သင်သိပါသလော
သင်သိပါသလော
ဆုတောင်းချက်တစ်ခုပြီးလျှင် “အာမင်” ဟု လူတို့ အဘယ်ကြောင့် ဆိုကြသနည်း။
“အာမင်” ဟူသောစကားလုံးသည် ဟေဗြဲစကားလုံး အာမင် [a·menʹ] ကို မြန်မာစကားဖြင့် အက္ခရာလှယ်ရေးထားခြင်းဖြစ်သည်။ ဂရိစကားတွင်လည်း ထိုသို့ပင်အက္ခရာလှယ်ရေးသည်။ ဆုတောင်းခြင်း၊ ကျိန်ဆိုခြင်း၊ ကောင်းချီးပေးခြင်း သို့မဟုတ် ကျိန်စာတိုက်ခြင်းတို့ပြီးဆုံးသည့်အခါ နားထောင်နေသူတို့သည် ထိုအသုံးအနှုန်းကို သံပြိုင်မြွက်ဆိုတတ်ကြပြီး “ပြည့်စုံပါစေ” သို့မဟုတ် “ဧကန်မုချ ဖြစ်ပါစေ” ဟူသည့်အဓိပ္ပာယ်ဆောင်၏။ ထိုသို့ဆိုခြင်းက နားထောင်နေသူတို့သည် ထိုဆုတောင်းချက်ကို သဘောတူကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။ “ထိုစကားလုံးသည် ကျိန်းသေဖြစ်ခြင်း၊ စစ်မှန်ခြင်း၊ သစ္စာရှိခြင်းနှင့် သံသယကင်းရှင်းခြင်းကို ဆိုလိုသည်” ဟုလေ့လာချက်တစ်ခုက ဖော်ပြသည်။ ကျမ်းစာခေတ်တွင် ကျိန်ဆိုချက် သို့မဟုတ် ပဋိညာဉ်စာချုပ်တစ်ခုအတွက် “အာမင်” ဟုဆိုခြင်းသည် သဘောတူကြောင်း တရားဝင်ဖော်ပြရာရောက်ပြီး ယင်းကိုချိုးဖောက်ပါက ဖြစ်လာမည့် နောက်ဆက်တွဲအကျိုးဆက်ကို ခံယူမည်ဟူသော အဓိပ္ပာယ်ဖြစ်သည်။—တရားဟောရာ ၂၇:၁၅-၂၆။
ယေရှုသည် ဟောပြောချက်နှင့်သွန်သင်ချက်များပေးစဉ် “အာမင်” ဟူသည့်စကားလုံးဖြင့် တစ်ခါတစ်ရံ အစပြုလေ့ရှိသည်။ သို့ဖြင့် မိမိပြောဆိုမည့်အကြောင်းအရာသည် အကြွင်းမဲ့မှန်ကန်ကြောင်း ကိုယ်တော်အလေးပေးနေခြင်းဖြစ်သည်။ ထိုအခြေအနေများတွင် ဂရိစကားလုံး အာမင် [a·menʹ] ကို “အမှန်ဆိုသည်ကား” ဟူ၍ပြန်ဆိုထားသည်။ (မဿဲ ၅:၁၈; ၆:၂၊ ၅) ယောဟန်ခရစ်ဝင်ကျမ်းတွင်တွေ့ရသည့်အတိုင်း ထိုအသုံးအနှုန်းကို ယေရှုနှစ်ထပ်ကွမ်းအသုံးပြုချိန်တွင် “အမှန်အကန်ဆိုသည်ကား” ဟူ၍ပြန်ဆိုထားသည်။ (ယောဟန် ၁:၅၁) အာမင်ဟူသည့်စကားလုံးထိုသို့သုံးနှုန်းထားပုံကို အခြားဘာသာရေးစာပေများတွင် မတွေ့ရဘဲ ခရစ်ဝင်ကျမ်းပါ ယေရှု၏စကားများတွင်သာ တွေ့ရသည်။
ခရစ်ယာန်ဂရိကျမ်းတွင် “အာမင်” ဟူသောဘွဲ့အမည်သည် ယေရှုကိုရည်ညွှန်းနေခြင်းဖြစ်ပြီး ကိုယ်တော်၏သက်သေခံချက်သည် “သစ္စာရှိ၍ စစ်မှန်” ကြောင်းဖော်ပြသည်။—ဗျာ. ၃:၁၄။
ဥရိမ်နှင့် သုမိမ်ကား အဘယ်အရာများနည်း။
