရုဏာကြောင့်သာ ခွင့်လွှတ်ခံရကြသည်ဟု ကျမ်းစာတွင် အလေးအနက်ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် အစာရှောင်ခြင်းအပါအဝင် အခြားမည်သည့်အရာကိုလုပ်ဆောင်ပါစေ ခွင့်လွှတ်မှုကို မရထိုက်ပါ။—ရောမ ၃:၂၄၊ ၂၇၊ ၂၈; ဂလာတိ ၂:၁၆; ဧဖက် ၂:၈၊ ၉။
ဟေရှာယ ၅၈:၃ တွင် နောက်ထပ်အမှားတစ်မျိုးကို ဖော်ပြထားသည်။ အစ္စရေးလူတို့သည် အစာရှောင်သောကြောင့် ယေဟောဝါက သူတို့ကိုတစ်စုံတစ်ရာပြန်ပေးရမည်၊ အစာရှောင်ခြင်းဖြင့် ယေဟောဝါကို သူတို့ကျေးဇူးပြုနေသည်ဟု ယူဆခဲ့ကြသည်။ “အကျွန်ုပ်တို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ ကိုယ်တော်သည် အဘယ်ကြောင့်မြင်တော်မမူသနည်း။ အကျွန်ုပ်တို့သည် ခြိုးခြံစွာကျင့်သောအခါ ကိုယ်တော်သည် အဘယ်ကြောင့် သိမှတ်တော်မမူသနည်း” ဟုသူတို့မေးကြသည်။ ယနေ့ခေတ်တွင်လည်း လူများစွာက မိမိတို့အစာရှောင်သောကြောင့် ဘုရားသခင် ပြန်ကျေးဇူးပြုလိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း ယူဆကြသည်။ ကျွန်ုပ်တို့သည် မခန့်လေးစားနိုင်သော၊ ကျမ်းစာနှင့်မညီသော ထိုသဘောထားမျိုးကို မည်သည့်အခါမျှ အတုမယူမိကြပါစေနှင့်။
အစာရှောင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်စေခြင်း အစရှိသော နည်းများဖြင့် ကိုယ်ခန္ဓာကိုမသက်မသာဖြစ်အောင်ပြုလုပ်ပါက ဘုရားသခင့်နှစ်သက်မှုရနိုင်သည်ဟု လူအချို့ယူဆကြသည်။ သို့သော် ကျမ်းစာက “ခန္ဓာကိုယ်ကို မညှာမတာနှိပ်စက်ခြင်း” သည် မှားယွင်းသော “အလိုဆန္ဒများကို နှိပ်ကွပ်ရာတွင် မည်သည့်အကျိုးမျှမပေး” ဟုဆိုကာ ထိုအယူအဆကို ပြစ်တင်ရှုတ်ချထားသည်။—ကောလောသဲ ၂:၂၀-၂၃။
သင့်တင့်မျှတသောရှုမြင်ချက်
အစာရှောင်ခြင်းသည် မဖြစ်မနေလုပ်ဆောင်ရမည့်အရာမဟုတ်သည့်အပြင် မှားယွင်းသည်ဟူ၍လည်း မဆိုနိုင်ပေ။ အထက်ပါအန္တရာယ်များကို ရှောင်ကွင်းပါက အခြေအနေအချို့တွင် ယင်းသည် အကျိုးရှိနိုင်သည်။ သို့သော် အစာရှောင်ခြင်းသည် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်လက်ခံစေသည့် အဓိကအကြောင်းရင်းမဟုတ်ပါ။ ယေဟောဝါသည် “ပျော်ရွှင်သောဘုရားသခင်” ဖြစ်ရာ မိမိကျေးကျွန်များကိုလည်း ပျော်ရွှင်စေလိုသည်။ (၁ တိမောသေ ၁:၁၁) ကျမ်းစာတွင် ဤသို့မိန့်မှာထားသည်– “ရွှင်လန်းခြင်းအမှုနှင့်အသက်ရှင်စဉ်တွင် ကျေးဇူးပြုခြင်းအမှုမှတစ်ပါး အခြားသောအမှုအရာတို့၌ အကျိုးကျေးဇူးမရှိသည်ကိုငါသိ၏။ လူတိုင်းစားသောက်ခြင်းငှာလည်းကောင်း၊ မိမိကြိုးစားအားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှာလည်းကောင်း ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။”—ဒေ. ၃:၁၂၊ ၁၃။
ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်မှုသည် ရွှင်လန်းဖွယ်ဖြစ်သင့်သည်၊ သို့သော် အစာရှောင်ခြင်းကို ရွှင်လန်းခြင်းနှင့်ဆက်စပ်၍ ကျမ်းစာတွင် တစ်ကြိမ်မျှမဖော်ပြထားချေ။ ထို့ပြင် အစာရှောင်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်လာလျှင် သို့မဟုတ် အားအင်ဆုတ်ယုတ်ကာ ခရစ်ယာန်စစ်များကို ဖန်ဆင်းရှင်ပေးအပ်ထားသည့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် မပါဝင်နိုင်တော့လျှင် ယင်းသည် မလိုလားဖွယ်ရလဒ်ဖြစ်သည်မှာ ရှင်းပါသည်။
ကျွန်ုပ်တို့သည် အစာရှောင်သည်ဖြစ်စေ၊ မရှောင်သည်ဖြစ်စေ အခြားသူများ၏လုပ်ရပ်ကို အပြစ်မတင်သင့်ချေ။ ခရစ်ယာန်စစ်များကြားတွင် ယင်းကြောင့် အငြင်းပွားစရာ အကြောင်းမရှိသင့်ပါ၊ အကြောင်းမှာ “ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌ မတည်။ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ခံရသော ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၌ တည်” သောကြောင့်ဖြစ်၏။—ရောမ ၁၄:၁၇။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 ဧသတာခေတ်တွင် အစာရှောင်ရန် ဘုရားသခင်ပညတ်ခဲ့ခြင်းမဟုတ်သော်လည်း သူအစာရှောင်သည်ကို ကိုယ်တော် နှစ်သက်ခဲ့ပုံရသည်။ ယနေ့ခေတ်တွင် ဂျူးတို့ကျင်းပနေသော ပုရပွဲတော်သည် ဧသတာအစာရှောင်သည်ကို အစွဲပြု၍ ယနေ့ထိတိုင် ကျင်းပနေသောပွဲတော်ဖြစ်သည်။
^ အပိုဒ်၊ 14 ကျမ်းစာအချို့တွင် အစာရှောင်ခြင်းအကြောင်းရေးထားသည့် ကျမ်းပိုများပါရှိသည်၊ သို့သော် ထိုကျမ်းပိုများသည် ရှေးအကျဆုံးဂရိလက်ရေးစာမူများတွင် မပါရှိချေ။—မဿဲ ၁၇:၂၁; မာကု ၉:၂၉; တမန်တော် ၁၀:၃၀; ၁ ကောရိန္သု ၇:၅၊ ဂျိမ်းဘုရင်ဘာသာပြန်ကျမ်း။
[စာမျက်နှာ ၂၈ ပါအကျဉ်းဖော်ပြချက်]
ဖာရိရှဲ တို့သည် အစာရှောင်စဉ် ဟန်ဆောင် နှိမ့်ချမှု တင်ပြခဲ့
[စာမျက်နှာ ၂၉ ပါအကျဉ်းဖော်ပြချက်]
“ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌ မတည်။ . . . ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၌ တည်၏”
[စာမျက်နှာ ၂၉ ပါလေးထောင့်ကွက်]
ဝါတွင်းကာလနှင့်ပတ်သက်၍ကော အသို့နည်း
ဝါတွင်းကာလရက်ပေါင်း ၄၀ အတွင်း အစာရှောင်ခြင်းသည် ရက်ပေါင်း ၄၀ ခရစ်တော်အစာရှောင်ခဲ့သည့် အထိမ်းအမှတ်ဖြစ်သည်ဟု လူတို့ပြောကြသည်။ သို့သော် ယေရှုသည် ယင်း၏အထိမ်းအမှတ်အဖြစ် အစာရှောင်ရန် တပည့်များကို တစ်ကြိမ်တစ်ခါမျှ မမိန့်မှာခဲ့သည့်အပြင် သူတို့ထိုသို့ပြုလုပ်ခဲ့သည့် အထောက်အထားကိုလည်း မတွေ့ရချေ။ အီစတာပွဲမတိုင်မီ ရက်ပေါင်း ၄၀ အစာရှောင်ခြင်းအကြောင်းကို ဖော်ပြထားသည့် ရှေးအကျဆုံးမှတ်တမ်းမှာ အေဒီ ၃၃၀ ခန့်တွင် ရေးသားသော ဩသဒေါက်စ်ဂိုဏ်းချုပ်အာသန်နေစီယပ်စ်၏စာများဖြစ်သည်။
ယေရှုသည် နှစ်ခြင်းခံပြီးနောက်တွင် အစာရှောင်ခဲ့သည်၊ မသေဆုံးမီတွင် အစာရှောင်ခဲ့ခြင်းမဟုတ်ပါ၊ ထို့ကြောင့် အီစတာပွဲမတိုင်မီတွင် ခရစ်ယာန်အချို့ အစာရှောင်ကြသည်မှာ ထူးဆန်းသည်။ နှစ်၏အစောပိုင်းကာလတွင် ရက် ၄၀ အစာရှောင်သည့်ဓလေ့ကို ရှေးခေတ်ဗာဗုလုန်၊ အီဂျစ်နှင့် ဂရိလူမျိုးများအကြားတွင် တွေ့ရသည်။ ထို “ခရစ်ယာန်” ဓလေ့သည် ၎င်းတို့ထံမှ ဆင်းသက်လာခြင်းဖြစ်သည်မှာ ထင်ရှားပါသည်။