မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာရတနာကို ပြန်လည်တွေ့ရှိခြင်း

ကျမ်းစာရတနာကို ပြန်လည်တွေ့ရှိခြင်း

ကျမ်းစာရတနာကို ပြန်လည်တွေ့ရှိခြင်း

လွန်ခဲ့သောရာစုနှစ်များတွင် စာရေးကိရိယာများကို ယနေ့ကဲ့သို့ အလွယ်တကူမရနိုင်ပေ။ သားရေချပ်များ သို့မဟုတ် အခြားကိရိယာများပေါ်တွင် မင်ဖြင့်ရေးသားထားသည့် အသုံးမလိုတော့သောစာသားများကို ခြစ်ပစ်ခြင်း သို့မဟုတ် ဆေးကြောပစ်ခြင်းဖြင့် ယင်းတို့ကို ပြန်လည်အသုံးပြုကြသည်။ ယင်းကို နှစ်ထပ်ရေးစာပေဟုခေါ်သည်။ အခြားအချက်အလက်များ ရေးမှတ်ရာတွင် ပြန်အသုံးပြုနိုင်ရန် ကျမ်းစာသားများကိုပင် သားရေချပ်များပေါ်မှ ဖျက်ပစ်ကြသည်။

နှစ်ထပ်ရေးကျမ်းစာများမှ အရေးကြီးဆုံးကျမ်းစာမှာ အဲဖရီမီဆီရီဟုခေါ်သော ရှေးလက်ရေးစာပေဖြစ်သည်။ ထိုလက်ရေးစာမူသည် အလွန်အဖိုးတန်၏။ အကြောင်းမှာ ယင်းသည် တည်ရှိနေသော ခရစ်ယာန်ဂရိကျမ်းစာစောင်အပိုင်းများတွင် ရှေးအကျဆုံးစာမူဖြစ်သောကြောင့်ပင်။ ထို့ကြောင့် ယင်းသည် သမ္မာကျမ်းစာမှ ထိုအပိုင်း၏တိကျမှန်ကန်မှုကို ဖော်ထုတ်ရာတွင် အကောင်းဆုံးအထောက်အမဖြစ်သည်။

ပဉ္စမရာစုမှ ဤလက်ရေးစာပေါ်တွင် မူလကရှိသော ကျမ်းစာသားကို အေဒီ ၁၂ ရာစုတွင် ဖျက်ပစ်လိုက်ပြီး ဆီးရီးယားကျမ်းပညာရှင် အဲဖရိမ်၏ကျမ်းစာသား ၃၈ ခုကို ဂရိစကားဖြင့် ဘာသာပြန်ကာ ထိုအပေါ်တွင်ပြန်လည်ရေးသားထားသည်။ ၁၇ ရာစုအကုန်ပိုင်းတွင် ကျမ်းပညာရှင်များက ၎င်းအောက်တွင်ရှိသော ကျမ်းစာသားကို ဦးဆုံးအကြိမ် သတိပြုမိကြသည်။ နောက်နှစ်အနည်းငယ်ကြာသော် ထိုလက်ရေးစာမူမှ မူလအရေးအသားများကို ပြန်လည်ဖတ်ရှုရာတွင် အနည်းငယ်တိုးတက်လာသည်။ အဖျက်ခံရသောမင်၏အရောင်မှာမှိန်နေပြီး သဲသဲကွဲကွဲမရှိသည့်အပြင် စာမျက်နှာများစွာမှာစုတ်ပြဲနေကာ အပေါ်တွင် အခြားစာသားများကို ပြန်ရေးသားထားသည်ဖြစ်ရာ ယင်းတို့အားလုံးကို ဖတ်နိုင်ရန် လုံးဝမဖြစ်နိုင်ပေ။ လက်ရေးစာမူပေါ်မှ ကျမ်းစာသားကို ဖတ်နိုင်ရန် ဓာတုပစ္စည်းများဖြင့်ကြိုးစားကြည့်သော်လည်း သိပ်အောင်မြင်မှုမရှိပေ။ ထို့ကြောင့် ကျမ်းပညာရှင်အများစုက အဖျက်ခံထားရသော အကြောင်းအရာတစ်ခုလုံးကို ပြန်လည်ဖတ်ရှုနိုင်ရန် မဖြစ်နိုင်တော့ဟု ကောက်ချက်ချကြသည်။

