မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၁ ကျမ်းစာကိုယုံကြည်စိတ်ချရန် သင်ယူပါ

၁ ကျမ်းစာကိုယုံကြည်စိတ်ချရန် သင်ယူပါ

၁ ကျမ်းစာကိုယုံကြည်စိတ်ချရန် သင်ယူပါ

‘ကျမ်းစာရှိသမျှသည် ဘုရားသခင့်စွမ်းအားတော်၏လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း . . . တို့တွင် အကျိုးရှိ၏။’—၂ တိမောသေ ၃:၁၆

အတားအဆီးကား အဘယ်အရာနည်း။ ကျမ်းစာသည် လူ့ဉာဏ်ပညာဖြင့်ရေးထားသော စာအုပ်တစ်အုပ်မျှသာဖြစ်သည်ဟု လူများစွာယူဆကြသည်။ အချို့သူများကမူ ကျမ်းစာပါသမိုင်းဝင်အဖြစ်အပျက်များသည် တိကျမှန်ကန်မှုမရှိဟု ယုံကြည်ကြသည်။ ထို့ပြင် ကျမ်းစာပါဆုံးမသွန်သင်ချက်များသည် ကျွန်ုပ်တို့ခေတ်အတွက် လက်တွေ့မကျတော့ဟုဆိုကြသူများလည်း ရှိသည်။

ထိုအတားအဆီးကို သင် မည်သို့ကျော်လွှားနိုင်သနည်း။ ကျမ်းစာကိုမယုံကြည်သူများ သို့မဟုတ် ကျမ်းစာ၏လက်တွေ့ကျမှုကို သံသယဝင်သူများသည် ကိုယ်တိုင်သေချာစူးစမ်းလေ့လာပြီးမှ ထိုသို့ပြောဆိုကြခြင်းမဟုတ်ပါ။ သူတို့သည် အခြားသူတို့ ပြောဆိုရာများကို သံယောင်လိုက်ခြင်းသာဖြစ်သည်။ “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုကျမ်းစာက သတိပေး၏။—သု. ၁၄:၁၅

အခြားသူတို့ ပြောဆိုရာများကို မျက်စိစုံမှိတ်ကာ လက်ခံမည့်အစား ဂရိနိုင်ငံမြောက်ပိုင်းရှိ ဗေရိမြို့မှ ပထမရာစုခရစ်ယာန်များ၏ ပုံနမူနာကိုတုပပါ။ သူတို့သည် သူတစ်ပါးပြောဆိုရာများကို ချက်ချင်းလက်မခံခဲ့ကြချေ။ ယင်းအစား သူတို့သည် “ကြားနာရသည့်အရာများ မှန်မမှန်သိမြင်ရန် နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်ကြ၏” ဟူသည့် နာမည်ကောင်းရခဲ့ကြသည်။ (တမန်တော် ၁၇:၁၁) ကျမ်းစာသည် ဘုရားသခင့်စွမ်းအားတော်လမ်းညွှန်မှုဖြင့် ရေးသားထားသော ကိုယ်တော့်တရားစကားတော်ဖြစ်ကြောင်း သင် ယုံကြည်စိတ်ချနိုင်သည့် အကြောင်းရင်းနှစ်ချက်ကို အတိုချုပ်သုံးသပ်ကြည့်ကြစို့။

ကျမ်းစာပါသမိုင်းဝင်ဖြစ်ရပ်များသည် တိကျမှန်ကန်၏။ သံသယဝင်သူများသည် ကျမ်းစာတွင်ဖော်ပြထားသော လူနှင့်နေရာဒေသများ၏အမည်များ တိကျမှန်ကန်မှုကို အယုံအကြည်မရှိကြောင်း နှစ်ကာလတစ်လျှောက်လုံး ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် သံသယဝင်သူများ၏ပြောဆိုချက်များသည် အခြေအမြစ်မရှိကြောင်း၊ ကျမ်းစာမှတ်တမ်းများကို ယုံကြည်စိတ်ချနိုင်ကြောင်း အထောက်အထားများက ထပ်ဆင့်သက်သေထူလျက်ရှိသည်။

ဥပမာ၊ ဟေရှာယ ၂၀:၁ တွင်ဖော်ပြထားသော အာရှုရိ [အဆီးရီးယား] ရှင်ဘုရင်သာဂုန်သည် သမိုင်းတွင် အမှန်တကယ်အသက်ရှင်ခဲ့သည်ဟူသောအချက်ကို ကျမ်းပညာရှင်များက တစ်ချိန်တွင် သံသယဝင်ခဲ့သည်။ သို့သော် ၁၈၄၀ ပြည့်လွန်နှစ်များတွင် ရှေးဟောင်းသုတေသနပညာရှင်များသည် ထိုမင်း၏နန်းတော်ကို စတင်တူးဖော်ခဲ့သည်။ ယခု၊ သာဂုန်မင်းသည် လူသိအများဆုံး အာရှုရိဘုရင်တစ်ပါးဖြစ်လာသည်။

