မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်ကိုချမ်းသာကြွယ်ဝစေမည်ဟု ဘုရားသခင် ကတိပြုပါသလော

သင့်ကိုချမ်းသာကြွယ်ဝစေမည်ဟု ဘုရားသခင် ကတိပြုပါသလော

သင့်ကိုချမ်းသာကြွယ်ဝစေမည်ဟု ဘုရားသခင် ကတိပြုပါသလော

‘ဘုရားသခင်က သင့်ကိုချမ်းသာကြွယ်ဝစေချင်တယ်။ ဂိုဒေါင်ထဲမှာ ကားတွေနဲ့၊ တကယ့်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ ဖြစ်စေချင်တယ်။ ကိုယ်တော့်ကိုသာ ယုံကြည်ပါ။ သင့်ပိုက်ဆံအိတ်ကိုဖွင့်ပြီး အဲဒီထဲမှာရှိသမျှ ကိုယ်တော့်ကိုပေးလိုက်ပါ။’

ယင်းသည် ဘရာဇီးနိုင်ငံတွင်ပုံနှိပ်သော သတင်းစာတစ်စောင်အရ ထိုတွင်ရှိသော ဘာသာရေးအုပ်စုအချို့မှ မြေတောင်မြှောက်ပေးနေသည့် အယူအဆဖြစ်သည်။ လူများစွာသည် ထိုအယူအဆကို အလေးအနက်ထားကြသည်။ အမေရိကန်ပြည်ထောင်စုတွင် ခရစ်ယာန်ဖြစ်သည်ဟုဆိုသူများကို ကောက်ခံခဲ့သည့် မဲဆန္ဒနှင့်ပတ်သက်၍ တိုင်းမ်မဂ္ဂဇင်းက ဤသို့ဆိုသည်– “လူ ၆၁% က ဘုရားသခင်သည် လူတို့ကို ချမ်းသာကြွယ်ဝစေလိုသည်ဟု ယုံကြည်ကြသည်။ ၃၁% က သင်၏ပိုက်ဆံများကို ဘုရားသခင်အား,ပေးလျှင် ကိုယ်တော်သည် သင့်အား ပိုများသောပိုက်ဆံများပေးကာ ကောင်းချီးပေးလိမ့်မည်ဟု ယုံကြည်ကြသည်။”

ချမ်းသာကြွယ်ဝရေးအယူဝါဒဟုခေါ်လေ့ရှိသည့် ထိုသို့သောယုံကြည်မှုမျိုးသည် အထူးသဖြင့် ဘရာဇီးကဲ့သို့သော လက်တင်အမေရိကနိုင်ငံများတွင် လျင်မြန်စွာပျံ့နှံ့လျက်ရှိသည်။ လူတို့သည် ငွေကြေးဥစ္စာများဖြင့် ဘုရားသခင်ကောင်းချီးပေးမည်ဟု ကတိပြုသောချာ့ခ်ျများသို့ စုပြုံသွားရောက်နေကြသည်။ သို့သော် ဘုရားသခင်သည် မိမိအားဝတ်ပြုကိုးကွယ်သူများကို ချမ်းသာကြွယ်ဝစေမည်ဟု အမှန်တကယ် ကတိပြုထားပါသလော။ အတိတ်ခေတ်မှ ဘုရားသခင့်ကျေးကျွန်အားလုံးသည် ချမ်းသာကြွယ်ဝခဲ့ပါသလော။

ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှုဖြင့် ဘုရားသခင် ကောင်းချီးပေးခဲ့သူတို့အကြောင်း ဟေဗြဲကျမ်းစာစောင်များတွင် ကျွန်ုပ်တို့တွေ့ရလေ့ရှိသည်။ ဥပမာ၊ တရားဟောရာ ၈:၁၈ တွင် ‘သင်၏ဘုရားသခင် ယေဟောဝါကိုသာ အောက်မေ့ရမည်။ အကြောင်းမူကား . . . စည်းစိမ်ရတတ်သောအစွမ်းသတ္တိကို ဘုရားသခင်ပေးတော်မူ၏’ ဟုကျွန်ုပ်တို့ဖတ်ရသည်။ ယင်းက အစ္စရေးလူမျိုးအနေဖြင့် ဘုရားသခင်ကိုနာခံလျှင် ကိုယ်တော်သည် သူတို့အား ချမ်းသာကြွယ်ဝသည့်လူမျိုးဖြစ်စေမည်ဟူသော အာမခံချက်ဖြစ်သည်။

ဘုရားသခင့်ကျေးကျွန်တစ်ဦးစီအနေနှင့်ကော မည်သို့နည်း။ သစ္စာရှိသူယောဘသည် အလွန်ချမ်းသာကြွယ်ဝသူဖြစ်သည်။ စာတန်သည် ယောဘကို အလွန်ဆင်းရဲသွားစေပြီးနောက် ယေဟောဝါသည် သူ့အား “အရင်ထက်နှစ်ဆသော” စည်းစိမ်ဥစ္စာကို ပြန်ပေးခဲ့သည်။ (ယောဘ ၁:၃; ၄၂:၁၀) အာဗြဟံသည်လည်း ချမ်းသာကြွယ်ဝသူဖြစ်၏။ သူသည် “သိုး၊ နွားစသည်တို့ကိုလည်းကောင်း၊ ရွှေငွေကိုလည်းကောင်း အလွန်ရတတ်၏” ဟု ကမ္ဘာဦး ၁၃:၂ ကဆိုသည်။ အရှေ့ပြည်မှဘုရင်လေးပါးပူးပေါင်းထားသော စစ်တပ်သည် အာဗြဟံ၏တူလောတကို ဖမ်းဆီးသွားသောအခါ အာဗြဟံသည် “မိမိအိမ်၌ဖွား၍ သွန်သင်သောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်တို့ကို” ထုတ်ဆောင်သွားလေ၏။ (ကမ္ဘာဦး ၁၄:၁၄) အာဗြဟံ၏အိမ်ထောင်တွင် လက်နက်များ ကိုင်ဆောင်အသုံးပြုနိုင်စွမ်းရှိသည့် “သွန်သင်သောလူ” ၃၁၈ ဦးရှိရာ သူ၏မိသားစုမှာ အတော်ကြီးရပေမည်။ ထိုမျှကြီးမားသောအိမ်ထောင်စုကို ထောက်ပံ့ကျွေးမွေးနိုင်သည်ဟူသောအချက်က သူသည် သိုးနွားအုပ်ကြီးများကိုပိုင်ဆိုင်သော အလွန်ချမ်းသာကြွယ်ဝသူဖြစ်သည်ကို ဖော်ပြနေသည်။

မှန်ပါသည်၊ အတိတ်ခေတ်မှ ဘုရားသခင်၏သစ္စာရှိကျေးကျွန်များစွာသည် ချမ်းသာကြွယ်ဝသူများဖြစ်သည်။ အချို့၏နာမည်များကိုဖော်ပြရမည်ဆိုလျှင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ဒါဝိဒ်၊ ရှောလမုန်တို့ဖြစ်သည်။ သို့သော် ယင်းက ဘုရားသခင်သည် မိမိအားဝတ်ပြုကိုးကွယ်သူတိုင်းကို ချမ်းသာကြွယ်ဝစေမည်ဟု ဆိုလိုပါသလော။ တစ်ဘက်တွင်လည်း တစ်စုံတစ်ဦး ဆင်းရဲခြင်းက ဘုရားသခင်၏ကောင်းချီးကို မရရှိခြင်းကြောင့်ဖြစ်သည်ဟု ဆိုလိုပါသလော။ ထိုမေးခွန်းများကို နောက်ဆောင်းပါးတွင် ဆွေးနွေးပါမည်။