၁၈၄၀ ပြည့်လွန်နှစ်များအစောပိုင်းတွင် ဂျာမန်လူမျိုး၊ ကျွမ်းကျင်သောဘာသာဗေဒပညာရှင် ကွန်စတန်တင်ဗွန်တိရှန်ဒေါ့ဖ်က ထိုလက်ရေးစာမူကို သေချာလေ့လာခဲ့သည်။ တိရှန်ဒေါ့ဖ်သည် ထိုလက်ရေးစာမူကို ဖတ်ရှုနိုင်ရန် နှစ်နှစ်အချိန်ယူခဲ့သည်။ အဘယ်အရာက သူ့အား အခြားသူများ မတတ်နိုင်ရာကို အောင်မြင်စေနိုင်ခဲ့သနည်း။

တိရှန်ဒေါ့ဖ်သည် သီးခြားစာလုံးကြီးများဖြင့် ရေးသားသော ဂရိလက်ရေးစာမူရေးနည်းကို ကောင်းစွာတတ်ကျွမ်းသည်။ * အမြင်အာရုံလည်း စူးရှသောကြောင့် သားရေချပ်ကို အလင်းတွင်ထောင်လိုက်သည်နှင့် အောက်တွင်ရေးသားထားသော မူလစာသားကို ဖတ်နိုင်သည်။ ယနေ့ အလားတူပြုလုပ်နိုင်ရန် ကျမ်းပညာရှင်များသည် အနီအောက်ရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်၊ အလင်းသန့်ရောင်ခြည်စသည်ဖြင့် အမြင်အာရုံအထောက်အကူပြုပစ္စည်းများကို အသုံးပြုကြသည်။

တိရှန်ဒေါ့ဖ်သည် အဲဖရီမီလက်ရေးစာမူတွင် သူတွေ့ရှိခဲ့ရာ သို့မဟုတ် ဖတ်ရှုနိုင်ခဲ့ရာကို ၁၈၄၃ နှင့် ၁၈၄၅ တွင်ထုတ်ဝေခဲ့သည်။ ယင်းကြောင့် သူသည် ဂရိရှေးလက်ရေးစာပေပညာတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားလာသည်။

အဲဖရီမီလက်ရေးစာမူသည် အလျား ၁၂ လက်မနှင့် အနံ ၉ လက်မရှိသည်။ ယင်းသည် စာတစ်မျက်နှာတွင် ကော်လံတစ်ခုတည်းဖြင့် ရေးသားထားသော လက်ရေးစာမူများတွင် ရှေးအကျဆုံးဖြစ်သည်။ ပြန်လည်ဖတ်ရှုနိုင်ခဲ့သော ၂၀၉ မျက်နှာမှ ၁၄၅ မျက်နှာမှာ ၂ သက်သာလောနိတ်နှင့် ၂ ယောဟန်မှလွဲ၍ ခရစ်ယာန်ဂရိကျမ်းစာစောင်များမှ ကျမ်းစောင်အားလုံး၏ အပိုင်းများဖြစ်သည်။ ကျန်စာမျက်နှာများမှာ ဟေဗြဲကျမ်းစာစောင်များကို ဂရိဘာသာဖြင့်ပြန်ဆိုထားသော အပိုင်းများဖြစ်သည်။

