မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်အလွဲသုံးမှု အချုပ်အနှောင်မှ လွတ်မြောက်ခြင်း

အရက်အလွဲသုံးမှု အချုပ်အနှောင်မှ လွတ်မြောက်ခြင်း

အရက်အလွဲသုံးမှု အချုပ်အနှောင်မှ လွတ်မြောက်ခြင်း

“ကျွန်တော့်အဖေက အရက်သမားတစ်ယောက်ဖြစ်ပြီး ကျွန်တော်လည်း အဖေ့ခြေရာနင်းခဲ့တယ်။ အသက် ၁၂ နှစ်မှာ ကျွန်တော်အရက်သောက်တတ်နေပြီ။ ကျွန်တော်အိမ်ထောင်ကျတဲ့အချိန်မှာတော့ နေ့တိုင်းမူးအောင်သောက်တယ်။ ကျွန်တော်မူးပြီးရမ်းကားလာလို့ မကြာခဏဆိုသလို ရဲတွေက ကျွန်တော့်မိသားစုကို အကူအညီပေးရတယ်။ ကျွန်တော့်ကျန်းမာရေး တော်တော်ဆိုးရွားလာတယ်။ အရက်ကြောင့် အစာအိမ်သွေးယိုခဲ့ပြီး မသေရုံတစ်မည်ဖြစ်သွားတယ်။ နောက်ပိုင်း အသည်းရွတ်ရောဂါနဲ့ သွေးအားနည်းရောဂါဖြစ်လာတယ်။ ကိုယ်ထူကိုယ်ထအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အရက်ဖြတ်ဖို့ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ဘူး။ ပိုက်ကွန်မှာမိနေတဲ့ငါးလို လွတ်လမ်းမမြင်တော့ဘူးလို့ ကျွန်တော်ခံစားရတယ်။—ဗစ်တာ၊ * အာဂျင်တီးနား။

ဤကဲ့သို့ အရက်ကျေးကျွန်ဘဝ ရောက်သွားသူများ၏ အတွေ့အကြုံများကို မကြာခဏ ကြားရတတ်သည်။ ဗစ်တာကဲ့သို့ သူတို့သည် ထောင်ချောက်ထဲမိနေပြီး မလွတ်မြောတ်နိုင်ဟု ခံစားနေကြရသည်။ အရက်အလွဲသုံးမှုကြောင့် ဖြစ်သောပြဿနာများကို ကျော်လွှားအောင်မြင်နိုင်မည်လော။ သို့မဟုတ် ရှောင်ကြဉ်နိုင်မည်လော။ မည်သို့အားဖြင့်နည်း။

ပြဿနာကို အသိအမှတ်ပြုခြင်း

ဦးစွာ၊ အရက်စွဲသူနှင့် သူ၏ဆွေမျိုးများက ပြဿနာကို အသိအမှတ်ပြုဖို့ အရေးကြီးသည်။ အရက်စွဲခြင်းသည် ကြီးမားသောပြဿနာ၏ အစသာရှိသေး၏။ ယင်းသည် ယခင်က တော်သင့်ရုံသောက်ခြင်းမှ တဖြည်းဖြည်းအဆင့်တက်လာခြင်းဖြစ်သည်။ အံ့ဩစရာမှာ အရက်ကြောင့်ဖြစ်သော မတော်တဆမှု၊ အကြမ်းဖက်မှုနှင့် လူမှုရေးပြဿနာအများစုသည် အရက်စွဲနေသူများကြောင့် မဟုတ်ဟူသောအချက်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗ္ဗလျူအိပ်ခ်ျအို) ၏ဖော်ပြချက်ကို သတိပြုပါ– “လူ့အဖွဲ့အစည်းတွင် အရက်နှင့်ဆက်နွှယ်သော ပြဿနာများနည်းပါးစေရန် အကောင်းဆုံးနည်းမှာ အရက်အလွန်အကျွံသောက်သူများ၏ သောက်သုံးမှုထက် အရက်တော်သင့်ရုံသောက်သူများ၏ သောက်သုံးမှုကို ကန့်သတ်ရန် အာရုံစိုက်လုပ်ဆောင်ခြင်းဖြစ်သည်။” သင်၏သောက်သုံးမှုသည် ကျန်းမာရေးအာဏာပိုင်များ အတည်ပြုထားသော ကန့်သတ်ချက်ထက် ပိုနေပါသလော။ အပြည့်အဝအာရုံစိုက်မှုနှင့် ချက်ချင်းတုံ့ပြန်လုပ်ဆောင်မှုလိုအပ်သည့် အခြေအနေများတွင် သင်အရက်သောက်သလော။ သင်၏အရက်သောက်သည့်အကျင့်သည် မိသားစုနှင့်အလုပ်ခွင်တွင် ပြဿနာများပေါ်ပေါက်စေပါသလော။ အန္တရာယ်ဖြစ်နိုင်သော အလားအလာရှိသည့် သောက်သုံးမှုပမာဏကို အသိအမှတ်ပြုခြင်းနှင့် ယင်းကို လိုအပ်သလိုလျှော့ချခြင်းသည် နောက်ပိုင်းတွင် ကြီးလေးသော ပြဿနာများကို ရှောင်ရှားနိုင်ဖို့ “အကောင်းဆုံးနည်းလမ်း” ဖြစ်၏။ လူတစ်ဦး အရက်စွဲသွားပြီဆိုလျှင် ပြောင်းလဲမှုများပြုလုပ်ရန် ပိုခက်ခဲစေသည်။

