မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗဟိုအမေရိကရှိ အကြီးဆုံးရေအိုင်၏ ရတနာသိုက်များ

ဗဟိုအမေရိကရှိ အကြီးဆုံးရေအိုင်၏ ရတနာသိုက်များ

ဗဟိုအမေရိကရှိ အကြီးဆုံးရေအိုင်၏ ရတနာသိုက်များ

နီကာရာဂွာနိုင်ငံသည် သေးငယ်သော်လည်း ဗဟိုအမေရိက၏အကြီးဆုံးရေအိုင်ဖြစ်သော နီကာရာဂွာအိုင်တည်ရှိသောနိုင်ငံဖြစ်၏။ စိတ်ဝင်စားစရာမှာ နီကာရာဂွာအိုင်သည် ငါးမန်း၊ ဓားရှည်နှုတ်သီးငါး၊ တာပွန်ငါးကဲ့သို့သော ပင်လယ်ငါးမျိုးစိတ်တို့ကိုတွေ့ရသည့် တစ်ခုတည်းသောရေချိုအိုင်ဖြစ်နိုင်သည်။ ယင်းသည် တစ်ချိန်က ပစိဖိတ်သမုဒ္ဒရာနှင့်ဆက်နေသော ပင်လယ်အော်ဖြစ်ခဲ့သော်လည်း မီးတောင်ပေါက်ကွဲမှုကြောင့် သမုဒ္ဒရာနှင့်သီးခြားဖြစ်သွားသည်ဟု သိပ္ပံပညာရှင်များယုံကြည်ကြသည်။ ရေသည် အငန်ဓာတ်လျော့နည်းလာသည်နှင့်အမျှ ငါးများလည်း ကျင့်သားရကာ ဝန်းကျင်အသစ်နှင့်အလိုက်အထိုက်နေထိုင်တတ်လာသည်။

မိုင် ၁၀၀ ခန့်ရှည်ပြီး အကျယ်ဆုံးအပိုင်းတွင် ၄၅ မိုင်ရှိသော နီကာရာဂွာအိုင်သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၀၀ ခန့်တွင် တည်ရှိသည်။ ထိုအိုင်တွင် ကျွန်းပေါင်း ၄၀၀ ကျော်ရှိပြီး ကျွန်း ၃၀၀ ခန့်မှာ အိုင်၏မြောက်ဘက်စွန်းရှိ ဂရာနာဒါမြို့အနီး၊ အေစာစာကျွန်းဆွယ်တစ်ဝိုက်တွင် စုဝေးတည်ရှိနေသည်။ ထိုကျွန်းများကို ဂရာနာဒါကျွန်းစုများဟု ခေါ်သည်။

အိုင်၏အလယ်ဗဟိုတွင်တည်ရှိသော အိုမာတာပါကျွန်းမှာ အကြီးဆုံးကျွန်းဖြစ်သည်။ မီးတောင်နှစ်လုံးကို ကျွန်းဆက်တစ်ခုဖြင့်ဆက်သွယ်ထားသော ထိုကျွန်းသည် ၁၆ မိုင်ရှည်ပြီး ၈ မိုင်ခန့်ကျယ်သည်။ အချိုးအစားညီညီဖြင့် ကတော့ပုံဖြစ်နေသော ကောန်စပ်စ်ယွန်မီးတောင်သည် အိုင်ရေပြင်အထက် ၅,၂၈၂ ပေ မြင့်မားသည်။ ယင်းသည် ကျွန်း၏မြောက်ဘက်တွင် ငွားငွားစွင့်စွင့်တည်ရှိနေသော မီးတောင်အရှင်ဖြစ်သည်။ နောက်မီးတောင်တစ်လုံးမှာ ၄,၅၇၃ ပေမြင့်သော မာဒရပ်စ်မီးတောင်အသေဖြစ်သည်။ သဘာဝပေါက်ပင်များထူထပ်စွာလွှမ်းခြုံထားသော မာဒရပ်စ်မီးတောင်၏ထိပ်ဝတွင် မြူခိုးများအုံ့ဆိုင်းနေသည့်ရေအိုင်တည်ရှိသည်။

