မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်ထံမှလာသော ကြွယ်ဝမှု

ဘုရားသခင်ထံမှလာသော ကြွယ်ဝမှု

ဘုရားသခင်ထံမှလာသော ကြွယ်ဝမှု

သင်သည် ဘုရားသခင်အပေါ် သစ္စာရှိပါက ကိုယ်တော်သည် သင့်ကို ချမ်းသာကြွယ်ဝမှုဖြင့် ကောင်းချီးပေးမည်လော။ ပေးကောင်းပေးနိုင်ပါသည်။ သို့သော် သင်မျှော်လင့်ထားသော ချမ်းသာကြွယ်ဝမှုမျိုးတော့ ဖြစ်ချင်မှဖြစ်မည်။ ယေရှု၏မိခင် မာရိအကြောင်း သုံးသပ်ကြည့်ပါ။ ကောင်းကင်တမန်ဂါဗြေလသည် မာရိရှေ့ပေါ်လာပြီး မာရိသည် ဘုရားသခင်၏ “အထူးမျက်နှာသာရသောသူ” ဖြစ်ကာ ဘုရားသခင်၏သားတော်ကို ဖွားမြင်ရမည်ဟု ပြောသည်။ (လုကာ ၁:၂၈၊ ၃၀-၃၂) သို့သော် မာရိသည် ချမ်းသာကြွယ်ဝသူမဟုတ်ပါ။ ယေရှုကိုဖွားမြင်ပြီးနောက် ယဇ်ပူဇော်ချိန်တွင် မာရိသည် ဆင်းရဲသားများ ယေဟောဝါထံ ပူဇော်နေကျဖြစ်သော “ချိုးငှက်တစ်စုံကိုဖြစ်စေ၊ ခိုကလေးနှစ်ကောင်ကိုဖြစ်စေ” ပူဇော်ခဲ့သည်။—လုကာ ၂:၂၄; ဝတ်ပြုရာ ၁၂:၈

မာရိ ဆင်းရဲသည်ဟူသောအချက်က ဘုရားသခင်၏ကောင်းချီးကို သူ မရရှိခြင်းကြောင့်ဖြစ်သည်ဟု ဆိုလိုပါသလော။ မဆိုလိုပေ။ ယင်းအစား မာရိသည် သူ၏ဆွေမျိုးတစ်ဦးဖြစ်သူ ဧလိရှဗက်ထံ သွားလည်ချိန်တွင် “ဧလိရှဗက်သည်လည်း သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်ဝလျက်၊ ကျယ်သောအသံနှင့် ‘သင်သည် မိန်းမတကာတို့ထက် ကောင်းချီးခံစားရ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း ကောင်းချီးခံစားရ၏’ . . . ဟုပြော၏။” (လုကာ ၁:၄၁၊ ၄၂၊ ၄၅) ဘုရားသခင့်ချစ်သားတော်၏ မြေကြီးပေါ်မှမိခင်ဖြစ်ရန် အခွင့်ထူးကို မာရိရရှိခဲ့သည်။

ယေရှုကိုယ်တိုင်လည်း ချမ်းသာကြွယ်ဝသူမဟုတ်ပါ။ ဆင်းရဲသောအခြေအနေတွင် သူမွေးဖွားကြီးပြင်းလာရုံသာမက မြေကြီးပေါ်အသက်ရှင်စဉ် သူ့အသက်တာတစ်လျှောက်လုံးတွင်လည်း ဆင်းရဲခဲ့သည်။ တစ်ကြိမ်တွင် ကိုယ်တော်က မိမိတပည့်ဖြစ်လိုသူတစ်ဦးအား “မြေခွေး၌ မြေတွင်းရှိ၏။ မိုးကောင်းကင်ငှက်များတွင် နားနေရာအရပ်ရှိ၏။ လူသားမူကား ခေါင်းချစရာနေရာပင်မရှိ” ဟုမိန့်ဆိုခဲ့၏။ (လုကာ ၉:၅၇၊ ၅၈) သို့တိုင် မြေကြီးပေါ်သို့ကြွလာပြီး ယေရှုခရစ်လုပ်ဆောင်ခဲ့သောအမှုကြောင့် ကိုယ်တော်၏တပည့်များသည် သာ၍ကြီးမားသောချမ်းသာကြွယ်ဝမှုကို ပိုင်ဆိုင်နိုင်ခဲ့ကြသည်။ တမန်တော်ပေါလုက “ကိုယ်တော်သည် . . . သင်တို့အကျိုးအတွက် ဆင်းရဲချို့တဲ့သူ ဖြစ်လာတော်မူ၏။ သို့နှင့် ကိုယ်တော်၏ ဆင်းရဲနွမ်းပါးမှုအားဖြင့် သင်တို့လည်း ကြွယ်ဝလာမည်အကြောင်းတည်း” ဟုရေးခဲ့သည်။ (၂ ကောရိန္သု ၈:၉) မည်သို့သောကြွယ်ဝမှုမျိုးကို တပည့်များအား ယေရှုပေးခဲ့သနည်း။ ယနေ့ခေတ်တွင်ကော မည်သို့နည်း။