ယနေ့ ထိုလက်ရေးစာမူကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ အမျိုးသားစာကြည့်တိုက်တွင် သိမ်းဆည်းထားရှိသည်။ ထိုလက်ရေးစာမူ၏ မူလနေရာကို မသိရပေ။ သို့သော် တိရှန်ဒေါ့ဖ်က ယင်းသည် အီဂျစ်နိုင်ငံမှဖြစ်သည်ဟုထင်သည်။ ကျမ်းပညာရှင်များသည် အဲဖရီမီလက်ရေးစာမူကို သီးခြားစာလုံးကြီးများဖြင့် ရေးသားသော ဂရိကျမ်းစာ၏ အရေးကြီးသောရှေးလက်ရေးစာမူလေးခုအနက် တစ်ခုအဖြစ် မှတ်ယူကြသည်။ အခြားစာမူသုံးခုမှာ ဆိုင်းနိုင်းတစ်ခ်၊ အလက်ဇန္ဒြင်းနှင့် ဗက်တီကင် အမှတ် ၁၂၀၉ တို့ဖြစ်ပြီး ယင်းတို့အားလုံးသည် အေဒီလေးရာစုနှင့်ငါးရာစုတို့မှဖြစ်သည်။

သန့်ရှင်းသောကျမ်းစာစောင်ပါ သတင်းစကားသည် နှစ်ထပ်ရေးစာပေအပါအဝင် ပုံစံများစွာဖြင့် ကျွန်ုပ်တို့ခေတ်တိုင် တည်ရှိနေသည်မှာ အံ့သြဖွယ်ဖြစ်သည်။ ယခုကိစ္စတွင် သိခဲ့သည့်အတိုင်း တန်ဖိုးမထားတတ်သူတစ်ဦးက ကျမ်းစာသားကို ဖျက်ပစ်ရန် ကြိုးပမ်းခဲ့သော်လည်း ယင်း၏သတင်းစကားမှာ ယနေ့တိုင် တည်ရှိဆဲဖြစ်သည်။ ထို့ကြောင့် ‘ယေဟောဝါဘုရားသခင်၏စကားတော်မူကား ထာဝစဉ်တည်မြဲ၏’ ဟူသောတမန်တော်ပေတရု၏စကားများသည် ကျွန်ုပ်တို့အတွက် ပို၍မှန်ကန်လာသည်။—၁ ပေတရု ၁:၂၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဆိုင်းနိုင်းတောင်ခြေရှိ စိန့်ကက်သရင်းဘုရားရှိခိုးကျောင်းတွင် ဟေဗြဲကျမ်းစာစောင်များကို ဂရိဘာသာစကားဖြင့်ပြန်ဆိုထားသော ဘာသာပြန်ကျမ်းကို ရှာဖွေတွေ့ရှိခြင်းကြောင့် တိရှန်ဒေါ့ဖ်ကို လူသိများသည်။ ယင်းသည် ရှာဖွေတွေ့ရှိခဲ့သမျှတွင် ရှေးအကျဆုံးကျမ်းဖြစ်သည်။ ၎င်းကို ဆိုင်းနိုင်းတိကပ်စ်လက်ရေးစာမူဟုခေါ်သည်။

[စာမျက်နှာ ၁၆ ပါ ပုံကြမ်းနှင့် ရုပ်ပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

တိရှန်ဒေါ့ဖ် (၁၈၁၅-၁၈၇၄) ပြန်လည်ဖတ်ရှုနိုင်ခဲ့သော အရေးကြီးသည့်နှစ်ထပ်ရေးစာပေဖြစ်သည့် အဲဖရီမီဆီရီလက်ရေးစာမူ

မူလကျမ်းစာသား

၎င်းပေါ်တွင် ပြန်လည်ရေးသားထားသော ဂရိကျမ်းစာသား

[Credit Line]

© Bibliothèque nationale de France

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

စိန့်ကက်သရင်းဘုရားရှိခိုးကျောင်းတွင် ရှာဖွေတွေ့ရှိခဲ့သော ဆိုင်းနိုင်းတိကပ်စ်လက်ရေးစာမူ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

တိရှန်ဒေါ့ဖ်