နီကာရာဂွာအိုင်သည် ထိုဒေသသို့ ကမ္ဘာလှည့်ခရီးသည်များလာရောက်ရန် ဆွဲဆောင်သည်။ သူတို့သည် အပူပိုင်းဒေသ၏သဘာဝအလှနှင့် ရှေးခေတ်ယဉ်ကျေးမှုသမိုင်းများကိုဖော်ပြသော ရှေးဟောင်းပစ္စည်းများစွာကို ရှုစားရန် ထိုဒေသသို့လာရောက်ကြသည်။ သို့သော် နီကာရာဂွာအိုင်တွင် လေ့လာရှာဖွေထိုက်သော နောက်ထပ်အဖိုးတန်ရတနာတစ်ပါးရှိနေသည်။

ရေပေါ်မှ ရွာကြီးတစ်ရွာ

ဂရာနာဒါကျွန်းစုများတွင် အပူပိုင်းဒေသပေါက်ပင်များနှင့် တောရိုင်းတိရစ္ဆာန်များ ပေါများသည်။ ထိုမီးတောင်ကျွန်းအများစုကို လွှမ်းခြုံထားသည့် စိမ်းညို့ညို့သစ်တောများတွင် အရောင်အသွေးစုံ၍လှပသောပန်းမန်တို့ ပွင့်လန်းနေသည်။ အပြာရောင် ငဟစ်ငှက်များ၊ ဗျိုင်းငှက်၊ ဝန်လက်ငှက်၊ ဥပန်းငှက်၊ တင်ကျီးငှက်အစရှိသည့် လှပသောရေစပ်နေငှက်များသည် ကမ်းစပ်တစ်လျှောက် အစာရှာနေကြသည်။ သစ်တောအစပ်နားရှိ သစ်ပင်ကြီးများတွင် အုန်းခွံရောင်ငှက်ကြီးများ (Montezuma oropendolas) ဆောက်ထားသောအသိုက်များ တွဲလွဲကျနေပြီး အိုင်မှလေပြေတိုက်ခတ်သောအခါ ပြုတ်ကျတော့မယောင် လှုပ်ယမ်းနေသည်။

ကျွန်းအချို့တွင် လူနေထိုင်သည်။ ထိုကျွန်းများတွင် ဒေသခံတံငါသည်များ၏နေအိမ်နှင့် ချမ်းသာကြွယ်ဝသူများ၏ အားလပ်ရက်အပန်းဖြေရာစံရိပ်ငြိမ်များ တည်ရှိသည်။ ထို့ပြင် စာသင်ကျောင်းများ၊ သင်္ချိုင်း၊ စားသောက်ဆိုင်များနှင့်ဘားများလည်း ရှိသည်။ ထိုကျွန်းစုသည် ရေပြင်ပေါ်ရှိ ရွာကြီးတစ်ရွာပင်ဖြစ်ပေတော့သည်။

အပြာနှင့်အဖြူရောင်ဆေးခြယ်ထားသော လှေတစ်စင်းသည် နံနက်တိုင်း ကလေးများကို ကျောင်းပို့ပေးရန် တစ်ကျွန်းမှတစ်ကျွန်း သွားလာနေ၏။ ကနူးလှေတစ်စင်းသည် သစ်သီးနှင့်ဟင်းသီးဟင်းရွက်များတင်ဆောင်၍ တစ်ကျွန်းမှတစ်ကျွန်း လိုက်လံရောင်းချနေသည်။ ပိုက်ကွန်ပြုပြင်နေသောအမျိုးသားများ၊ အိုင်တွင် အဝတ်လျှော်ဖွပ်နေသောအမျိုးသမီးများကို နေ့စဉ်မြင်တွေ့နိုင်သည်။

ယေဟောဝါသက်သေတို့လည်း ထိုကျွန်းများတွင် အလုပ်များနေကြပါသည်။ သူတို့သည် လူတို့ထံ လှေဖြင့်သွားရောက်လည်ပတ်ကာ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်း ပြောပြကြသည်။ (မဿဲ ၂၄:၁၄) ဤဒေသ၏တစ်မူထူးခြားသောပထဝီအနေအထားက သမ္မာကျမ်းစာကို လေ့လာရန် အဘယ်နေရာတွင် အစည်းအဝေးများကျင်းပနိုင်မည်နှင့်ပတ်သက်၍ အခက်တွေ့စေသည်။ “အတူတကွစည်းဝေးခြင်းအမှုကို လျစ်လျူမရှုကြနှင့်” ဟူ၍ ကျမ်းစာမိန့်မှာထားသည်ဖြစ်ရာ ရေတွင်ပေါလောပေါ်နိုင်သော ဦးဆုံးဝတ်ပြုရာခန်းမကို တည်ဆောက်ခြင်းက အကောင်းဆုံးဖြေရှင်းနည်းဖြစ်သည်ဟု သက်သေခံများယူဆကြ၏။—ဟေဗြဲ ၁၀:၂၅

