မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လက်တွေ့ကျသောလမ်းညွှန်မှု ရှာပုံတော်

လက်တွေ့ကျသောလမ်းညွှန်မှု ရှာပုံတော်

လက်တွေ့ကျသောလမ်းညွှန်မှု ရှာပုံတော်

သင်သည် အကြံဉာဏ်ကိုရှာဖွေနေသည်ဆိုလျှင် အကြံဉာဏ်မြောက်မြားစွာ ရရှိနိုင်သည်။ အကြံပေးလမ်းညွှန်လုပ်ငန်းများသည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးလုပ်ငန်းဖြစ်နေ၏။ ဗြိတိန်၊ လက်တင်အမေရိက၊ ဂျပန်၊ အမေရိကန်ပြည်ထောင်စုတို့တွင် အကြံပေးလမ်းညွှန်စာအုပ်များ သို့မဟုတ် တက်ကျမ်းများသည် အရောင်းရဆုံးဖြစ်သည်။ ကိုယ်ထူကိုယ်ထနည်းလမ်းများကို ဆွေးနွေးထားသော ဗီဒီယို၊ ဟောပြောပွဲများနှင့် တီဗွီအစီအစဉ်တို့မှာလည်း လူကြိုက်များလျက်ရှိသည်။ စိတ်ပညာရှင်၊ အိမ်ထောင်ရေးအကြံပေးပုဂ္ဂိုလ်၊ ဘာသာရေးခေါင်းဆောင်တို့နှင့်ဆွေးနွေးစရာမလိုဘဲ သင့်အခက်အခဲများကို သင့်ဘာသာဖြေရှင်းနိုင်သည်ဟူသောအယူအဆကို သူတို့ဖော်ပြနေသည်။ ထိုလမ်းညွှန်ချက်များသည် အဘယ်ကဏ္ဍများတွင် အကျုံးဝင်သနည်း။

အောင်မြင်ပေါက်မြောက်ရေး၊ အချစ်ရေး၊ သားသမီးမွေးမြူရေးတို့သည် လူကြိုက်အများဆုံးအကြောင်းအရာများဖြစ်သည်။ စိတ်ကျဝေဒနာခံစားခြင်း၊ ပူဆွေးသောကရောက်ခြင်း၊ ကွာရှင်းခြင်းတို့နှင့်ပတ်သက်သော ရင်ဆိုင်ဖြေရှင်းနည်းမှာလည်း ရေပန်းစားသောအကြောင်းအရာများဖြစ်၏။ အစားကြူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းကို တိုက်လှန်နည်းနှင့်ဆိုင်သော အကြံဉာဏ်ကိုလည်း လူတို့ အကြီးအကျယ်တောင်းဆိုကြသည်။ ထိုအကြံဉာဏ်များသည် လက်တွေ့ကျပါသလော။ တစ်ခါတစ်ရံလက်တွေ့ကျမည်ဖြစ်သော်လည်း လက်တွေ့မကျသည်က များသည်။ ထို့ကြောင့် “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟူသော ကျမ်းစာသတိပေးချက်ကို သုံးသပ်ခြင်းက ပညာရှိရာရောက်သည်။—သု. ၁၄:၁၅

အကြံပေးလမ်းညွှန်စာအုပ်များသည် ဓာတ်ပုံပညာ၊ စာရင်းအင်းပညာ၊ ဘာသာစကားစသည်တို့ကို သင်ကြားပေးသည့် လက်စွဲစာအုပ်များနှင့် လုံးဝမတူပါ။ ထိုလက်စွဲစာအုပ်များသည် အထူးသင်တန်းတစ်ခုတက်ခြင်းထက် ပို၍ထိရောက်မှုရှိနိုင်ပြီး အကုန်အကျသက်သာနိုင်သည်။ သို့သော် စီးပွားရေး၊ အိမ်ထောင်ရေး၊ မိဘဖြစ်ရေး၊ စိတ်ကျန်းမာရေးနှင့်ဆိုင်သော အကြံပေးလမ်းညွှန်စာအုပ်များမူ ထိုသို့မဟုတ်ပါ။ ယင်းတို့သည် ဘဝလမ်းစဉ်တစ်ရပ် သို့မဟုတ် အတွေးအခေါ်တစ်ရပ်ကို အားပေးထောက်ခံလေ့ရှိသည်။ ထို့ကြောင့် ‘အကြံဉာဏ်ကို မည်သူပေးသနည်း။ သူပေးသောအကြံဉာဏ်၏ရင်းမြစ်ကား အဘယ်နည်း’ ဟူ၍မေးခြင်းက ပညာရှိရာရောက်သည်။

