မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲသော ဤလောကတွင် စိတ်ငြိမ်သက်မှုကို သင်ရှာတွေ့ နိုင်မည်လော

ဆင်းရဲခက်ခဲသော ဤလောကတွင် စိတ်ငြိမ်သက်မှုကို သင်ရှာတွေ့ နိုင်မည်လော

ဆင်းရဲခက်ခဲသော ဤလောကတွင် စိတ်ငြိမ်သက်မှုကို သင်ရှာတွေ့ နိုင်မည်လော

သင်သည် ငြိမ်သက်အေးချမ်းစွာ အသက်ရှင်နေထိုင်ရပါသလော။ လူများစွာမှာ ငြိမ်သက်အေးချမ်းမှု မခံစားရပါ။ စစ်ပွဲများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ၊ လူမျိုးစုပဋိပက္ခများ သို့မဟုတ် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်ဒေသများတွင် သူတို့နေထိုင်နေရသည်။ သင်သည် ထိုဘေးဆိုးများမကြုံရလျှင်ပင် ရာဇဝတ်မှု၊ နှောင့်ယှက်ရမ်းကားမှု၊ စီးပွားဖက်မိတ်ဆွေများ သို့မဟုတ် အိမ်နီးချင်းများနှင့်ကတောက်ကဆတ်ဖြစ်မှုတို့ကြောင့် စိတ်ငြိမ်သက်မှုမခံစားရဘဲ ဖြစ်နေပေမည်။ ထို့ပြင် မိသားစုအတွင်း၌လည်း ငြိမ်သက်အေးချမ်းမှုအစား ရန်ပွဲများသာ ကြုံနေရတတ်သည်။

စိတ်ငြိမ်သက်မှုကို လူများစွာ အလွန်တမ်းတကြသည်။ ထို့ကြောင့် ဘာသာတရားလိုက်စားခြင်း၊ တရားစခန်းဝင်ခြင်း သို့မဟုတ် ယောဂကျင့်စဉ်များကျင့်ခြင်းတို့ဖြင့် စိတ်ငြိမ်သက်မှုကို ရှာဖွေကြသည်။ အချို့သူများကမူ အားလပ်ရက်ခရီးထွက်ခြင်း၊ တောတောင်များသို့ ခြေကျင်ခရီးသွားခြင်း သို့မဟုတ် ရေပူစမ်းများသို့ သွားရောက်လည်ပတ်ခြင်းတို့ဖြင့် သဘာဝတရားတွင် စိတ်ငြိမ်သက်မှုတွေ့လိုတွေ့ငြား ရှာဖွေကြသည်။ ထိုသူတို့သည် စိတ်ငြိမ်သက်မှုကို ရှာတွေ့လျှင်ပင် ယင်းသည် အနှစ်သာရကင်းမဲ့ပြီး ခဏသာတည်မြဲကြောင်း မကြာမီတွင် နားလည်သွားကြသည်။

သို့ဆိုလျှင် စစ်မှန်သောငြိမ်သက်မှုကို အဘယ်နေရာတွင် သင် ရှာတွေ့နိုင်သနည်း။ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်သည် ငြိမ်သက်မှု၏ရင်းမြစ် ဖြစ်တော်မူ၏။ အဘယ်ကြောင့် ထိုသို့ဆိုရသနည်း။ အကြောင်းမှာ ကိုယ်တော်သည် “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” ဖြစ်သောကြောင့်ပင်။ (ရောမ ၁၅:၃၃) မကြာမီရောက်လာတော့မည့် ဘုရားသခင်၏နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် “ငြိမ်သက်ချမ်းသာများပြား” ပါလိမ့်မည်။ (ဆာလံ ၇၂:၇သမ္မာ; မဿဲ ၆:၉၊ ၁၀) ယင်းသည် လူတို့ချုပ်ဆိုသည့်ငြိမ်းချမ်းရေးစာချုပ်များကြောင့်ရရှိလာသော မည်သည့်ငြိမ်းချမ်းရေးထက်မဆို များစွာသာလွန်ပါသည်။ ထိုသဘောတူညီချက်များသည် စစ်ဖြစ်ပွားရာကာလအတွင်း ခဏတစ်ဖြုတ်ငြိမ်သက်စေရုံမျှသာဖြစ်သည်။ သို့သော် ဘုရားသခင့်ငြိမ်သက်ခြင်းသည် စစ်မှုနှင့်ပဋိပက္ခများကိုဖြစ်ပွားစေသော အကြောင်းရင်းအားလုံးကို ဖယ်ရှားပါလိမ့်မည်။ မှန်ပါသည်၊ မည်သူမျှ စစ်အတတ်ကို နောက်တဖန် မသင်ကြတော့ပါ။ (ဆာလံ ၄၆:၈၊ ၉) နောက်ဆုံးတွင် ကျွန်ုပ်တို့သည် စစ်မှန်သောငြိမ်သက်မှုကို ခံစားကြရမည်။