မည်သို့သောကြွယ်ဝမှုမျိုးနည်း

ပစ္စည်းဥစ္စာကြွယ်ဝမှုသည် ယုံကြည်ခြင်းရှိဖို့ အတားအဆီးဖြစ်လေ့ရှိသည်။ အကြောင်းမှာ ချမ်းသာသူတစ်ဦးသည် ဘုရားသခင်ထက် သူ၏ငွေကြေးကိုသာ ကိုးစားနိုင်သောကြောင့်ဖြစ်သည်။ ယေရှုက “ငွေကြေးချမ်းသာသောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် အလွန်ခက်သည်” ဟုမိန့်တော်မူခဲ့၏။ (မာကု ၁၀:၂၃) ထို့ကြောင့် နောက်လိုက်များကို ယေရှုပေးခဲ့သော ကြွယ်ဝမှုမှာ ပစ္စည်းဥစ္စာများမဟုတ်ကြောင်း ထင်ရှားသည်။

အမှန်မှာ ပထမရာစုရှိ ခရစ်ယာန်အများစုသည် ဆင်းရဲချို့တဲ့သူများဖြစ်သည်။ မွေးရာပါခြေဆွံ့သူတစ်ဦးက ပေတရုထံပိုက်ဆံတောင်းချိန်တွင် ပေတရုက “ငါ့မှာ ရွှေငွေမရှိ၊ ရှိသည့်အရာကို သင့်အား ငါပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏နာမအားဖြင့် လှမ်းသွားလော့” ဟုဆိုလေ၏။—တမန်တော် ၃:၆

တပည့်တစ်ဦးဖြစ်သူယာကုပ်၏စကားများကလည်း ခရစ်ယာန်အသင်းတော်တွင် အများစုမှာ ဆင်းရဲသားများဖြစ်ကြောင်း ဖော်ပြသည်။ သူဤသို့ရေး၏– “ငါချစ်ရသော ညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် လောကတွင် ဆင်းရဲသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝစေရန်၊ မိမိအား ချစ်သောသူတို့ကို ကတိထားတော်မူသည့် နိုင်ငံတော်အမွေခံများဖြစ်စေရန် ရွေးချယ်သည်မဟုတ်လော။” (ယာကုပ် ၂:၅) ထို့ပြင် တမန်တော်ပေါလုကလည်း “လူ့အမြင်အရ ပညာရှိသူ” သို့မဟုတ် “တန်ခိုးအာဏာရှိသူ” သို့မဟုတ် “မင်းမျိုးမင်းနွယ်ဖြစ်သူ” များစွာသည် ခရစ်ယာန်အသင်းတော်သားများဖြစ်ရန် ရွေးချယ်မခံရဟု ဆိုသည်။—၁ ကောရိန္သု ၁:၂၆

နောက်လိုက်များကို ယေရှုပေးခဲ့သော ကြွယ်ဝမှုသည် ပစ္စည်းဥစ္စာကြွယ်ဝမှုမဟုတ်လျှင် မည်သို့သောကြွယ်ဝမှုမျိုးနည်း။ စမုရနအသင်းတော်သို့ ယေရှုပို့သည့်စာတွင် ကိုယ်တော်က “သင်၏ဆင်းရဲဒုက္ခနှင့် နွမ်းပါးမှုကို ငါသိ၏။ သို့သော် သင်သည် ကြွယ်ဝ၏” ဟုမိန့်ဆိုသည်။ (ဗျာ. ၂:၈၊ ၉) စမုရနအသင်းတော်ရှိ ခရစ်ယာန်များသည် ဆင်းရဲသော်လည်း ရွှေငွေထက်များစွာပိုတန်ဖိုးရှိသည့် ချမ်းသာကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်ထားသည်။ သူတို့၏ယုံကြည်ခြင်းနှင့် ဘုရားသခင်အပေါ် သမာဓိရှိမှုကြောင့် သူတို့ကြွယ်ဝကြသည်။ ယုံကြည်ခြင်းကိုယ်နှိုက်က အလွန်အဖိုးတန်သည်။ အကြောင်းမှာ ယင်းသည် “လူခပ်သိမ်း ပိုင်ဆိုင်သောအရာ မဟုတ်သောကြောင့်ဖြစ်၏။” (၂ သက်သာလောနိတ် ၃:၂) ယုံကြည်ခြင်းမရှိသူတို့သည် ဘုရားသခင့်အမြင်တွင် အမှန်တကယ် ဆင်းရဲချို့တဲ့သူများဖြစ်သည်။—ဗျာ. ၃:၁၇၊ ၁၈