ပညာရှင်တို့သည် အသေအချာစုဆောင်းထားသော အထောက်အထားပေါ်တွင် သူတို့၏ယူဆချက်များကို အမြဲပင် အခြေပြုချင်မှပြုပေမည်။ ပညာရှင်အချို့သည် လူတို့အကြိုက်လိုက်၍ရေးသားလျှင် ဝင်ငွေအမြောက်အမြားရမည်ကိုသိထားရာ လူကြိုက်များမည့်အကြံဉာဏ်ကိုသာ ပေးကြပေမည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတည်းတွင် အကြံပေးလမ်းညွှန်လုပ်ငန်းသည် နှစ်စဉ် ဝင်ငွေဒေါ်လာသန်းပေါင်းရှစ်ထောင်ကျော် ရရှိနေ၏။

အကြံပေးလမ်းညွှန်များသည် မည်မျှလက်တွေ့ကျသနည်း

သင်သည် အကြံပေးလမ်းညွှန်များကို ရှာကြံသည့်အခါ လက်တွေ့ကျသော အကြံဉာဏ်တွေ့ရှိမည်ဟု မျှော်လင့်ပေမည်။ သို့သော် တစ်ခါတစ်ရံ၊ အကြမ်းဖျင်းအကြံဉာဏ် သို့မဟုတ် လက်တွေ့မကျသော အကြံဉာဏ်ကိုသာ သင်ရရှိသည်။ အမှန်အားဖြင့် ထိုလမ်းညွှန်များက သင့်ကို ဤသို့ပြောနေခြင်းပင်– ‘သင့်မှာ အပြုသဘောသာရှိရင် ပြဿနာပြေလည်သွားမှာပါ။ အပြုသဘောရှိရင် ငွေ၊ ကျန်းမာရေး၊ ကျေနပ်ဖွယ်ပေါင်းသင်းဆက်ဆံရေးစတဲ့ သင်အလိုရှိရာကို ပိုင်ဆိုင်ပါလိမ့်မယ်။’ ထိုအကြံဉာဏ်မျိုးသည် လက်တွေ့ကျပါသလော။ ဘဝတွင် အဖြစ်မှန်များနှင့်စိတ်ပျက်စရာများကို ရင်ဆိုင်နိုင်ရန် သင့်ကိုကူညီပေးမည်လော။

ဥပမာ၊ ပေါင်းသင်းဆက်ဆံရေး၊ အိမ်ထောင်ရေးနှင့်ဆိုင်သော လူကြိုက်အများဆုံးလမ်းညွှန်စာအုပ်များကို သုံးသပ်ကြည့်ပါ။ ယင်းတို့သည် ပျော်ရွှင်တည်မြဲသောမိသားစု တည်ဆောက်နိုင်ရန် လူတို့ကိုကူညီပေးပါသလော။ အမြဲ မကူညီပေးပါ။ လက်တင်အမေရိကတွင် ရုတ်ချည်းအောင်မြင်မှုရလာသော အချစ်ရေးလမ်းညွှန်စာအုပ်များ၏ အာဘော်ရှင်က “ခိုင်မြဲသောဆက်ဆံရေးတည်ဆောက်နိုင်ပုံနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားစိတ် မွေးမြူနိုင်ပုံကို ရေးသားထားသည်” ဟုဆန်းစစ်ဝေဖန်သူတစ်ဦးက ဆိုသည်။ မိမိနှင့်ဆက်ဆံရေးအဆင်မပြေသူကို ဆက်၍ပေါင်းသင်းနေခြင်းက မိမိကိုယ်ကို သစ္စာဖောက်ခြင်းတစ်မျိုးဖြစ်သည်ဟု စာရေးသူကဆိုသည်။ အခက်အခဲများကို အသိအမှတ်ပြု၍ဖြေရှင်းရန် ကြိုးစားမည့်အစား မိမိစိတ်ချမ်းသာသလိုနေခြင်းက အရေးကြီးသည်ဟူသောအချက်ကို သူဆိုလိုနေခြင်းဖြစ်၏။

