အံ့ဖွယ်ကုသမှုတိုင်းသည် ဘုရားသခင်ထံမှလော
စာရှုသူများအမေး
အံ့ဖွယ်ကုသမှုတိုင်းသည် ဘုရားသခင်ထံမှလော
ယေဟောဝါဘုရားသခင်သည် ရောဂါပျောက်ကင်းအောင်ကုသနိုင်သည့် တန်ခိုးရှိသည်မှာ သေချာ၏။ ထို့ပြင် ကိုယ်တော့်ကိုဝတ်ပြုကိုးကွယ်သူအချို့အား ထိုတန်ခိုးကို ပေးအပ်နိုင်သည်မှာလည်း မှန်၏။ ဥပမာ၊ တမန်တော်များခေတ်တွင် အံ့ဖွယ်နည်းဖြင့်ကုသနိုင်စွမ်းရှိခြင်းသည် သန့်ရှင်းသောစွမ်းအားတော်၏ အထူးဆုကျေးဇူးများအနက် တစ်ခုဖြစ်သည်။ “အကျိုးရှိသောရည်ရွယ်ချက်အတွက် ဘုရားသခင့်စွမ်းအားတော်ထင်ရှားစေခြင်းအခွင့်ကို လူအသီးသီးတို့အား ပေးတော်မူ၏။ ဥပမာ၊ ဘုရားသခင့်စွမ်းအားတော်ဖြင့် လူတစ်ဦးကို ဉာဏ်ပညာစကား ပေးတော်မူ၏။ . . . ထိုစွမ်းအားတော်ဖြင့်ပင် အခြားသူတစ်ဦးကို ရောဂါပျောက်ကင်းစေနိုင်သောဆုကျေးဇူး ပေးတော်မူ၏။ . . . တစ်ဦးကို ပရောဖက်ပြုနိုင်သောအခွင့်၊ . . . တစ်ဦးကို ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်သောအခွင့် ပေးတော်မူ၏” ဟုတမန်တော်ပေါလုရေးခဲ့သည်။—၁ ကောရိန္သု ၁၂:၄-၁၁။
သို့သော် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်၏ အံ့ဖွယ်ဆုကျေးဇူးများ အဆုံးတိုင်မည်ဖြစ်ကြောင်း ကောရိန္သုမြို့သားများထံရေးသော ထိုစာတွင်ပင် ပေါလုရေးခဲ့သည်။ “ပရောဖက်ပြုနိုင်သော ဆုကျေးဇူးမူကား ကွယ်ပျောက်သွားလိမ့်မည်။ ဘာသာစကားများကို ပြောနိုင်သောအခွင့်သည်လည်း ရပ်စဲသွားလိမ့်မည်။ အသိပညာသည်လည်း ကွယ်ပျောက်သွားလိမ့်မည်” ဟုသူဆိုခဲ့သည်။—၁ ကောရိန္သု ၁၃:၈။
ပထမရာစုတွင် ယေရှုခရစ်နှင့် ကိုယ်တော်၏ ရင်းနှီးသောနောက်လိုက်အချို့သည် အံ့ဖွယ်နည်းဖြင့် ရောဂါများကုသပေးခဲ့သည်။ ခရစ်ယာန်အသင်းတော်တည်ထောင်ခါစ တမန်တော်များခေတ်တွင် အံ့ဖွယ်နည်းဖြင့်ကုသနိုင်စွမ်းအပါအဝင် စွမ်းအားတော်၏ဆုကျေးဇူးများသည် ဘုရားသခင်၏ထည်ဝါသောအသရေ ထင်ရှားစေရန်ဖြစ်ပြီး တည်ထောင်ခါစ ခရစ်ယာန်အသင်းတော်အသစ်ကို ယေဟောဝါနှစ်သက်လက်ခံကာ ကောင်းချီးပေးနေကြောင်းဖော်ပြသည့် အမှတ်အသားတစ်ခုဖြစ်သည်။ သို့သော် ခရစ်ယာန်အသင်းတော်ကို အခိုင်အမာတည်ထောင်ပြီးနောက်တွင်မူ ဘုရားသခင့်နှစ်သက်လက်ခံမှုရရှိကြောင်း အမှတ်အသားမှာ အထူးဆုကျေးဇူးများမဟုတ်တော့ဘဲ ခရစ်ယာန်များပြသမည့် ခိုင်မြဲသောယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် မေတ္တာတို့ဖြစ်သည်။ (ယောဟန် ၁၃:၃၅; ၁ ကောရိန္သု ၁၃:၁၃) ထို့ကြောင့် ဘုရားသခင်နှစ်သက်လက်ခံသော အထောက်အထားဖြစ်သည့် အံ့ဖွယ်နည်းဖြင့်ရောဂါကုသနိုင်စွမ်းကို အေဒီ ၁၀၀ ခန့်မှစ၍ လူများအား ကိုယ်တော်မပေးအပ်တော့ပါ။ *