အရက်အလွဲသုံးသူများ အများအားဖြင့် တုံ့ပြန်ပုံမှာ ဝန်မခံခြင်းဖြစ်၏။ “သူများတွေသောက်သလို ကျွန်တော်သောက်တာပဲ” သို့မဟုတ် “ကျွန်တော်အချိန်မရွေး ဖြတ်လို့ရတယ်” စသည်ဖြင့် သူတို့ပြောဆိုကြသည်။ “အရက်ကြောင့် ကျွန်တော်သေခါနီးဖြစ်တာတောင်မှ ကိုယ့်ကိုယ်ကို အရက်စွဲနေတယ်လို့ လုံးဝမထင်ဘူး၊ ဒါကြောင့် အရက်ဖြတ်ဖို့လည်းမကြိုးစားဘူး” ဟု ရုရှားနိုင်ငံမှ ကန်စတန်တီယန်က ဆိုသည်။ ပိုလန်နိုင်ငံမှ မာရက်က ဤသို့ပြန်ပြောပြ၏– “အရက်ဖြတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်အရက်စွဲနေပြီလို့ လုံးဝအသိအမှတ်မပြုဘူး။ အရက်နဲ့ဆက်နွှယ်တဲ့ ပြဿနာတွေကို ကျွန်တော် လျှော့တွက်ခဲ့မိတယ်။”

လူတစ်ဦးသည် အရက်သောက်ခြင်း၏ပြဿနာများကို အသိအမှတ်ပြုပြီး အပြုသဘောပါပါ လုပ်ဆောင်ရန် သူ့ကို မည်သို့ကူညီနိုင်သနည်း။ ဦးဆုံးအနေနှင့် သူသည် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသောပြဿနာများနှင့် အရက်ကိုရှောင်ကြဉ်ခြင်းဖြင့် သူ၏ဘဝအရည်အသွေးကို တိုးတက်စေနိုင်ကြောင်းတို့ကို အသိအမှတ်ပြုဝန်ခံရမည်။ လာရဗူဝဲ ဒူဝယ်ပရာတီစီယန်—မက်ဒီစင် ဇေနေရယ်လ် စာအုပ်တွင်ဖော်ပြသကဲ့သို့ “ကျွန်တော့်မိန်းမ ကျွန်တော့်ကိုထားခဲ့တယ်၊ အလုပ်လည်းပြုတ်သွားတယ်၊ ဒါကြောင့် အရက်သောက်တာ” ဟုပြောမည့်အစား “ကျွန်တော်အရက်သောက်လို့ ကျွန်တော့်မိန်းမ ကျွန်တော့်ကိုထားခဲ့တယ်၊ အလုပ်လည်းပြုတ်သွားတယ်” ဟုဆင်ခြင်ခြင်းဖြင့် သူ၏အတွေးအခေါ်ကို ပြောင်းလဲရန်လိုသည်။