မှန်ပါသည်၊ အကြံပေးလမ်းညွှန်များတွင် အကြံဉာဏ်ကောင်းအချို့ပါရှိနိုင်သည်။ သို့သော် အန္တရာယ်ဖြစ်စေသောအကြံဉာဏ်များလည်း ပါဝင်နိုင်သည်။ အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ ပညာရှင်တစ်ဦး၏အကြံဉာဏ်သည် လက်တွေ့ကျနိုင်သော်လည်း နောက်အကြောင်းအရာတစ်ခုနှင့်ပတ်သက်၍ သူ၏အကြံဉာဏ်မှာ အခြေအနေကို ပို၍ဆိုးစေနိုင်သည်။ ထိုလမ်းညွှန်စာအုပ်များတွင်ပါသော အကြံဉာဏ်များစွာသည် တစ်ခုနှင့်တစ်ခု အလွန်ဆန့်ကျင်နေသောကြောင့် အမှန်ကိုရွေးချယ်ရန် မဖြစ်နိုင်ပေ။ သို့ဆိုလျှင် မည်သူ့အကြံဉာဏ်ကို သင်ယုံကြည်စိတ်ချနိုင်သနည်း။ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ယင်းသည် အသေအချာသုတေသနပြုထားသော အကြံဉာဏ်လော သို့မဟုတ် စာရေးသူ၏အတွေးအခေါ်မျှသာလော။ စည်းစိမ်ဥစ္စာပိုင်ဆိုင်လိုစိတ် သို့မဟုတ် ထင်ပေါ်ကျော်ကြားလိုစိတ်က စာရေးသူ၏တည်ကြည်ဖြောင့်မတ်မှုကို မည်မျှသြဇာလွှမ်းမိုးထားသနည်း။’

ကြာမြင့်စွာသောနှစ်များတစ်လျှောက် အကျိုးပြုကြောင်းထင်ရှားသော လမ်းညွှန်စာအုပ်မှာ သမ္မာကျမ်းစာဖြစ်သည်။ အကြံပေးလမ်းညွှန်စာအုပ်များတွင် ဆွေးနွေးထားသော အကြောင်းအရာများစွာအပြင် အခြားအကြောင်းအရာများနှင့်ပတ်သက်၍ လက်တွေ့ကျအကြံဉာဏ်ကိုလည်း ကျမ်းစာတွင် ဖော်ပြထား၏။ “သင်တို့၏ စိတ်သဘောကို အသစ်ပြုပြင်ကြရမည်။ . . . စရိုက်သစ်ကို ဝတ်ဆင်သင့်၏” ဟူသောအကြံဉာဏ်ကိုလိုက်နာရန် လူသန်းပေါင်းများစွာကို ကျမ်းစာက စေ့ဆော်ပေးခဲ့ပြီ။ (ဧဖက် ၄:၂၃၊ ၂၄) ကျမ်းစာသည် ပြဿနာများပေါ်ပေါက်ရသည့်အကြောင်းရင်းများကို ထိုးထွင်းသိမြင်စေပြီး ဖြေရှင်းနည်းကို သွန်သင်ပေးသည်။ အရေးကြီးဆုံးမှာ ယင်းသည် မှန်ရာကိုလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည့် လက်တွေ့ကျသောအကြောင်းရင်းများကို ရှင်းပြထားသည်။ ယင်းတို့ကို နောက်ဆောင်းပါးတွင် ရှင်းပြပါလိမ့်မည်။