ထိုမျှော်လင့်ချက်သည် အလွန်တရာကောင်းမွန်လှသည်မှန်သော်လည်း သင်သည် ယခုလောလောဆယ် အတိုင်းအတာတစ်ခုအထိ စိတ်ငြိမ်သက်မှုရလိုပေမည်။ ဆင်းရဲခက်ခဲသော ယနေ့ခေတ်တွင် စိတ်ငြိမ်သက်မှုကို ရှာတွေ့နိုင်မည့်နည်းလမ်း ရှိပါသလော။ ဝမ်းသာစရာကား၊ ထိုငြိမ်သက်မှုရှာတွေ့နိုင်ပုံကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ ဖိလိပ္ပိမြို့သားများထံ တမန်တော်ပေါလုရေးခဲ့သော ကျမ်းစာစောင်၏အခန်းကြီး ၄ တွင် ဖော်ပြထားသည့် လမ်းညွှန်ချက်အချို့ကို သုံးသပ်ကြည့်ပါ။ သင့်ကိုယ်ပိုင်ကျမ်းစာကို ဖွင့်ကာ အခန်းငယ် ၄ မှ ၁၃ အထိ ဖတ်ရှုစေလိုပါသည်။

“ဘုရားသခင်၏ ငြိမ်သက်ခြင်း”

အခန်းငယ် ၇ တွင် “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်” ဟုဖော်ပြထားသည်။ ထိုငြိမ်သက်ခြင်းသည် တရားကျင့်ကြံအားထုတ်ခြင်း သို့မဟုတ် ကောင်းမွန်သောအကျင့်စရိုက်များ မွေးမြူခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ပါ။ ယင်းသည် ဘုရားသခင်ထံမှ လာသည်။ ထို့ပြင် “စဉ်းစား၍မမီနိုင်” လောက်အောင် အစွမ်းတန်ခိုးရှိ၏။ ကျွန်ုပ်တို့၏စိုးရိမ်ကြောင့်ကြမှုများ၊ အကန့်အသတ်သာရှိသော အသိပညာ၊ လွဲမှားတတ်သော စဉ်းစားဆင်ခြင်မှုစသည့်အရာအားလုံးထက် အမှန်ပင် ထူးကဲသာလွန်၏။ ပြဿနာများမှ လွတ်မြောက်နိုင်မည့်နည်းလမ်း မရှိတော့ဟူ၍ ကျွန်ုပ်တို့ခံစားမိနိုင်သော်လည်း ဘုရားသခင်၏ငြိမ်သက်ခြင်းသည် အခက်အခဲများအားလုံး တစ်နေ့ ပပျောက်သွားတော့မည်ဟူသော ကျမ်းစာအခြေပြုသည့် ခိုင်မာသောမျှော်လင့်ချက် ရှိစေနိုင်သည်။