ယုံကြည်ခြင်းကြောင့်ရရှိသော ကြွယ်ဝမှု

သို့သော် ယုံကြည်ခြင်းသည် မည်သည့်နည်းများဖြင့် တန်ဖိုးရှိသနည်း။ ဘုရားသခင်ကို ယုံကြည်သူတို့သည် ကိုယ်တော် ‘ကြွယ်ဝစွာပြတော်မူသော’ ‘ကရုဏာ၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းတို့’ မှ အကျိုးကျေးဇူးခံစားကြရသည်။ (ရောမ ၂:၄) သူတို့သည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ခြင်းကြောင့် သူတို့၏ “အပြစ် လွတ်ခွင့်ရ၏။” (ဧဖက် ၁:၇) ထို့ပြင် ယုံကြည်ခြင်းရှိသူများအား “ခရစ်တော်၏တရားစကားတော်” ကပေးသော ဉာဏ်ပညာကိုလည်း သူတို့ရရှိကြသည်။ (ကောလောသဲ ၃:၁၆) ဘုရားသခင်ထံ ယုံကြည်ခြင်းဖြင့်ဆုတောင်းစဉ် “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည်” သူတို့၏စိတ်နှလုံးကို စောင့်ရှောက်ပြီး ကျေနပ်ရောင့်ရဲမှုနှင့်ပျော်ရွှင်မှု ခံစားရစေသည်။—ဖိလိပ္ပိ ၄:၇

ထိုအကျိုးကျေးဇူးများအပြင် ဘုရားသခင်၏သားတော် ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်ကိုယုံကြည်သူများတွင် ထာဝရအသက်ရမည့် အံ့ဖွယ်အလားအလာလည်း ရှိသည်။ ယေရှုခရစ်၏ ဤစကားများကို လူသိများသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်းတင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆) လူတစ်ဦးသည် ခမည်းတော်၊ သားတော်နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာ ရရှိလာချိန်တွင် ထိုအဖိုးတန်အလားအလာသည် သူ့အတွက်ပို၍ခိုင်မာလာသည်။ အကြောင်းမှာ “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့်အသိပညာကို သူတို့ဆည်းပူးနေရမည်” ဟုယေရှုမိန့်ဆိုခဲ့သောကြောင့်ဖြစ်သည်။—ယောဟန် ၁၇:၃

ဘုရားသခင်၏ကောင်းချီးများသည် အခြေခံအားဖြင့် ဝတ်ပြုရေးနှင့်သာဆက်နွှယ်နေသော်လည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများလည်း ရရှိစေပါသည်။ ဥပမာ၊ ဘရာဇီးနိုင်ငံမှ ဒါလီဒီယို၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ ဘုရားသခင်၏ရည်ရွယ်ချက်နှင့်ပတ်သက်သော တိကျမှန်ကန်သည့်အသိပညာမရှိမီ သူသည် အရက်အလွန်အကျွံသောက်သူဖြစ်သည်။ ယင်းက သူ၏မိသားစုအပေါ် အလွန်ဆိုးကျိုးသက်ရောက်ခဲ့၏။ ထို့ပြင် သူ၏ငွေရေးကြေးရေးအခြေအနေမှာလည်း ယိမ်းယိုင်ခဲ့၏။ သို့သော် ယေဟောဝါသက်သေများနှင့် ကျမ်းစာစလေ့လာပြီးနောက်ပိုင်းတွင် ထူးခြားစွာ ပြောင်းလဲလာ၏။