သို့ဆိုလျှင် ‘အံ့ဖွယ်နည်းနဲ့ရောဂါကုသပေးတဲ့သတင်းတွေ ဘာကြောင့်ကြားနေရတာလဲ’ ဟု သင်စဉ်းစားမိပေမည်။ ဥပမာ၊ သတင်းစာတစ်စောင်၏ဆောင်းပါးတစ်ပုဒ်တွင် ကင်ဆာရောဂါစွဲကပ်နေသည်ဟု ယူဆရသော လူတစ်ဦးအကြောင်း ဖော်ပြထားသည်။ သူ၏ခေါင်း၊ ကျောက်ကပ်နှင့်အရိုးများထဲတွင်ပင် အကျိတ်များပေါက်နေသည်။ သူ အသက်ဆက်ရှင်မည့်အလားအလာ မရှိသလောက်ဖြစ်နေသည်၊ သို့သော် တစ်နေ့ သူ့ကို ဘုရားသခင် “စကားပြောခဲ့သည်” ဟုသူဆို၏။ ရက်အနည်းငယ်ကြာပြီးနောက် သူ၏ကင်ဆာရောဂါပျောက်ကင်းသွားသည်ဟု ထိုသတင်းတွင် ဖော်ပြထားသည်။
အလားတူသတင်းများကို သင်ကြားရသောအခါ သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ– ‘ဒီသတင်းက မှန်ရဲ့လား။ မှန်ကန်ကြောင်း ဆေးပညာအထောက်အထားခိုင်ခိုင်လုံလုံရှိရဲ့လား။ ထူးဆန်းတဲ့နည်းနဲ့ ကုသခံရတာမှန်ရင်တောင် ဒီလိုအံ့ဖွယ်ကုသမှုတိုင်းကို ဘုရားသခင်ဖြစ်ပေါ်စေတယ်လို့ ကျမ်းစာကသွန်သင်သလား။’
ထိုနောက်ဆုံးမေးခွန်း၏အဖြေသည် အလွန်အရေးကြီးလှ၏။ “ပရောဖက်အတုအယောင်များကို သတိထားကြလော့။ . . . ထိုနေ့၌ အများသောသူတို့က ‘သခင်၊ သခင်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏နာမဖြင့် ပရောဖက်ပြုကြပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်၏နာမဖြင့် များစွာသောတန်ခိုး [အံ့ဖွယ်အမှု]တို့ကို ပြပါပြီမဟုတ်လော’ ဟုဆိုကြလိမ့်မည်။ ထိုသို့ဆိုကြသောအခါ သင်တို့ကို ငါလုံးဝမသိ။ မတရားသောအမှုကို ပြုသောသူတို့၊ ငါထံမှ ထွက်သွားကြဟု ထိုသူတို့အား ငါပြောမည်” ဟုတပည့်များကို ယေရှုသတိပေးခဲ့သည်။—မဿဲ ၇:၁၅၊ ၂၁-၂၃။
ထို့ကြောင့် လူတို့ပြောနေသည့် အံ့ဖွယ်နည်းဖြင့်ကုသခြင်းသည် ဘုရားသခင်ထံမှမဟုတ်ဘဲ အခြားရင်းမြစ်တစ်ခုမှလာကြောင်း ထိုကျမ်းချက်အရ ရှင်းလင်းစွာသိနိုင်သည်။ ဘုရားသခင့်နာမဖြင့် အံ့ဖွယ်အမှုပြုသည်ဟုဆိုကြသူများ၏ လှည့်စားမှုကို ရှောင်ရှားနိုင်ဖို့ ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်း တိကျမှန်ကန်သောအသိပညာရှိရန်၊ ဘုရားသခင်ပေးထားသော စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုရန်နှင့် ကိုယ်တော့်အလိုတော်ဆောင်သူများအား ခွဲခြားသိမြင်နိုင်ပုံကို လေ့လာရန် လိုသည်။—မဿဲ ၇:၁၆-၁၉; ယောဟန် ၁၇:၃; ရောမ ၁၂:၁၊ ၂။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 5 တမန်တော်များသေဆုံးပြီးနောက်ပိုင်းတွင် ဆုကျေးဇူးများကို လက်ဆင့်ကမ်းမပေးတော့သည့်အတွက် စွမ်းအားတော်၏အံ့ဖွယ်ဆုကျေးဇူးများသည် ယင်းတို့ကိုရရှိခဲ့သူများ သေဆုံးသောအခါ တစ်ပါတည်းရပ်စဲသွားဟန်တူသည်။