ယင်းသည် ဖြစ်နိုင်ပါမည်လော။ လူသားတို့အနေဖြင့် မတတ်နိုင်သည်မှာ မှန်ပါသည်၊ သို့သော် “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏။” (မာကု ၁၀:၂၇) ထို့ကြောင့် ဘုရားသခင်ကိုသာ ယုံကြည်အားထားပါက စိုးရိမ်ပူပန်မှုမလွန်ကဲအောင် ကျွန်ုပ်တို့ထိန်းချုပ်နိုင်ကြမည်။ စတိုးဆိုင်ကြီးတစ်ခုတွင် လမ်းပျောက်သွားသော ကလေးတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူသည် မိခင်ကို လိုက်ရှာဖို့လိုပြီး မိခင်နှင့်ပြန်တွေ့လျှင် အရာရာပြန်အဆင်ပြေသွားမည်ကို ယုံကြည်သည်။ နောက်ဆုံးတွင် မိခင်ကိုပြန်တွေ့သောအခါ မိခင်သည် သူ့ကိုရင်ခွင်ထဲပွေ့ပိုက်ထားကာ နှစ်သိမ့်ပေးမည်ဖြစ်သည်။ အလားတူ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရင်ခွင်ထဲပွေ့ပိုက်ထားသည့်အလား နှစ်သိမ့်ပေးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို စိတ်သက်သာရာရစေပြီး နောက်ဆုံးတွင် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်စရာအားလုံးကို ဖယ်ရှားပေးတော်မူမည်။

ယေဟောဝါကိုကိုးကွယ်သူများစွာသည် စမ်းသပ်မှုများအလူးအလဲခံနေရချိန်တွင် ဘုရားသခင်၏ငြိမ်သက်ခြင်းကို တွေ့ကြုံခံစားဖူးကြသည်။ ဥပမာ၊ မမွေးသေးသောကလေးကို ဆုံးရှုံးခဲ့ရသည့် နာဒင်းအမည်ရှိ မိခင်တစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ သူဤသို့ပြောပြသည်– “ကိုယ့်ခံစားချက်တွေကို ထုတ်ပြောဖို့ ကျွန်မအတွက် သိပ်ခက်တယ်၊ ဒါကြောင့် ဘာမှမဖြစ်သလိုနေပြဖို့ အမြဲကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်မရင်ထဲမှာတော့ အကြီးအကျယ်ကြေကွဲနေတာပါ။ ယေဟောဝါကို နေ့တိုင်းနီးပါး ရင်ဖွင့်ဆုတောင်းပြီး အကူအညီတောင်းခဲ့ရတယ်။ ‘ငါ ဆက်မခံစားနိုင်တော့ဘူး’ ဆိုတဲ့အတွေးဝင်ပြီး စိတ်ဓာတ်ကျသွားချိန်တိုင်းမှာ ဆုတောင်းခြင်းရဲ့တန်ခိုးကြောင့် စိတ်ငြိမ်သက်မှုနဲ့ အေးချမ်းမှုကို ခံစားခဲ့ရတယ်။ သောကတွေ ကင်းဝေးပြီး လုံခြုံသွားသလို ခံစားရတယ်။”

သင့်စိတ်နှလုံးအတွက် အကာအကွယ်

ဖိလိပ္ပိ ၄:၇ တွင်ဖော်ပြထားရာများကို ပြန်သုံးသပ်ကြစို့။ ဘုရားသခင့်ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးနှင့်ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်ဟု ဖော်ပြထားသည်။ တာဝန်ကျရာနေရာတွင် စောင့်ကြပ်နေသော အစောင့်တပ်သားတစ်ဦးနည်းတူ ဘုရားသခင့်ငြိမ်သက်ခြင်းသည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲသို့ ငွေအမြောက်အမြားရှာလိုသည့် အတွေးအခေါ်များ၊ မလိုအပ်သောစိုးရိမ်ပူပန်မှုများနှင့် တရားမဲ့စံနှုန်းများ ဝင်ရောက်ကာ မနှောင့်ယှက်နိုင်အောင် စောင့်ကြပ်ပေးပါလိမ့်မည်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

