မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအခက်အခဲများကြုံရခြင်းသည် ဘုရားသခင် ဒဏ်ခတ်ခြင်းကြောင့်လော

ဘဝအခက်အခဲများကြုံရခြင်းသည် ဘုရားသခင် ဒဏ်ခတ်ခြင်းကြောင့်လော

စာရှုသူများအမေး

ဘဝအခက်အခဲများကြုံရခြင်းသည် ဘုရားသခင် ဒဏ်ခတ်ခြင်းကြောင့်လော

စိတ်ရောကိုယ်ပါ အကြီးအကျယ်ထိခိုက်ဒဏ်ရာရစေသည့် အဖြစ်ဆိုးတစ်ခု ကြုံရပြီးနောက် ယင်းကို သင်ခံစားရရန် ဘုရားသခင်ရည်ရွယ်ခဲ့ခြင်းလောဟု မေးခဲ့ဖူးသလော။ ရုတ်တရက် ကျန်းမာရေးချို့ယွင်းသွားခြင်း၊ မသန်မစွမ်းဖြစ်စေသော မတော်တဆမှုတစ်ခုကြုံရခြင်း သို့မဟုတ် မိသားစုဝင်တစ်ဦး အချိန်မတန်ဘဲ သေဆုံးသွားခြင်းတို့က ဘုရားသခင်သည် ကျွန်ုပ်တို့ကိုဒဏ်ခတ်ရန် တမင်ရွေးချယ်ခဲ့သည်ဟု ခံစားရစေပေမည်။

သို့သော် ယင်းတို့နှင့်ဆန့်ကျင်လျက် ဘုရားသခင်သည် လူသားတို့ကို ပျော်ရွှင်စေလိုပြီး ဘေးကင်းရန်ကွာဖြစ်စေလိုသည်ဟူသောအချက်မှ နှစ်သိမ့်မှုခံစားရသင့်သည်။ ဘုရားသခင်သည် ပထမလူသားမောင်နှံကို ဖန်ဆင်းချိန်တွင် သူတို့ကို ဆင်းရဲဒုက္ခမှန်သမျှ ကင်းရှင်းသည့် ပရဒိသုဟုခေါ်သည့် “ဧဒင်ဥယျာဉ်” တွင် နေရာချပေးခဲ့သည်။—ကမ္ဘာဦး ၂:၁၅

ဝမ်းနည်းစရာမှာ ပထမလူသားမောင်နှံသည် ထိုကောင်းမွန်လှသည့် အလားအလာကို ငြင်းပယ်ပြီး ဘုရားသခင်ကို မနာခံရန် စိတ်လိုကိုယ်လျောက် ရွေးချယ်ခဲ့သည်။ ရလဒ်မှာ သူတို့အပေါ်သာမက ကျွန်ုပ်တို့အပါအဝင် သူတို့၏သားစဉ်မြေးဆက်အားလုံးအပေါ် ဆိုးကျိုးသက်ရောက်စေခဲ့သည်။ အဘယ်ကြောင့်နည်း။ အိမ်ထောင်ဦးစီးတစ်ဦးသည် အိမ်လခမပေးတော့ရာ မိသားစုတစ်ခုလုံး နှင်ချခံရပြီး ဆင်းရဲခက်ခဲစွာ ချို့ချို့ငဲ့ငဲ့ နေထိုင်ကြရသည့်အဖြစ်နှင့် ထိုအခြေအနေကို နှိုင်းယှဉ်နိုင်ပါသည်။ အလားတူ လူသားအားလုံးသည် ပထမလူသားမောင်နှံ ပုန်ကန်ချိန်မှစ၍ ဆင်းရဲခက်ခဲမှုများ ကြုံလာကြရသည်။ (ရောမ ၅:၁၂) နှစ်ပေါင်းများစွာကြာပြီးနောက် ဖြောင့်မတ်သူယောဘသည် သူခံစားရသော နာကျင်မှုဝေဒနာနှင့် ဆင်းရဲဒုက္ခကိုသာ “ချိန်တွယ်” ကြည့်မည်ဆိုလျှင် ယင်းတို့သည် “သမုဒ္ဒရာသဲထက် သာ၍လေးလိမ့်မည်” ဟုညည်းတွားခဲ့သည်။—ယောဘ ၆:၂၊ ၃