အရက်စွဲသူတစ်ဦးကို ဤသို့အတွေးအခေါ်များ ပြောင်းလဲလာစေရန် သင်ကူညီပေးလိုပါက အောက်ပါအကြံပြုချက်များကို လိုက်နာပါ– အာရုံစိုက်နားထောင်ပါ၊ သူ၏ စိတ်လှုပ်ရှားမှုများနှင့် ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလာစေရန် ရိုးသားပွင့်လင်းသော မေးခွန်းများကို အသုံးပြုပါ၊ သူ့ကိုနားလည်ပေးသည်ဟု သူခံစားလာစေရန် စာနာသည့်သဘောထားတင်ပြပါ၊ တိုးတက်မှုအနည်းငယ်သာရှိသည့်တိုင် အားပေးပါ၊ ပြစ်တင်ရှုတ်ချခြင်းကို ရှောင်ပါ သို့မဟုတ် ခံစားချက်များကို ဖော်ထုတ်ခြင်းနှင့် အကူအညီရှာယူခြင်းတို့ပြုရန် သူ့အတွက် အဟန့်အတားဖြစ်စေသည့် သဘောထားများကို ရှောင်ပါ။ ကျွန်တော်အရက်ဆက်သောက်ရင် ဘာဖြစ်မလဲနှင့် မသောက်တော့ဘူးဆိုရင် ဘာဖြစ်မလဲ ဟူသော မေးခွန်းများကိုအခြေခံပြီး အဖြေများကို သူ့အားချရေးစေခြင်းသည်လည်း အကျိုးပြုပေလိမ့်မည်။

အကူအညီရှာယူခြင်း

တစ်ဦးတစ်ယောက်က အရက်အလွဲသုံးစပြုလာသောအခါ သူသည် တန်ဖိုးမရှိတော့ သို့မဟုတ် မျှော်လင့်ချက်မရှိတော့ဟု မဆိုနိုင်ပေ။ တချို့က အရက်ဖြတ်နိုင်ဖို့ မိမိတို့ဘာသာ ကြိုးစားလုပ်ဆောင်ကြသော်လည်း အရက်စွဲသူများ အရက်ကိုရှောင်ကြဉ်နိုင်ရန် ကျွမ်းကျင်သူများ၏ အကူအညီလိုအပ်သည်။ အချို့သူများအတွက် ပြင်ပလူနာအနေနှင့် ကုသခြင်းသည် ထိရောက်မှုရှိသော်လည်း အရက်ဖြတ်ခံစားလက္ခဏာများစွာ ဖြစ်ပေါ်လာပါက ဆေးရုံတင်ကုသဖို့ လိုအပ်ပေမည်။ * အရက်ဖြတ်ဖြတ်ချင်း ခံစားရသည့်ဝေဒနာလက္ခဏာများ နှစ်ရက်မှ ငါးရက်အတွင်း ပျောက်သွားပြီးနောက် အရက်ကို အာသာငမ်းငမ်းတောင့်တစိတ် နည်းပါးစေရန်နှင့် အရက်ကို ဆက်၍ရှောင်ကြဉ်နိုင်ရန် ဆေးကုသမှုများ လုပ်ပေးရပေမည်။

သို့ရာတွင် အရက်ဖြတ်ကုသနည်းများသည် အောင်မြင်မည်ဟု အာမခံချက်မရှိပါ။ ဆေးဝါးဖြင့်ကုသမှုသည် ခေတ္တယာယီအတွက်သာဖြစ်ပြီး လုံးဝမပြတ်သွားပေ။ ပြင်သစ်နိုင်ငံမှ အလန်သည် အရက်ဖြတ်ကုသနည်းများစွာ ခံယူခဲ့သည်။ “အရင်က သောက်ဖော်သောက်ဖက်တွေနဲ့ ပြန်ပေါင်းမိတဲ့အတွက် ဆေးရုံကဆင်းဆင်းချင်း ကျွန်တော်အရက်ပြန်သောက်တော့တယ်။ တကယ်ဆိုရင် အရက်ဖြတ်ဖို့ မှန်ကန်တဲ့သဘောထား ကျွန်တော့်မှာမရှိခဲ့ဘူး” ဟုသူပြောသည်။