ဆင်းရဲခက်ခဲသည့် ဤလောကတွင် ပျော်ရွှင်မှုနှင့်လုံခြုံမှုရှိရန် ငွေနှင့်ရုပ်ပစ္စည်းအမြောက်အမြားပိုင်ဆိုင်ရမည်ဟု လူများစွာ ယုံကြည်ကြသည်။ ကျွမ်းကျင်သူများ၏အကြံပြုချက်အရ စုဆောင်းထားသည့်ငွေများကို ရှယ်ယာလုပ်ငန်းတွင် သူတို့ ရင်းနှီးမြှုပ်နှံကြသည်။ စိတ်ငြိမ်သက်မှုကို သူတို့ အမှန်တကယ်ခံစားရသလော။ မခံစားရပါ။ နေ့စဉ် ရှယ်ယာဈေးအတက်အကျကို စိုးရိမ်တကြီးနားစွင့်နေရပြီး အစုရှယ်ယာကို ရောင်းရမည်လော၊ ဝယ်ရမည်လော၊ လက်ဝယ်ထားရှိရမည်လောစသည်ဖြင့် သို့လောသို့လောဖြစ်ကာ တွေးပူနေရသည်။ ရှယ်ယာဈေးကွက်ထိုးကျသွားသောအခါ ရင်းနှီးထားသမျှငွေအားလုံး ဆုံးရှုံးသွားသောကြောင့် သူတို့ အကြီးအကျယ်စိတ်ချောက်ချားရသည်။ ကျမ်းစာက ရင်းနှီးမြှုပ်နှံခြင်းကို အပြစ်မဆိုပါ၊ သို့သော် ကောင်းမွန်လှသော ဤအကြံပြုချက်ကို ပေးထားသည်– ‘ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွားသော်လည်း မရောင့်ရဲနိုင်။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။ အလုပ်လုပ်သောသူသည် များစွာစားသည်ဖြစ်စေ၊ အနည်းငယ်စားသည်ဖြစ်စေ အအိပ်မြိန်တတ်၏။ ရတတ်သောသူ၏စည်းစိမ်မူကား စည်းစိမ်ရှင်ကို အအိပ်ပျက်စေတတ်၏။’—ဒေ. ၅:၁၀၊ ၁၂

ဖိလိပ္ပိ ၄:၇ တွင် ဘုရားသခင့်ငြိမ်သက်ခြင်းသည် “ခရစ်တော်ယေရှုအားဖြင့်” ကျွန်ုပ်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်ဟု ဆို၏။ ခရစ်တော်ယေရှုနှင့် ဘုရားသခင့်ငြိမ်သက်ခြင်းသည် မည်သို့ဆက်စပ်သနည်း။ ယေရှုသည် ဘုရားသခင့်ရည်ရွယ်ချက်ပြည့်စုံလာရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည်။ ကိုယ်တော်သည် အပြစ်နှင့်သေခြင်းမှ လူသားတို့ လွတ်မြောက်နိုင်ရန် အသက်စွန့်ခဲ့သည်။ (ယောဟန် ၃:၁၆) ထို့ပြင် ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်လည်း ဖြစ်၏။ ယေရှု၏ထိုအခန်းကဏ္ဍကို သိထားခြင်းက ကျွန်ုပ်တို့၏စိတ်နှလုံးကို များစွာငြိမ်သက်စေနိုင်သည်။ မည်သို့အားဖြင့်နည်း။

