မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငွေသည် စစ်မှန်သောပျော်ရွှင်မှု၏ ရင်းမြစ်လော

ငွေသည် စစ်မှန်သောပျော်ရွှင်မှု၏ ရင်းမြစ်လော

ငွေသည် စစ်မှန်သောပျော်ရွှင်မှု၏ ရင်းမြစ်လော

ဆိုနီယာကို စပိန်နိုင်ငံတွင် မွေးဖွားခဲ့သည်။ ကလေးဘဝတွင် သူသည် ယေဟောဝါသက်သေများ၏အစည်းအဝေးများသို့ မိခင်နှင့်အတူတက်ရောက်သည်။ သို့သော် သူကြီးပြင်းလာချိန်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့ ပြောင်းရွှေ့သွားပြီး ငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။

ဆိုနီယာသည် သူ့အလုပ်ကို အလွန်နှစ်သက်၏။ ထိုအလုပ်မှ ငွေအတော်ရပြီး ဖောက်သည်များ လာရောက်အပ်နှံသောငွေပမာဏများစွာကို ကိုင်တွယ်ရသည်။ ယင်းသည် စိတ်လှုပ်ရှားဖွယ်အလုပ်ဖြစ်ပြီး အလုပ်တွင်လည်း သူ အောင်မြင်မှုရလာ၏။ ဆိုနီယာသည် တစ်နေ့လျှင်ပုံမှန် ၁၈ နာရီအလုပ်လုပ်ပြီး အချို့ညများတွင် နှစ်နာရီ၊ သုံးနာရီလောက်သာ အိပ်ရသည်။ သူ၏အလုပ်သည် သူ့အသက်ဖြစ်၏။ ရုတ်တရက်၊ သူ့ဘဝတွင် အပြောင်းအလဲကြီးတစ်ခု ကြုံလိုက်ရသည်။ ဆိုနီယာသည် အကြီးအကျယ်လေဖြတ်သွား၏။ ယင်းမှာ ဖိစီးမှုများသော သူ၏ဘဝပုံစံကြောင့်ဖြစ်နိုင်သည်။ သူ့အသက် ၃၀ သာရှိသေးသည်။

ဆိုနီယာသည် ကိုယ်တစ်ခြမ်းလေဖြတ်သွားပြီး ဆရာဝန်များက သူစကားပြန်ပြောနိုင်,မနိုင်ကို သေချာမသိကြပေ။ သူ၏မိခင်သည် သူ့ကိုပြုစုရန် အင်္ဂလန်သို့ ချက်ချင်းလိုက်လာသည်။ ဆိုနီယာ လမ်းပြန်လျှောက်လာနိုင်သည်နှင့် သူ၏မိခင်က “အမေအစည်းအဝေးတွေသွားရင် သမီးလည်း လိုက်ရမယ်။ သမီးကို အိမ်မှာ တစ်ယောက်တည်း မထားခဲ့နိုင်ဘူး” ဟုပြောသည်။ ဆိုနီယာလည်း လိုက်တက်ရန် သဘောတူလိုက်သည်။ အဘယ်ရလဒ်ရရှိသနည်း။

“ကျွန်မကြားတဲ့အရာတိုင်းက သိပ်မှန်တယ်။ နားထောင်လို့ သိပ်ကောင်းတာပဲ။ ဘုရားသခင့်နိုင်ငံတော်ခန်းမကို ဦးဆုံးသွားတဲ့အချိန်မှာ ကျွန်မကို လာနှုတ်ဆက်တဲ့သူအများကြီးထဲက တစ်ယောက်နဲ့ ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တယ်။ ကျွန်မရဲ့မိတ်ဟောင်းဆွေဟောင်းတွေက ကျွန်မဆီမလာတော့ပေမဲ့ မိတ်ဆွေသစ်တွေကတော့ သိပ်မေတ္တာရှိပြီး ဂရုစိုက်ကြတယ်” ဟုဆိုနီယာပြောသည်။

နောက်ဆုံး၊ ဆိုနီယာသည် စကားပြန်ပြောလာနိုင်ပြီး ကျမ်းစာလေ့လာရာတွင် အလျင်အမြန်တိုးတက်လာသည်။ တစ်နှစ်မပြည့်မီတွင် နှစ်ခြင်းခံလိုက်သည်။ သူ၏မိတ်ဆွေသစ်များစွာသည် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်များဖြစ်ရာ သူတို့ မည်မျှပျော်ရွှင်နေသည်ကို သူကောင်းစွာမြင်နိုင်သည်။ ‘ငါလည်း အဲဒီလိုဖြစ်ချင်လိုက်တာ။ ငါ့ရဲ့အကောင်းဆုံးအရာကို ယေဟောဝါဘုရားသခင်ကို ပေးချင်တယ်’ ဟုဆိုနီယာစဉ်းစားမိသည်။ ယခု ဆိုနီယာသည် ဓမ္မအမှုတွင် အချိန်ပြည့်ပါဝင်နေသည်။

ဆိုနီယာသည် သူ၏အတွေ့အကြုံမှ အဘယ်အရာသိရှိလာသနည်း။ “ငွေအများကြီးရပေမဲ့ အလုပ်ရဲ့ဖိစီးမှုနဲ့ မသေချာမရေရာမှုကြောင့် ကျွန်မ အမြဲစိုးရိမ်ထိတ်လန့်နေရပြီး မပျော်မရွှင်ဖြစ်ခဲ့ရတယ်။ ဘဝမှာ အရေးကြီးဆုံးအရာက ကျွန်မရဲ့ ကောင်းကင်ဖခင်ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိဖို့ပဲဖြစ်တယ်ဆိုတာကို ကျွန်မသိလာတယ်။ အခုတော့ ကျွန်မတကယ်ပျော်နေပါပြီ။”

“ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏။ လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် ယုံကြည်ခြင်းတရားမှ လမ်းလွဲသွားပြီး ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ” ဟုတမန်တော်ပေါလုရေးသည်။ (၁ တိမောသေ ၆:၁၀) ထိုစကားများမှန်ကန်ကြောင်း ဆိုနီယာသည် မိမိ၏ကိုယ်တွေ့အဖြစ်အပျက်မှ အာမခံနိုင်ပါသည်။