ရေတွင်ပေါလောပေါ်နိုင်သော ဝတ်ပြုရာခန်းမ

ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်များဖြစ်သော မောင်နှံတစ်စုံသည် ၂၀၀၅၊ နိုဝင်ဘာလတွင် ဂရာနာဒါကျွန်းစုသို့ ပြောင်းရွှေ့လာခဲ့သည်။ လအနည်းငယ်ကြာပြီးနောက် နှစ်စဉ်ကျင်းပသော ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ရန် ဒေသခံများကိုဖိတ်ခေါ်သည့်အခါ ၇၆ ဦး တက်ရောက်သဖြင့် အံ့အားသင့်စရာပင်။ ယင်းကြောင့် ထိုဒေသတွင် ခရစ်ယာန်အစည်းအဝေးများ မှန်မှန်ကျင်းပဖို့လိုကြောင်း ထိုမောင်နှံစုံ ယုံကြည်စိတ်ချသွားသည်။ သို့သော် သင့်တော်သောစည်းဝေးရာနေရာကိုရှာတွေ့ရန် ခက်ခဲသောကြောင့် သူတို့သည် နောက်အကြံတစ်ခုထုတ်ခဲ့သည်။ လူတို့သွားလာရအဆင်ပြေမည့်နေရာများသို့ ဆွဲယူသွားနိုင်သော ရေတွင်ပေါလောပေါ်သည့်ဝတ်ပြုရာခန်းမတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။

သတ္တိရှိသောထိုမောင်နှံသည် ရေတွင်ပေါလောပေါ်နိုင်သောအရာကို တစ်ခါမျှ ဒီဇိုင်းဆွဲဆောက်လုပ်ဖူးခြင်းမရှိသော်လည်း ခန်းမဆောက်လုပ်ရေးကို စတင်ခဲ့ကြသည်။ သူတို့နှင့် အခြားသူခြောက်ဦးသည် စီမံကိန်းအတွက် တစ်လကြာလုပ်ဆောင်ခဲ့သည်။ စည်းဝေးရာနေရာမှာ ဖောင်ရိုးရိုးလေးတစ်ခုဖြစ်သည်။ ပေါလောပေါ်နိုင်ရန် လေဖိသိပ်ထည့်ထားသော ဂါလံ ၄၀ ဆန့်စည်ပုံး တစ်ဒါဇင်ပေါ်တွင် စတီးပိုက်များကို ဂဟေဆော်ကာ ဘောင်လုပ်ထားခြင်းဖြစ်သည်။ အထပ်သားကိုခင်းပြီး တာလပတ်မိုးထားသည်။ ခန်းမသည် ရေတွင်ပေါလောပေါ်မည်မပေါ်မည်မှာ မသေချာသောကြောင့် လုပ်သားများသည် စီမံကိန်းအတွက် ညစဉ်ဆုတောင်းခဲ့ရသည်။ ယင်းသည် အမှန်ပင် ရေတွင်ပေါလောပေါ်ခဲ့သည်။

၂၀၀၆၊ ဇွန် ၁၀ ရက်တွင် ထိုဝတ်ပြုရာခန်းမအသစ်၌ ဦးဆုံးအကြိမ် လူထုအစည်းအဝေးကျင်းပခဲ့သည်။ နောက်တစ်နေ့တွင် ကျွန်းစု၏အခြားတစ်ဖက်တွင်နေထိုင်သူများအတွက် ထိုအစည်းအဝေးကိုကျင်းပပေးရန် ထိုနေရာသို့ဆွဲသွားသည်။ အချို့သူတို့သည် တောထဲတွင် တစ်နာရီခွဲကျော် လမ်းလျှောက်လာရသည့်တိုင် ထိုအစည်းအဝေးနှစ်ခုတွင် တက်ရောက်သူပေါင်း ၄၈ ဦးရှိသည်။ အားလုံးက မိမိတို့ကိုယ်ပိုင်ဝတ်ပြုရာခန်းမကို ပိုင်ဆိုင်ရသည့်အတွက် ဝမ်းမြောက်ကြသည်။