ကျွန်ုပ်တို့သည် အပြစ်များကို စိတ်ရင်းမှန်ဖြင့်နောင်တယူပြီး ယေရှု၏ယဇ်သကာကို အခြေခံကာ ခွင့်လွှတ်မှုတောင်းခံပါက ဘုရားသခင်ထံမှ ခွင့်လွှတ်မှုရနိုင်ပြီး ယင်းက စိတ်နှလုံးကို ငြိမ်သက်စေသည်။ (တမန်တော် ၃:၁၉) ထို့ပြင် ခရစ်တော်၏နိုင်ငံတော်တွင်သာ ဘဝကို အပြည့်အဝပျော်မွေ့နိုင်မည်ဖြစ်ကြောင်း သိထားသောကြောင့် ကျွန်ုပ်တို့သည် အနာဂတ်မရှိတော့သည့်အလား ယခုအသက်တာတွင် စည်းလွတ်ဝါးလွတ် အသက်ရှင်နေထိုင်ကြမည်မဟုတ်ပါ။ (၁ တိမောသေ ၆:၁၉) မှန်ပါသည်၊ ယနေ့အချိန်တွင် ကျွန်ုပ်တို့သည် ပြဿနာအားလုံးကင်းဝေးမည်မဟုတ်သော်လည်း မကြာမီ အကောင်းဆုံးအသက်တာကို ပိုင်ဆိုင်ရတော့မည်ဟူသည့် စစ်မှန်သောမျှော်လင့်ချက်ကြောင့် စိတ်သက်သာရာရနိုင်ကြသည်။

ဘုရားသခင့်ငြိမ်သက်ခြင်းကို သင်ရှာတွေ့နိုင်ပုံ

သို့ဆိုလျှင် ဘုရားသခင့်ငြိမ်သက်ခြင်းကို သင်မည်သို့ရှာတွေ့နိုင်မည်နည်း။ ဖိလိပ္ပိ ၄:၄၊ ၅ တွင် အရိပ်အမြွက်အချို့ကို ဤသို့ဖော်ပြထားသည်– “သခင်၌ အမြဲဝမ်းမြောက်ကြလော့။ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ သင်တို့၏အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေကြလော့။ သခင်သည် အနီးအပါး၌ ရှိတော်မူ၏။” ပေါလုသည် ထိုစကားများကိုရေးသားချိန်တွင် ရောမမြို့၌ မတရားထောင်ချခံနေရသည်။ (ဖိလိပ္ပိ ၁:၁၃) မမျှမတဆက်ဆံခံနေရသောကြောင့် ညည်းတွားနေမည့်အစား သခင်၌ဝမ်းမြောက်ကြရန် ခရစ်ယာန်ချင်းများကို သူအားပေးခဲ့သည်။ ထို့ကြောင့် သူ၏ပျော်ရွှင်မှုသည် အခြေအနေပေါ်မမူတည်ဘဲ ဘုရားသခင်နှင့်ဆက်ဆံရေးကောင်းရှိခြင်းပေါ် မူတည်ကြောင်း ရှင်းနေပါသည်။ ကျွန်ုပ်တို့လည်း အခြေအနေမည်သို့ပင်ရှိပါစေ ဘုရားသခင့်အမှုဆောင်ခြင်းတွင် ပျော်မွေ့တတ်ရန် သင်ယူဖို့လိုသည်။ ကျွန်ုပ်တို့သည် ယေဟောဝါအကြောင်းသိကျွမ်းလေ ကိုယ်တော်အလိုရှိရာကို ပို၍အပြည့်အဝလုပ်ဆောင်လေဖြစ်ပြီး ကိုယ်တော့်အမှုတော်ဆောင်ရာတွင် ပို၍ပျော်ရွှင်လေဖြစ်မည်။ ယင်းက ကျွန်ုပ်တို့ကို ကျေနပ်မှုနှင့် စိတ်ငြိမ်သက်မှုရစေသည်။

