မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများအမေး

ယေရှုနှင့် ခမည်းတော်သည် အဘယ်နည်းဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူသနည်း

ယေရှုနှင့် ခမည်းတော်သည် အဘယ်နည်းဖြင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူသနည်း

“ငါနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏” ဟု ယေရှု မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၀:၃၀) အချို့က ထိုကျမ်းချက်ကို ကိုးကား၍ ယေရှုနှင့် ခမည်းတော်သည် သုံးပါးပေါင်းတစ်ဆူတွင် ပါဝင်သော အစိတ်အပိုင်းနှစ်ခု ဖြစ်သည်ဟု သက်သေပြကြသည်။ ယေရှု၏မိန့်ဆိုချက်က ထိုသို့ဆိုလိုပါသလော။

ထိုကျမ်းချက်၏ စကားစပ်ကို သုံးသပ်ကြည့်ကြစို့။ အခန်းငယ် ၂၅ တွင် ယေရှုက မိမိပြုသောအမှုများသည် ခမည်းတော်၏နာမဖြင့် ပြုခြင်းဖြစ်သည်ဟု ဖော်ပြ၏။ အခန်းငယ် ၂၇ မှ ၂၉ တွင် မိမိအား ခမည်းတော်ပေးသော ပုံဆောင်သိုးများအကြောင်း ကိုယ်တော် မိန့်ဆိုခဲ့သည်။ ယေရှုနှင့် ခမည်းတော်သည် ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်ပါက ယေရှု၏မိန့်ဆိုချက် နှစ်ခုစလုံးသည် နားထောင်နေသူများအတွက် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ယင်းအစား ‘ငါ့ခမည်းတော်နှင့် ငါသည် တစည်းတလုံးတည်းရှိ၏၊ ထို့ကြောင့် သိုးတို့ကို ခမည်းတော်ထံမှ မည်သူမျှ မလုယူနိုင်သကဲ့သို့ ငါ့ထံမှလည်း မည်သူမျှ မလုယူနိုင်ရာ’ ဟု ကိုယ်တော် မိန့်ဆိုနေခြင်း ဖြစ်၏။ သားတစ်ဦးက ဖခင်၏ရန်သူကို ‘သင်သည် ကျွန်ုပ်၏ဖခင်ကို တိုက်ခိုက်လျှင် ကျွန်ုပ်ကို တိုက်ခိုက်ရာရောက်သည်’ ဟုပြောသည့်အလား ဖြစ်သည်။ ထိုသားအဖသည် ပုဂ္ဂိုလ်တစ်ဦးတည်း ဖြစ်သည်ဟု မည်သူမျှ ဆိုမည်မဟုတ်ပေ။ သို့သော် ထိုသားအဖ စပ်ကြားရှိ ခိုင်မြဲသော စည်းလုံးမှုနှောင်ကြိုးကို လူအားလုံး သိမြင်နိုင်ကြသည်။

ယေရှုနှင့် ခမည်းတော် ယေဟောဝါဘုရားသခင်သည် ရည်ရွယ်ရာများ၊ စံနှုန်းများ၊ တန်ဖိုးထားရာများတွင် စိတ်သဘော တညီတညွတ်တည်း ရှိခြင်းဖြင့် “တစ်လုံးတစ်ဝတည်း” ဖြစ်ကြသည်။ စာတန်၊ ပထမလူသားမောင်နှံဖြစ်သော အာဒံ၊ ဧဝနှင့် လုံးဝခြားနားလျက် ယေရှုသည် ဘယ်တော့မျှ ဘုရားသခင်ထံမှ အမှီအခိုကင်းကင်း မနေလိုခဲ့ပါ။ ယေရှု ဤသို့မိန့်ဆိုသည်– “သားတော်သည် ခမည်းတော် ပြုတော်မူသည်ကို မြင်၍သာပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ ခမည်းတော် ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။”—ယောဟန် ၅:၁၉။ ၁၄:၁၀။ ၁၇:၈