ဟာကွက်ကို ဖြည့်ဆည်းပေးခြင်း

အမှန်ဆိုရလျှင် ရင်းနှီးသောမိတ်ဆွေတစ်ဦး ဆုံးရှုံးသွားသောအခါ ခံစားရသကဲ့သို့ အရက်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသော ဟာတာတာခံစားချက်ကြောင့် များစွာသောသူတို့ မအောင်မြင်ကြခြင်းဖြစ်သည်။ ရုရှားနိုင်ငံမှ ဗယ်စ်ယီလ်ယီက ဤသို့ဆို၏– “ကျွန်တော်အရက်သောက်ဖို့ပဲ မပြတ်စဉ်းစားနေမိတယ်။ အရက်မသောက်ရတဲ့ ရက်တစ်ရက်ဟာ ကျွန်တော်အတွက်အဓိပ္ပာယ်မရှိဘူး။” အရက်စွဲသူတစ်ဦးအတွက် အခြားလုပ်ဆောင်မှုများသည် အရက်သောက်ချင်သည့်စိတ်ကို အာသာပြေစေဖို့လောက် အရေးမကြီးချေ။ “ကျွန်တော့်ဘဝရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အရက်သောက်ဖို့နဲ့ အရက်ဖိုးရှာဖို့ပဲ” ဟု ပိုလန်နိုင်ငံမှ ဂျာဇီက ပြန်ပြောပြသည်။ ထင်ရှားနေသည်မှာ နာလန်ထူလာသော အရက်စွဲသူတစ်ဦး အရက်ကိုဆက်ရှောင်ကြဉ်နိုင်ဖို့ဆိုလျှင် သူ၏ဘဝတွင် ရည်ရွယ်ချက်အသစ်တစ်ခု ရှာတွေ့ရန် အလွန်အရေးကြီး၏။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ဝေသော အရက်သောက်ခြင်းအကျင့်ကို ပြောင်းလဲဖို့ကြိုးစားနေသူများအတွက် အကြံဉာဏ်များပါဝင်သည့် လမ်းညွှန်စာအုပ်တွင် အရက်ပြန်သောက်ခြင်းကို ရှောင်ကြဉ်ရာ၌ ရည်ရွယ်ချက်ရှိသော လုပ်ဆောင်မှုများသည် အရေးကြီးကြောင်း အထူးပေါ်လွင်စေခဲ့၏။ ဥပမာအနေနှင့် ဘာသာရေးလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းဖြစ်သည်။

ဝိညာဉ်ရေးလုပ်ဆောင်မှုများတွင် ပါဝင်ခြင်းက လူတစ်ဦးအား အရက်၏သြဇာကိုတွန်းလှန်ရန် ကူညီပေးနိုင်၏။ ဥပမာ၊ အလန်သည် အရက်ကြောင့် ထောင်သုံးကြိမ်ကျပြီးနောက် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာခဲ့သည်။ သူဤသို့ပြောသည်– “ကျမ်းစာလေ့လာလို့ ကျွန်တော့်ဘဝမှာ ရည်ရွယ်ချက်ရှိလာပြီး အရက်ကို ဆက်တွန်းလှန်နိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က အရက်ဖြတ်ဖို့လောက်ပဲမဟုတ်ဘူး၊ ယေဟောဝါရဲ့စိတ်တော်ကို ရွှင်လန်းစေဖို့ဖြစ်တယ်။”

အရက်ပြန်သောက်သည့် ပြဿနာကို အောင်မြင်စွာဖြေရှင်းခြင်း

နာလန်ထူလာသော အရက်စွဲသူကို အားပေးခြင်းနှင့် ထောက်မပေးခြင်းသည် အရေးကြီးကြောင်း အရက်အလွဲသုံးမှုဆိုင်ရာ အကြံပေးသူများက ဖော်ပြသည်။ သူတို့၏ အလွန်ဆိုးဝါးသောအခြေအနေကြောင့် အများစုသည် မိသားစုများနှင့် မိတ်ဆွေများကို ဆုံးရှုံးခဲ့ကြရသည်။ တစ်ကိုယ်တည်း အထီးကျန်ဖြစ်ခြင်းက စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုသတ်သေသည့်အထိပင် ဖြစ်စေနိုင်၏။ အထက်တွင်ဖော်ပြခဲ့သော လမ်းညွှန်စာအုပ်က အရက်ပြဿနာရှိသူများကို ကူညီလိုသူများအတွက် အောက်ပါအကြံပြုချက်များပေးသည်– “သူ၏အပြုအမူကြောင့် သင်စိတ်အနှောင့်အယှက်ဖြစ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်သည့်တိုင် သူ့ကို ပြစ်တင်ရှုတ်ချခြင်း မပြုမိဖို့ကြိုးစားပါ။ အလေ့အကျင့်တစ်ခုကို ပြောင်းလဲရခြင်းသည် ဘယ်တော့မျှ မလွယ်ကူကြောင်း သတိရပါ။ အောင်မြင်သည့်အခါလည်းရှိမည်၊ မအောင်မြင်သည့်အခါလည်း ရှိပေမည်။ သင်၏ အားပေးမှု၊ အနည်းငယ်သာသောက်ရန် သို့မဟုတ် လုံးဝရှောင်ရန် ထောက်မကူညီပေးမှုနှင့် ဆန်းသစ်သည့်စိတ်ကူးများ လိုအပ်ပါသည်။”