ထို့ပြင် အကျိုးသင့်အကြောင်းသင့်သဘောရှိရန်လည်း ကျွန်ုပ်တို့ကို အားပေးထားသည်။ ကျွန်ုပ်တို့သည် အကျိုးသင့်အကြောင်းသင့်သဘောရှိပါက မိမိကိုယ်ကို တရားလွန်တောင်းဆိုမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် မစုံလင်ကြောင်း၊ ဘက်စုံထူးချွန်သူများမဖြစ်နိုင်ကြောင်း သိထားကြသည်။ ထို့ကြောင့် မိမိကိုယ်ကို ပြီးပြည့်စုံသူ သို့မဟုတ် အခြားသူများထက် ပို၍သာလွန်သူဖြစ်နိုင်ပုံကို အိပ်ရေးပျက်ခံကာ အသည်းအသန်တွေးတောနေမည်မဟုတ်ပါ။ အခြားသူများထံမှလည်း ပြီးပြည့်စုံမှုကို ကျွန်ုပ်တို့မျှော်လင့်မည်မဟုတ်ပါ။ ထို့ကြောင့် အခြားသူများက ကျွန်ုပ်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေသောအခါ အေးဆေးတည်ငြိမ်နိုင်ကြသည်။ “အကျိုးသင့်အကြောင်းသင့်ရှိခြင်း” ဟူ၍ပြန်ဆိုထားသည့် မူရင်းဂရိစကားလုံးကို “အလျှော့ပေးလိုက်လျောတတ်ခြင်း” ဟုလည်း အဓိပ္ပာယ်ပြန်ဆိုနိုင်သည်။ ကျွန်ုပ်တို့သည် အလျှော့ပေးလိုက်လျောတတ်သူဖြစ်မည်ဆိုလျှင် ကိုယ်စီကြိုက်နှစ်သက်ရာများနှင့်ပတ်သက်၍ အငြင်းပွားနေမည်မဟုတ်ပါ၊ ယင်းသည် မည်သည့်ကောင်းကျိုးမျှမပေးသည့်အပြင် အခြားသူများနှင့် မသင့်မတင့်ဖြစ်စေပြီး မိမိကိုယ်တိုင်၏စိတ်ငြိမ်သက်မှုကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ပျက်ပြားစေနိုင်သည်။

ဖိလိပ္ပိ ၄:၅ ၏ဒုတိယဝါကျပါ “သခင်သည် အနီးအပါး၌ ရှိတော်မူ၏” ဟူသောဖော်ပြချက်သည် ငြိမ်သက်မှုနှင့် မည်သို့မျှမသက်ဆိုင်ဟု ထင်ရပေမည်။ ဘုရားသခင်သည် မကြာမီ မိမိ၏နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ဤလောကစနစ်ဟောင်းကို စနစ်အသစ်ဖြင့် အစားထိုးတော့မည်။ သို့တိုင် ယနေ့အချိန်တွင်ပင် ကိုယ်တော်သည် မိမိထံချဉ်းကပ်သူတိုင်း၏ အနီးအပါးတွင်ရှိတော်မူသည်။ (တမန်တော် ၁၇:၂၇; ယာကုပ် ၄:၈) အနီးအပါးတွင် ကိုယ်တော်ရှိနေသည်ဟူသောအသိစိတ်က ကျွန်ုပ်တို့ကို ရွှင်လန်းစေသည်၊ အကျိုးသင့်အကြောင်းသင့်သဘောထားရှိစေသည်၊ အခန်းငယ် ၆ တွင်ဖော်ပြထားသည့်အတိုင်း လက်ရှိ သို့မဟုတ် အနာဂတ်တွင်ကြုံတွေ့ရမည့်ပြဿနာများအတွက် စိုးရိမ်ကြောင့်ကြမနေရန် ကူညီပေးသည်။