ထိုခန်းမတွင်ကျင်းပသောအစည်းအဝေးများ၌ တောတောင်သဘာဝ၏ရသကို အမှန်ခံစားရသည်။ ဟောပြောသူက ဟောပြောချက်ပေးစဉ် ကျောက်ဆောင်ကျောက်ခဲများကိုဖြတ်သန်း၍ တသွင်သွင်စီးဆင်းနေသောရေသံ၊ ရံဖန်ရံခါ အဝေးမှမျောက်အော်သံတို့ကို ပရိသတ်များကြားနိုင်သည်။ မကြာမီ၊ ထိုခန်းမသည် ကျွန်းသူကျွန်းသားများအတွက် အမြင်မစိမ်းတော့ချေ။ ထိုခန်းမကို တစ်နေရာမှတစ်နေရာသို့ ဆွဲယူသွားသည်ကို မြင်တွေ့သောအခါ သူတို့ လက်ဝှေ့ယမ်းနှုတ်ဆက်ကြသည်။ လူ ၂၀ ကျော်သည် ခရစ်ယာန်အချင်းချင်းပေါင်းသင်းရန်နှင့် ကျမ်းစာလေ့လာရန် ရေတွင်ပေါလောပေါ်နိုင်သောဝတ်ပြုရာခန်းမသို့ ပတ်စဉ်လာရောက်ကြသည်။ ယင်းသည် တကယ့်ရတနာတစ်ပါးဖြစ်လာသည်။

အိုမာတာပါကျွန်းတွင်

ဂရာနာဒါမြို့၏တောင်ဘက် မိုင် ၃၀ ခန့်တွင် အိုမာတာပါကျွန်း တည်ရှိသည်။ ထိုကျွန်း၏သဘာဝအလှနှင့် မြေသြဇာကောင်းမှုတို့ကြောင့် ထိုတွင် လူတို့ နှစ်ခြိုက်စွာနေထိုင်ခဲ့သည်မှာ ကြာမြင့်လေပြီ။ အမှန်မှာ နီကာရာဂွာ၏စိုက်ပျိုးရေးဆိုင်ရာ အစောဆုံးအထောက်အထားများကို ထိုကျွန်းတွင်တွေ့ရှိခဲ့သည်။ ယနေ့၊ အိုမာတာပါကျွန်းတွင် လူဦးရေ ၄၂,၀၀၀ ခန့်ရှိပြီး သူတို့သည် ငါးဖမ်းခြင်းအပြင် ပြောင်းဖူး၊ ငှက်ပျော၊ ကော်ဖီနှင့် အခြားကောက်ပဲသီးနှံများစိုက်ပျိုးခြင်းတို့တွင် အလုပ်များနေကြသည်။ တောရိုင်းတိရစ္ဆာန်များလည်း ရင်သပ်ရှုမောဖွယ်ဖြစ်၏။ ဆူဆူညံညံအော်မြည်နေသော ကြက်တူရွေးအုပ်များ၊ အဖြူနှင့်အပြာရောင်အမွေးအတောင်များကို တဖျပ်ဖျပ်ခတ်၍ သစ်ပင်များကြားပျံသန်းနေသော ဗွတ်ကုလားငှက်များ၊ လူအများကြိုက်နှစ်သက်သော မျက်နှာဖြူ,ကက်ပူချင်မျောက်များလည်း ရှိသည်။

ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြွေးကြော်သူများသည် အိုမာတာပါကျွန်းသားများကို ကောင်းစွာကူညီပေးနေသည်။ ထိုကျွန်းရှိသက်သေခံဦးရေမှာ ၁၉၆၆ ခုနှစ်တွင် နှစ်ခြင်းခံသူ ၈ ဦး ရှိခဲ့ပြီး ၁၈၃ ဦးအထိ တိုးများလာကာ တိုးတက်နေသောအသင်းတော် လေးခုရှိနေပြီ။ အသင်းတော်တစ်ခုစီသည် အဆင်ပြေသောနေရာတွင် ကိုယ်ပိုင်ဝတ်ပြုရာခန်းမကို ပိုင်ဆိုင်ကြသည်။ ယနေ့၊ ထိုကျွန်းတွင် လူဦးရေ ၂၃၀ လျှင် သက်သေခံ ၁ ဦးနှုန်းရှိနေပြီ။