သို့သော် ဘုရားသခင်နှင့် သားတော်ယေရှု၏ ခိုင်မြဲသော စည်းလုံးမှုနှောင်ကြိုးသည် တစ်ဦးနှင့်တစ်ဦး ခွဲခြား၍ မရနိုင်အောင် မဖြစ်စေပါ။ သူတို့သည် သီးခြားပုဂ္ဂိုလ်နှစ်ပါး ဖြစ်သည်။ တစ်ဦးစီတွင် ကွဲပြားသော ပင်ကိုစရိုက်များ ရှိကြသည်။ ယေရှုတွင် ကိုယ်ပိုင်ခံစားချက်၊ အတွေးအခေါ်၊ အတွေ့အကြုံနှင့် လွတ်လပ်စွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော်သည် မိမိအလိုအတိုင်း မဟုတ်ဘဲ ခမည်းတော်၏ အလိုတော်ကို လက်အောက်ခံရန် ရွေးချယ်ခဲ့သည်။ လုကာ ၂၂:၄၂ အရ ယေရှုက “ကျွန်ုပ်၏ အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေ” ဟူ၍ ပြောဆိုခဲ့သည်။ ယေရှုတွင် ခမည်းတော်၏ ဆုံးဖြတ်ချက်နှင့် မတူညီသော ဆုံးဖြတ်ချက်များ ချနိုင်စွမ်း မရှိလျှင် ထိုစကားများသည် အဓိပ္ပာယ်ရှိမည် မဟုတ်ပေ။ ယေရှုနှင့် ခမည်းတော်သည် အမှန်ပင် ပုဂ္ဂိုလ်တစ်ပါးတည်းဖြစ်ပါက ယေရှုသည် အဘယ်ကြောင့် ဘုရားသခင်ထံ ဆုတောင်းကာ ခမည်းတော်တစ်ပါးတည်းသာ သိ၍ မိမိမသိသည့်အရာများ ရှိကြောင်း နှိမ့်ချစွာ ဝန်ခံခဲ့သနည်း။—မဿဲ ၂၄:၃၆

ဘာသာတရားများစွာသည် မိသားစုဝင်အချင်းချင်း ခိုက်ရန်ပွား တိုက်ခိုက်သူများအဖြစ် ပုံဖော်ထားသော နတ်ဘုရားများကို ကိုးကွယ်နေကြသည်။ ဥပမာ၊ ဂရိဒဏ္ဍာရီတွင် နတ်ဘုရား ခရောနပ်စ်သည် သူ့ခမည်းတော် ယူရေးနပ်စ်ကို နန်းချကာ မိမိကလေးများကို ပြန်စားခဲ့သည်။ ယေဟောဝါဘုရားသခင်နှင့် သားတော်ယေရှု စပ်ကြားတွင်ရှိသော မေတ္တာစစ်ကို အခြေပြုသည့် တစ်လုံးတစ်ဝတည်းရှိမှုနှင့် အခြားကြီးခြားလိုက်လေခြင်း။ ထိုစည်းလုံးမှုကြောင့် ကျွန်ုပ်တို့သည် ယေဟောဝါနှင့် ယေရှုကို အလွန်ချစ်မြတ်နိုးကြသည်။ အမှန်မှာ၊ စကြဝဠာတွင် အကြီးမြတ်ဆုံးဖြစ်သော ထိုပုဂ္ဂိုလ်နှစ်ပါးနှင့် တစည်းတလုံးတည်း ရှိနိုင်သည့် တုနှိုင်းမမီသော အခွင့်ထူးကြီးကို ကျွန်ုပ်တို့ ရရှိထားသည်။ ယေရှုသည် မိမိနောက်လိုက်များနှင့် ပတ်သက်၍ ဤသို့ဆုတောင်းခဲ့သည်– “ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြစေရန် တောင်းလျှောက်ပါ၏။ အို အဖ၊ ကိုယ်တော်သည် ကျွန်ုပ်နှင့် တစည်းတလုံးတည်း ရှိတော်မူ၍ ကျွန်ုပ်သည်လည်း ကိုယ်တော်နှင့် တစည်းတလုံးတည်း ရှိသကဲ့သို့ ထိုသူအပေါင်းတို့ကို ကျွန်ုပ်တို့နှင့် တစည်းတလုံးတည်း ရှိစေတော်မူပါ။”—ယောဟန် ၁၇:၂၀၊ ၂၁

ထို့ကြောင့် “ငါနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟုယေရှုမိန့်ဆိုသည့်အခါ လျှို့ဝှက်နက်နဲသော သုံးပါးပေါင်းတစ်ဆူကို မဟုတ်ဘဲ အံ့ဖွယ်ကောင်းလောက်အောင် စည်းလုံးမှု၊ တစ်နည်းအားဖြင့် ပုဂ္ဂိုလ်နှစ်ပါးစပ်ကြား အခိုင်မြဲဆုံး သံယောဇဉ်နှောင်ကြိုးအကြောင်း မိန့်ဆိုနေခြင်းဖြစ်၏။