အနှစ် ၃၀ နီးပါး အရက်သောက်ခဲ့သူ အီလာရီယိုက ဤသို့ပြန်ပြောပြ၏– “ကျွန်တော့်ကို ကူညီပေးတဲ့အရာကတော့ ယေဟောဝါသက်သေများရဲ့ ဒေသခံအသင်းတော်က မိတ်ဆွေတွေရဲ့ မေတ္တာနဲ့ဂရုစိုက်မှုပါပဲ။ ကျွန်တော် ခဏခဏ အရက်ပြန်သောက်ပေမဲ့လည်း သူတို့က အမြဲတမ်း ကျွန်တော့်အနားမှာနေပြီး အားပေးတယ်၊ အခန့်သင့်ကျမ်းစာအကြံပြုချက်တွေ ပေးကြတယ်။”

သင်သည် အရက်ဖြတ်ဖို့ ကြိုးစားတိုက်လှန်နေပါက အရက်ပြန်သောက်မိနိုင်ကြောင်း သတိရပါ၊ သို့သော် ယင်းသည် နာလန်ထူရန် လုပ်ဆောင်ရာတွင် ကြုံရမည့်အရာအဖြစ် ယူမှတ်ထားသင့်၏။ လက်မလျှော့ပါနှင့်! အဘယ်အရာက အရက်ပြန်သောက်စေကြောင်း သေချာသိအောင် ဆန်းစစ်ပါ၊ နောက်နောင်မဖြစ်မိစေရန် ကာကွယ်ဖို့ သိလာသည့်အရာကို အသုံးချပါ။ အရက်သောက်လိုသောဆန္ဒ ဖြစ်ပေါ်စေသည့် အခြေအနေများကို ပီပြင်စွာခွဲခြားသိမြင်ပါ။ ယင်းအခြေအနေတို့မှာ ငြီးငွေ့ဖွယ်ကောင်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ဖြစ်ခြင်း၊ အငြင်းအခုံဖြစ်ခြင်း၊ စိတ်ဖိစီးခြင်း၊ အခြားသူများ အရက်သောက်သည့်ချိန်ခါ သို့မဟုတ် နေရာများ စသည့်တို့ ဖြစ်နိုင်သလော။ သို့ဆိုလျှင် ယင်းတို့ကိုရှောင်ပါ! အရက်လုံးဝပြတ်ဖို့ နှစ်နှစ်အချိန်ယူခဲ့ရသူ ဂျာဇီက ဤသို့ဆို၏– “အရက်သောက်ချင်တဲ့စိတ် ဖြစ်စေနိုင်တဲ့ စိတ်လှုပ်ရှားမှုကို နားလည်ပြီး ခွဲခြားသိမြင်နိုင်ဖို့ ကျွန်တော်သင်ယူခဲ့တယ်။ အခုဆိုရင် အရက်သောက်ချင်တဲ့စိတ် ဖြစ်ပေါ်စေတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို ကျွန်တော်ရှောင်တယ်။ လူတွေအရက်သောက်တဲ့နေရာနဲ့ ဝေးဝေးနေတယ်။ အရက်ပါတဲ့ ဘယ်အစားအစာကိုမှ ကျွန်တော်မစားဘူး၊ အရက်အဓိကပါဝင်တဲ့ လူသုံးကုန်ပစ္စည်းတွေ ဒါမှမဟုတ် ဆေးတွေကိုတောင် ကျွန်တော်ရှောင်တယ်။ ဘယ်အရက်ကြော်ငြာကိုမှ မကြည့်တော့ဘူး။” မိမိတို့အား အရက်ပြန်သောက်စေရန် တွန်းပို့သောအရာများကို နိုင်နင်းအောင်မြင်ရာတွင် “သာမန်ထက်ထူးကဲသောတန်ခိုးတော်” ကိုရဖို့ ဘုရားသခင်ထံဆုတောင်းခြင်းသည် အဓိကဖြစ်ကြောင်း လူများစွာ တွေ့ရှိခဲ့ကြပြီ။—၂ ကောရိန္သု ၄:၇; ဖိလိပ္ပိ ၄:၆၊ ၇

လွတ်မြောက်မှု!