ဆင်းရဲဒုက္ခကြုံရသည့် နောက်အကြောင်းရင်းတစ်ခုမှာ ကျွန်ုပ်တို့တွင် အနာဂတ်ကိုကြိုတင်သိမြင်နိုင်စွမ်း အကန့်အသတ်သာရှိခြင်းကြောင့်ဖြစ်သည်။ ဥပမာ၊ အိမ်ရာစီမံကိန်းလုပ်ငန်းရှင်တစ်ဦးသည် တောမီးလောင်တတ်သည့်ဒေသတွင် အိမ်များဆောက်ကာ ရောင်းချပေးသည်ဟု မြင်ယောင်ကြည့်ပါ။ သင်သည် ထိုအချက်ကို မသိရှိဘဲ ထိုတွင်အိမ်ဝယ်ကာ နေထိုင်သည်။ ယင်းက သင်နှင့်သင့်မိသားစုကို အကြီးအကျယ် ဆင်းရဲဒုက္ခရောက်စေမည်မဟုတ်လော။ သို့ဆိုလျှင် ယင်းကြောင့်ဖြစ်ပေါ်လာသော မည်သည့်ဆင်းရဲခက်ခဲမှုကိုမဆို ဘုရားသခင်ဒဏ်ခတ်ခြင်းဖြစ်သည်ဟု ယူမှတ်နိုင်မည်လော။ မယူမှတ်နိုင်ပေ။ ယင်းနှင့်ပတ်သက်သည့်အမှန်တရားကို ကျမ်းစာတွင် ဤသို့ဖော်ပြသည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅

ဆင်းရဲခက်ခဲမှုများကို ကျွန်ုပ်တို့အားလုံး ကြုံနေရသော်လည်း မကြာမီ ဘုရားသခင်သည် လူသားတို့အား ယင်းတို့မှလွတ်မြောက်ခွင့်ပေးရန် ရည်ရွယ်ထားကြောင်း သိရခြင်းက နှစ်သိမ့်မှုဖြစ်စေသည်။ ထိုအချိန်ရောက်ရှိလာသောအခါ ဆင်းရဲခက်ခဲမှုများကို သင်ဘယ်တော့မျှ မြင်ရ၊ ကြားရ၊ ကြုံရတော့မည်မဟုတ်ပါ။ ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ သေခြင်း၊ ငိုကြွေးမြည်တမ်းခြင်းမျက်ရည်များသည် “ကွယ်ပျောက်” သွားတော့မည်။ (ဗျာ. ၂၁:၄) လူတို့ ဆောက်လုပ်သည့်အိမ်များ၊ စိုက်ပျိုးသည့် ကောက်ပဲသီးနှံများသည် စစ်ပွဲများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဘယ်တော့မျှ ပျက်စီးကြေမွသွားတော့မည်မဟုတ်ဟူသည့် ကတိတော်ကလည်း စိတ်ချမ်းမြေ့ဖွယ်ပင်။ ယင်းအစား သူတို့သည် မိမိတို့လုပ်အား၏ အကျိုးကျေးဇူးကို “အပြည့်အဝခံစား” ကြရလိမ့်မည်။—ဟေရှာယ ၆၅:၂၁-၂၅ခမ။

ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် လုံးဝဖယ်ရှားပေးမည့်အချိန်ကို စောင့်မျှော်စဉ် သင့်အပေါ်သက်ရောက်သော ယင်းတို့၏ဆိုးကျိုးများ နည်းနိုင်သမျှနည်းစေရန် သင်အဘယ်အရာပြုလုပ်နိုင်သနည်း။ ဦးဆုံး၊ “ကိုယ်ဉာဏ်ကိုအမှီမပြု” ဘဲ ‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစား’ ရန် ကျမ်းစာကအားပေးသည်။ (သု. ၃:၅) လမ်းညွှန်မှုနှင့်နှစ်သိမ့်မှုအတွက် ကိုယ်တော်ကို မျှော်ကိုးပါ။ ကျမ်းစာပါ ဘုရားသခင်ထံမှဉာဏ်ပညာကို ဂရုပြုပါ။ ယင်းက ပညာရှိဆုံးဖြတ်ချက်များချရန် ကူညီပေးနိုင်ပြီး ရှောင်လွှဲ၍ရနိုင်သော ဆင်းရဲခက်ခဲမှုများမှ သင့်ကိုကာကွယ်ပေးပါလိမ့်မည်။—သု. ၂၂:၃