အိုမာတာပါကျွန်းရှိ ယေဟောဝါသက်သေများသည် နှစ်များတစ်လျှောက် အခက်အခဲများကြုံတွေ့ခဲ့သည်။ ဥပမာ၊ ၁၉၈၀ ပြည့်နှစ်က မာရီဒါမြို့တွင် ဆန့်ကျင်သူများသည် ဝတ်ပြုရာခန်းမကို မီးရှို့ခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် နောက်ထပ်ခန်းမတစ်လုံး ဆောက်လုပ်ခဲ့သည်။ ထိုခန်းမကို လှပသောခန်းမအသစ်တည်ဆောက်သည့် ၂၀၀၃ ခုနှစ်အထိ အသုံးပြုခဲ့သည်။ ထို့ကြောင့် ဒေသခံအသင်းတော်ရှိ အသင်းသား ၆၀ သည် အလွန်ပျော်ရွှင်ခဲ့ကြသည်။

မိုရိုဂါပါမြို့တွင် စည်းဝေးကြီးများကျင်းပနိုင်ဖို့ ဝတ်ပြုရာခန်းမကို လိုလျှင်လိုသလိုချဲ့နိုင်ရန် ဒီဇိုင်းဆွဲ၍ဆောက်လုပ်ထားသည်။ အမိုးကို ခန်းမအနောက်ဘက်သို့ ဆန့်ထုတ်ကာ ထိုအမိုးအောက်တွင် စင်မြင့်ကို ထားလိုက်သည်။ သို့ဖြင့် ဆန့်ထုတ်ထားသောအမိုးကြောင့် အရိပ်ရနေသောနေရာတွင် ထိုင်ခုံများကို ခန်းမအနောက်ဘက်ရှိ စည်းရိုးရောက်သည့်အထိ ခင်းနိုင်သည်။ ထိုတွင် ဒေသခံသက်သေခံများနှင့် အိုင်ဝန်းကျင်မှမိတ်ဆွေများသည် စည်းဝေးကြီးများအတွက် အချိန်မှန်ရောက်လာကြသည်။ ထိုစည်းဝေးကြီးများတွင် ယေရှုခရစ်၏တပည့်သစ်များနှစ်ခြင်းခံရန် အကောင်းဆုံးနေရာမှာ နီကာရာဂွာအိုင်ဖြစ်သည်။—မဿဲ ၂၈:၁၉

ရတနာများ—ဆက်လက်တည်တံ့နိုင်မည်လော

နီကာရာဂွာအိုင်သည် ယင်း၏ ကြီးမားလှသောအရွယ်အစားကြောင့် မပျက်စီးနိုင်ဟုထင်ရသည်။ သို့သော် ယနေ့ ထိုရေအိုင်သည် ကာကွယ်မှုလိုအပ်နေသည်။ စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်းတို့မှ စွန့်ပစ်ပစ္စည်းများ၊ ပြုန်းတီးနေသောသစ်တောမှ ရွှံ့မြေများကြောင့် ရေညစ်ညမ်းမှုအန္တရာယ် ကြုံနေသည်။

ဒေသခံပြည်သူနှင့်အစိုးရ၏ ကြိုးပမ်းမှုများက အခြေအနေကိုတိုးတက်စေမည်၊ မတိုးတက်စေမည်ဆိုသည်မှာ မသေချာပါ။ သို့တိုင် ဖန်ဆင်းရှင်သည် တဖိတ်ဖိတ်တောက်နေသောရေအိုင်များ၊ လှပသောကျွန်းများ၊ ရင်သပ်ရှုမောဖွယ် တောရိုင်းတိရစ္ဆာန်များအပါအဝင် ကမ္ဘာ့ရတနာအားလုံးကို နာခံမှုရှိသောလူသားများအတွက် မပျောက်မပျက်၊ ဆက်တည်တံ့စေမည်မှာ သေချာသည်။ အကြောင်းမှာ “ဖြောင့်မတ်သောသူတို့သည် မြေကြီးကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ကတိပြုထားသောကြောင့်တည်း။—ဆာလံ ၃၇:၂၉ကဘ။

[စာမျက်နှာ ၂၆ ပါရုပ်ပုံ]

အစည်းအဝေးများကျင်းပရန် ရေတွင် ပေါလောပေါ်နိုင်သော ဝတ်ပြုရာခန်းမ