ဆက်တိုက်စိန်ခေါ်ချက်များ ရင်ဆိုင်ရမည်ဖြစ်သော်လည်း အရက်၏ကျေးကျွန်ဘဝမှ လွတ်မြောက်နိုင်ပါသည်။ ဤဆောင်းပါးတွင် ဖော်ပြထားသူအားလုံး အောင်မြင်ခဲ့ကြ၏။ သူတို့သည် ပိုကျန်းမာလာကြပြီး မိသားစုနှင့်အလုပ်တွင် အကျိုးကျေးဇူးများစွာ ရိတ်သိမ်းနေကြရသည်။ “အခု ကျွန်တော် အရက်ရဲ့ညွှတ်ကွင်းကနေ လွတ်မြောက်ပြီ” ဟုအလန်ပြောပြသည်။ ကန်စတန်တီယန်က ဤသို့ဆို၏– “ယေဟောဝါကို သိလာလို့ ကျွန်တော့်အိမ်ထောင်မြဲနေတာ။ အခု ကျွန်တော့်ဘဝမှာ ရည်ရွယ်ချက်ရှိလာပြီ။ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုက အရက်ပေါ်မမူတည်တော့ဘူး။” ဗစ်တာကလည်း ဤသို့ဆိုသည်– “ကျွန်တော် လွတ်လပ်တဲ့လူတစ်ယောက်လို ခံစားရတယ်။ ကိုယ့်ကိုယ်ကိုနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ပြန်အဖတ်ဆည်နိုင်ခဲ့ပြီ။”

လူတစ်ဦးသည် အရက်အလွဲသုံးမှုကြောင့် မတော်တဆ အန္တရာယ်ကြုံရသည်ဖြစ်စေ၊ ပြဿနာများ ကြုံနေရသည်ဖြစ်စေ သို့မဟုတ် အရက်စွဲသူဖြစ်နေပါစေ ပြောင်းလဲမှုများ ပြုလုပ်နိုင်ပါသည်။ အရက်သောက်ခြင်းက သင်၏ကောင်းကျိုးချမ်းသာကို အန္တရာယ်ဖြစ်စေလျှင် လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် မတွန့်ဆုတ်ပါနှင့်။ သို့ပြုခြင်းက သင်ကိုယ်တိုင်နှင့် သင့်ကိုချစ်မြတ်နိုးသူများအတွက် ကောင်းကျိုးဖြစ်စေနိုင်ပါသည်။ (g05 10/08-E)

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 နာမည်အချို့ပြောင်းထား။

^ အပိုဒ်၊ 10 အကူအညီပေးနိုင်သည့် ဆေးခန်းများ၊ ဆေးရုံများနှင့် နာလန်ထအစီအစဉ် များစွာရှိပါသည်။ ယေဟောဝါသက်သေများအနေဖြင့် မည်သို့သောကုသနည်းသည် ကောင်း၏ဟူ၍ ထောက်ခံမပေးပါ။ ကျမ်းစာမူများကို လျှော့ပေါ့လိုက်လျောစေမည့် လုပ်ဆောင်မှုများတွင် မပါဝင်မိရန် အထူးဂရုပြုရမည်။ သို့သော် နောက်ဆုံးတွင် အဘယ်သို့သော ရောဂါကုသနည်းကို မိမိလိုအပ်ကြောင်း ကိုယ်ကိုယ်တိုင်သာ ဆုံးဖြတ်ရပါမည်။

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ပြဿနာကိုဝန်ခံခြင်းသည် ပထမခြေလှမ်းဖြစ်

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

လူများစွာသည် အရက်ဖြတ်ရန် ကျွမ်းကျင်သူများ၏ အကူအညီလိုအပ်

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဆုတောင်းခြင်းသည် အကူအညီဖြစ်စေနိုင်

[စာမျက်နှာ ၁၄ ပါရုပ်ပုံ]

အရက်ကိုရှောင်ကြဉ်ရန် သင်ခွန်အားရရှိ နိုင်ပါသည်!