ထို့ပြင် ယေရှုကိုသတ်ရန်အမိန့်ထုတ်ခဲ့သူ၊ ရောမဘုရင်ခံပုန္တိပိလတ် အမှန်တကယ်အသက်ရှင်ခဲ့ကြောင်းကိုလည်း ဝေဖန်ရေးသမားများက သံသယဝင်ကြပြန်သည်။ (မဿဲ ၂၇:၁၊ ၂၂-၂၄) သို့သော် ၁၉၆၁ တွင် ပိလတ်မင်း၏အမည်နှင့် ရာထူးအဆင့်အတန်းကိုဖော်ပြထားသော ကျောက်ပြားတစ်ခုကို အစ္စရေးနိုင်ငံ၊ ကဲသရိမြို့အနီးတွင် တွေ့ရှိခဲ့သည်။

ကျမ်းစာပါသမိုင်းဝင်ဖြစ်ရပ်များ၏ တိကျမှန်ကန်မှုနှင့်စပ်လျဉ်း၍ ၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်ထုတ် အမေရိကန်သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာမဂ္ဂဇင်းက ဤသို့ဆိုသည်– “အစ္စရေးလူမျိုး၏ရှေးဘိုးဘေးတို့ ကြုံခဲ့ရသည့်ဖြစ်ရပ်များ၊ အစ္စရေးလူမျိုးတို့ အီဂျစ်ပြည်မှလွတ်မြောက်မှု၊ ဒါဝိဒ်မင်းဆက်နှင့် ယေရှုခေတ်မှ လူနေမှုဘဝပုံစံတို့သည် ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း၏ အဓိကသမိုင်းဝင်ဖြစ်ရပ်များဖြစ်ပြီး ယင်းတို့သည် တိကျမှန်ကန်မှုရှိကြောင်း မျက်မှောက်ခေတ် ရှေးဟောင်းသုတေသနပညာက အခိုင်အမာသက်သေထူသည်။” ကျမ်းစာကိုယုံကြည်ရသည့်အကြောင်းရင်းသည် ရှေးဟောင်းသုတေသနတွေ့ရှိချက်များအပေါ် မမူတည်သော်လည်း ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့်ရေးသားထားသော စာအုပ်တစ်အုပ်သည် ထိုသို့ပင်တိကျမှန်ကန်မှုရှိရန် သင်မျှော်လင့်ပေမည်။

ကျမ်းစာပါလက်တွေ့ကျဉာဏ်ပညာသည် ဘဝနောက်ခံမျိုးစုံမှ လူများအတွက် အကျိုးပြုသည်။ အဏုဇီဝရုပ် (အဏုကြည့်ကိရိယာဖြင့်သာ မြင်နိုင်သောသက်ရှိ)များနှင့် ရောဂါကူးစက်ပြန့်ပွားစေသည့် ၎င်းတို့၏လုပ်ဆောင်မှုများကို ရှာဖွေမတွေ့ရှိမီ နှစ်ပေါင်းများစွာကပင် ကျမ်းစာက ယနေ့ခေတ်ထိတိုင် အသုံးဝင်ဆဲ၊ အရေးပါဆဲဖြစ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်များကို အကြံပြုထားသည်။ (ဝတ်ပြုရာ ၁၁:၃၂-၄၀; တရားဟောရာ ၂၃:၁၂၊ ၁၃) တစ်ဦးကိုတစ်ဦး မည်သို့ပြုမူဆက်ဆံရမည်နှင့်ပတ်သက်၍ ကျမ်းစာပါအကြံပြုချက်များကိုလိုက်နာသည့် မိသားစုဝင်များသည် မလိုက်နာသူများထက် ပို၍ပျော်ရွှင်ကြသည်။ (ဧဖက် ၅:၂၈–၆:၄) ကျမ်းစာမူများနှင့်အညီ အသက်ရှင်နေထိုင်သူတစ်ဦးသည် ပို၍တာဝန်ကျေပွန်သော ဝန်ထမ်းတစ်ဦး သို့မဟုတ် ပို၍အကျိုးသင့်အကြောင်းသင့်ရှိသော အလုပ်ရှင်တစ်ဦးဖြစ်လာပေမည်။ (ဧဖက် ၄:၂၈; ၆:၅-၉) ကျမ်းစာမူများကိုကျင့်သုံးခြင်းသည် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း အကျိုးပြုသည်။ (သု. ၁၄:၃၀; ဧဖက် ၄:၃၁၊ ၃၂; ကောလောသဲ ၃:၈-၁၀) ထိုလက်တွေ့ကျအကြံဉာဏ်များသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံမှ ကျွန်ုပ်တို့မျှော်လင့်ရာများပင်ဖြစ်သည်။

အကျိုးကျေးဇူးကား အဘယ်နည်း။ ကျမ်းစာတွင်ဖော်ပြထားသော ဉာဏ်ပညာသည် မလိမ္မာသောသူတို့ကိုပင် လိမ္မာစေတတ်၏။ (ဆာလံ ၁၉:၇) ထို့ပြင် ကျမ်းစာကိုယုံကြည်စိတ်ချလာသောအခါ ယင်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ပို၍ခိုင်ခံ့စေမည့် နောက်တစ်ဆင့်သို့ တက်လှမ်းရန် ကူညီပေးနိုင်သည်၊ အခြားအဘယ်စာအုပ်မျှ ထိုသို့မလုပ်ဆောင်ပေးနိုင်ချေ။

ထပ်ဆင့်သိလိုပါက သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ် အခန်း ၂၊ “သမ္မာကျမ်းစာ—ဘုရားသခင်ထံတော်မှ စာအုပ်တစ်အုပ်” တွင်ကြည့်ပါ။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 ယေဟောဝါသက်သေများထုတ်ဝေသည်။