ဒါလီဒီယိုသည် သိရှိလာသော ကျမ်းစာအသိပညာကြောင့် အန္တရာယ်ရှိသောအကျင့်ဆိုးများကို ဖြတ်နိုင်ခဲ့သည်။ သူ၏အသက်တာကို ကျမ်းစာမူများနှင့်ကိုက်ညီစေရာတွင် အလွန်တိုးတက်လာ၏။ “ကျွန်တော် အရင်တုန်းကတော့ အရက်ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်သွားတယ်။ အခုတော့ တစ်အိမ်ပြီးတစ်အိမ်သွားပြီး ဟောပြောနေပါတယ်” ဟုသူပြောသည်။ မှန်ပါသည်၊ သူသည် သတင်းကောင်းကို အချိန်ပြည့်ကြေညာသူတစ်ဦးဖြစ်နေပြီ။ ထိုအပြောင်းအလဲက သူ၏ကျန်းမာရေးကို အလွန်ကောင်းလာစေသည့်အပြင် ငွေရေးကြေးရေးအခြေအနေကိုလည်း တည်ငြိမ်လာစေသည်။ “အရက်သောက်ဖို့ သုံးတဲ့ငွေတွေကို အခုဆို လိုအပ်တဲ့ တခြားသူတွေကို ကူညီဖို့ ဒါမှမဟုတ် ကျွန်တော်လိုအပ်တဲ့အရာတွေဝယ်ဖို့ သုံးနေပြီ” ဟုသူဆိုသည်။ ဘုရားသခင့်အမြင်မျိုးရှိသူများနှင့် ပေါင်းသင်းရာမှ ယခုဆိုလျှင် သူ့တွင် မိတ်ဆွေစစ်များစွာလည်း ရှိနေပြီ။ ဘုရားသခင်ကို မသိရှိမီက သူစိတ်ကူးနိုင်ခဲ့သည့် မည်သည့်အရာထက်မဆို လုံးဝသာလွန်သည့် စိတ်ငြိမ်သက်မှုနှင့် ကျေနပ်ရောင့်ရဲမှုကို ဒါလီဒီယို ယခု ခံစားနေရသည်။

ယေဟောဝါဘုရားသခင်အား ယုံကြည်ခြင်းကို ကြိုးစားမွေးမြူခဲ့သူများ ခံစားရသည့် ကြွယ်ဝမှုနှင့်ဆိုင်သော နောက်ဥပမာတစ်ခုကိုသိနိုင်ရန် ရီနာတို၏အကြောင်းကို သုံးသပ်ကြည့်ပါ။ ယနေ့ သူ၏ပြုံးပျော်နေသောမျက်နှာကို တွေ့ရလျှင် ယခင်က သူသည် အလွန်ဘဝနာခဲ့ကြောင်း သင် ယုံကြည်နိုင်မည်မဟုတ်ပေ။ သူမွေးကင်းစအရွယ်တွင် မိခင်၏စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ခုံတန်းရှည်တစ်ခုအောက်မှအိတ်ထဲတွင် သူ့ကိုထားရစ်ခဲ့သည်။ သူ့တွင် ကုတ်ခြစ်ထားသောဒဏ်ရာများ ပြည့်နေပြီး ချက်ကြိုးတန်းလန်းနှင့်ဖြစ်သည်။ ဖြတ်လျှောက်သွားသောအမျိုးသမီးနှစ်ဦးသည် ခုံတန်းရှည်အောက်တွင် လှုပ်နေသောအိတ်ကို တွေ့လိုက်သည်။ တစ်ယောက်ယောက်က ထိုတွင် ကြောင်တစ်ကောင်ကို ထားသွားသည်ဟု သူတို့ထင်မိသည်။ သို့သော် မွေးကင်းစကလေးဖြစ်ကြောင်း သိသွားချိန်တွင် သူတို့သည် ကလေးကိုဆေးကုသရန် အနီးရှိဆေးရုံသို့ ချက်ချင်းခေါ်သွားကြသည်။

ထိုအမျိုးသမီးတစ်ဦးမှာ ယေဟောဝါသက်သေဖြစ်သည်။ သူသည် သက်သေခံတစ်ဦးဖြစ်သော ရီတာအား ကလေးအကြောင်းပြောပြလိုက်သည်။ ရီတာသည် အကြိမ်ပေါင်းများစွာ ကလေးအသေမွေးခဲ့သူဖြစ်ပြီး သမီးတစ်ဦးသာရှိသည်။ သားတစ်ဦးကို အလွန်လိုချင်နေရာ ရီနာတိုကို မွေးစားရန် ဆုံးဖြတ်လိုက်သည်။