အခန်းငယ် ၆ နှင့် ၇ ကိုဖတ်ရှုကြည့်လျှင် ဘုရားသခင့်ငြိမ်သက်ခြင်းသည် ဆုတောင်းခြင်း၏တိုက်ရိုက်အကျိုးသက်ရောက်မှုတစ်ခုဖြစ်ကြောင်း နားလည်နိုင်သည်။ လူအချို့က မည်သည့်နည်းဖြင့်မဆို ဆုတောင်းပါစေ ယင်းသည် စိတ်ငြိမ်သက်မှုကို တိုးပွားစေသည်ဟုယူဆကာ ဆုတောင်းခြင်းကို တရားအားထုတ်နည်းတစ်မျိုးအဖြစ်သာ ရှုမြင်ကြသည်။ သို့သော် ကျမ်းစာတွင်မူ ယေဟောဝါနှင့်အမှန်တကယ်ဆက်သွယ်ပြောဆိုခြင်းအကြောင်း ဖော်ပြထားပြီး ယင်းသည် ကလေးငယ်တစ်ဦးက မေတ္တာရှိသောမိဘတစ်ဦးကို သူ၏ပျော်ရွှင်မှုနှင့် စိုးရိမ်ပူပန်မှုများဝေမျှနေစဉ် ရင်းနှီးကျွမ်းဝင်စွာ ပြောဆိုဆက်ဆံသည့်နည်းတူပင်ဖြစ်သည်။ “အရာရာတွင်” ဘုရားသခင်ထံ ချဉ်းကပ်နိုင်ကြောင်းသိရခြင်းက အမှန်ပင် စိတ်သက်သာရာရစေ၏။ ကျွန်ုပ်တို့စိတ်နှလုံးထဲရှိ မည်သည့်အရာကိုမဆို၊ မည်မျှပင် လျှို့ဝှက်ထားသည့်အရာဖြစ်ပါစေ ကောင်းကင်ခမည်းတော်ကို ပုံအပ်ကာ ရင်ဖွင့်နိုင်သည်။

အခန်းငယ် ၈ က ကောင်းမွန်သောအရာများကို အာရုံစိုက်ရန် အားပေးထားသည်။ ယင်းသည် အကောင်းဘက်ကိုသာ တွေးတောရုံနှင့် မလုံလောက်ပါ။ ကျမ်းစာ၌ပါသော ကောင်းမွန်သည့်အကြံပြုချက်များကို လက်တွေ့ကျင့်သုံးရမည်ဟု အခန်းငယ် ၉ တွင်ရှင်းပြထားသည်။ ထိုသို့ကျင့်သုံးပါက ကျွန်ုပ်တို့၏ကိုယ်ကိုယ်ကိုယ်သိသောစိတ်သည် သန့်စင်နေမည်။ စိတ်လုံလျှင် ဘေးမကြောက်ဟူသောစကားပုံသည် အလွန်မှန်ကန်ပါသည်။

မှန်ပါသည်၊ စိတ်ငြိမ်သက်မှုကို သင် ရရှိနိုင်သည်။ ယင်းသည် ယေဟောဝါဘုရားသခင်ထံမှလာပြီး ကိုယ်တော်သည် မိမိထံချဉ်းကပ်ကာ မိမိလမ်းညွှန်ချက်ကိုလိုက်လျှောက်သူများအား ယင်းကို ပေးသနားတော်မူသည်။ ဘုရားသခင့်တရားစကားတော်ဖြစ်သော သမ္မာကျမ်းစာကို သေချာဆန်းစစ်ပါက ကိုယ်တော်၏အတွေးအခေါ်များနှင့် သင်ရင်းနှီးကျွမ်းဝင်လာမည်။ ကိုယ်တော့်လမ်းညွှန်ချက်ကို ကျင့်သုံးရန် အမြဲမလွယ်ကူပါ။ သို့သော် ‘ငြိမ်သက်ခြင်း၏ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူလိမ့်မည်’ ဖြစ်သောကြောင့် သင် ကြိုးစားရကျိုးနပ်ပါလိမ့်မည်။—ဖိလိပ္ပိ ၄:၉

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

“ဘုရားသခင်၏ငြိမ်သက်ခြင်းသည် . . . သင်တို့၏ စိတ်နှလုံး . . . ကိုစောင့်ရှောက်လိမ့်မည်။”

ဖိလိပ္ပိ ၄:၇

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“အရာရာတွင်” ဘုရားသခင်ထံ ချဉ်းကပ်နိုင်ကြောင်း သိရခြင်းက အမှန်ပင် စိတ်သက်သာရာရစေ၏