ရှေးခေတ်အစ္စရေးနိုင်ငံတွင် နိုင်ငံ့အရေးကိစ္စ သို့မဟုတ် နိုင်ငံ့ခေါင်းဆောင်များ၏အရေးကိစ္စများနှင့်ပတ်သက်၍ ယေဟောဝါ၏အလိုတော်ကို သိနိုင်ရန် ဥရိမ်နှင့်သုမိမ်ကို အသုံးပြုခဲ့ပုံရသည်။ ၎င်းတို့ကို ယဇ်ပုရောဟိတ်မင်းထံ အပ်နှံထားပြီး သူသည် တရားစီရင်ဆုံးဖြတ်သည့် “ရင်ဖုံးအထဲ၌” ထည့်ထားရသည်။ (ထွက်မြောက်ရာ ၂၈:၁၅၊ ၁၆၊ ၃၀) ကျမ်းစာတွင် ဥရိမ်နှင့်သုမိမ်အကြောင်း၊ ယင်းတို့ကို အသုံးပြုပုံအကြောင်း အတိအကျမဖော်ပြထားသော်လည်း ယင်းကို မဲချသည့်နည်းဖြင့်အသုံးပြုခဲ့ပုံရကြောင်း အခြားကျမ်းချက်များက ဖော်ပြသည်။ မဲချလိုက်သည့်အခါ ဘုရားသခင်ထံမှ အဖြေမှာ “မှန်သည်၊” “မှားသည်” သို့မဟုတ် လုံးဝအဖြေမပေးခြင်းဖြစ်နိုင်သည်။
ထိုသို့အသုံးပြုခဲ့သည့် ဥပမာတစ်ခုမှာ ဒါဝိဒ်သည် အဗျာသာအား ဥရိမ်နှင့်သုမိမ်ပါပုံရသော ယဇ်ပုရောဟိတ်မင်း၏သင်တိုင်းတော်ကို ဆောင်ခဲ့ရန် ပြောကြားချိန်တွင်ဖြစ်သည်။ ဒါဝိဒ်က ယေဟောဝါအား ‘ရှောလုသည် ကျွန်ုပ်နောက်သို့ လိုက်လာပါလိမ့်မည်လော’ နှင့် ‘ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ့လက်သို့အပ်ကြပါလိမ့်မည်လော’ ဟူသောမေးခွန်းနှစ်ခုမေးလျှောက်ခဲ့သည်။ ထိုမေးခွန်းနှစ်ခုစလုံးကို မှန်သည်ဟုအဖြေပေးခြင်းဖြင့် ဒါဝိဒ်အား သင့်လျော်သောဆုံးဖြတ်ချက်များ ချစေနိုင်ခဲ့သည်။—၁ ဓမ္မရာဇဝင် ၂၃:၆-၁၂။
အစောပိုင်းတွင် ဘုရင်ရှောလုသည် လူတို့အပြစ်ကျူးလွန်ထားသလော သို့မဟုတ် မိမိနှင့်မိမိသားယောနသန် အပြစ်ကျူးလွန်ထားသလောဆိုသည်ကို သိနိုင်ရန်၊ ထို့နောက် မိမိနှင့်မိမိသားတွင် မည်သူအပြစ်ကျူးလွန်ထားသည်ကို သိနိုင်ရန် ဥရိမ်နှင့်သုမိမ်ကို အသုံးပြုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၄:၄၀-၄၂) နောက်ပိုင်း၊ ရှောလုသည် ဘုရားသခင့်မျက်နှာသာ ဆုံးရှုံးသွားသောအခါ “အိပ်မက်အားဖြင့်လည်းကောင်း၊ ဥရိမ်အားဖြင့်လည်းကောင်း၊ ပရောဖက်အားဖြင့်လည်းကောင်း” သူ့ကို ဘုရားသခင်လမ်းမညွှန်တော့ပေ။—၁ ဓမ္မရာဇဝင် ၂၈:၆။
ဘီစီ ၆၀၇ တွင် ယေဟောဝါ၏ဝတ်ပြုရာအိမ်တော် ဖျက်ဆီးခံရပြီးနောက် ဥရိမ်နှင့်သုမိမ်အသုံးပြုခြင်းမှာလည်း ဂျူးတို့၏ထုံးစံတွင် ပျောက်ကွယ်သွားသည်။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
“အာမင်၊” ဗျာ. ၃:၁၄။ ကိုဒက်စ်အလက်ဇန္ဒြီးနပ်စ်၊ အေဒီ ၅ ရာစု