ရီနာတို ကလေးဘဝတွင်ပင် ရီတာက မိမိသည် သူ၏မိခင်အရင်းမဟုတ်ကြောင်း ပြောပြလိုက်သည်။ သို့သော် ရီတာသည် သူ့ကို မေတ္တာဖြင့်ပြုစုစောင့်ရှောက်ပြီး ကျမ်းစာမူများကိုလည်း ကြိုးစားသွန်သင်ပေးသည်။ သူကြီးပြင်းလာသည်နှင့်အမျှ ကျမ်းစာကို စိတ်ဝင်စားလာသည်။ လုံးဝမယုံနိုင်စရာကောင်းသောနည်းဖြင့် သူ ကယ်တင်ခံရပြီး ကြီးပြင်းလာသည်ကို သူအလွန်ကျေးဇူးတင်သည်။ ‘ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း ယေဟောဝါသည် အကျွန်ုပ်ကိုချီယူတော်မူမည်’ ဟူသောဆာလံသီချင်းရေးသူ ဒါဝိဒ်၏စကားများကို ဖတ်သည့်အချိန်တိုင်း သူ မျက်ရည်ကျလေ့ရှိသည်။—ဆာလံ ၂၇:၁၀

ရီနာတိုသည် သူ့အတွက် ယေဟောဝါလုပ်ဆောင်ပေးခဲ့သောအရာအားလုံးကို ကျေးဇူးတင်လေးမြတ်ကြောင်းပြသည့်အနေဖြင့် ၂၀၀၂ ခုနှစ်တွင် နှစ်ခြင်းခံပြီး နောက်နှစ်တွင် အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်ဖြစ်လာသည်။ ယနေ့တိုင် သူ၏မိဘအရင်းကို မသိရပေ၊ ဘယ်တော့မှလည်း သိလာနိုင်ဖွယ်မရှိပေ။ သို့သော် မေတ္တာရှိပြီး ဂရုစိုက်တတ်သောဖခင်အဖြစ် ယေဟောဝါဘုရားသခင်ကို သိကျွမ်းခွင့်ရပြီး ယုံကြည်လာခွင့်ရခြင်းမှာ သူရရှိထားသမျှတွင် တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်သည်ဟု ရီနာတိုခံစားနေရသည်။

သင်လည်း ဘုရားသခင်နှင့် ရင်းနှီးချစ်ခင်သော ဆက်ဆံရေးမျိုးရရှိလိုပေမည်။ ယင်းက သင့်အသက်တာကို အမှန်ကြွယ်ဝစေနိုင်သည်။ ယေဟောဝါဘုရားသခင်အပြင် ကိုယ်တော့်သားတော် ယေရှုခရစ်နှင့်ပါ ထိုသို့သောဆက်ဆံရေးမျိုး ရရှိနိုင်သည့်အခွင့်အရေးသည် ဆင်းရဲချမ်းသာမရွေး လူအားလုံးအတွက် ပွင့်နေပါသည်။ ယင်းက ပစ္စည်းဥစ္စာများ ကြွယ်ဝလာစေမည်မဟုတ်သော်လည်း လောကရှိငွေအားလုံးဖြင့်ပင် ဝယ်ယူ၍မရနိုင်သည့် စိတ်ငြိမ်သက်မှုနှင့် ကျေနပ်ရောင့်ရဲမှုကို ရရှိခံစားစေပါလိမ့်မည်။ ‘ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။ ထိုစည်းစိမ်နှင့်လည်း ဝမ်းနည်းခြင်းအကြောင်းကို ရောနှောတော်မမူ’ ဟူသော နယပုံပြင် ၁၀:၂၂ ပါစကားများ မှန်ကန်လှသည်တကား။

ယေဟောဝါဘုရားသခင်သည် မိမိထံလာသူများကို အလွန်စိတ်ဝင်စားတော်မူသည်။ “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်” ဟုကိုယ်တော်ဆိုသည်။ (ဟေရှာယ ၄၈:၁၈) မှန်ကန်ရိုးဖြောင့်သောစိတ်သဘောထားဖြင့် မိမိထံလာသူများကို ကြွယ်ဝစွာဆုချမည်ဟု ကိုယ်တော်ကတိပြုသည်– ‘စိတ်နှိမ့်ချခြင်း၊ ယေဟောဝါကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။’—သု. ၂၂:၄

[စာမျက်နှာ ၆ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင်ကို ယုံကြည်ခြင်းသည် ငြိမ်သက်မှု၊ ကျေနပ်ရောင့်ရဲမှုနှင့် ပျော်ရွှင်မှု ရရှိစေ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှု၏ မြေကြီးပေါ်မှ မိသားစုသည် ပစ္စည်းဥစ္စာ ဆင်းရဲချို့တဲ့သော်လည်း သူတို့ကို ဘုရားသခင် ကြွယ်ဝစွာကောင်းချီးပေးခဲ့