မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အာဒံနှင့် ဧဝ အမှန်တကယ် အသက်ရှင်ခဲ့ပါသလော

အာဒံနှင့် ဧဝ အမှန်တကယ် အသက်ရှင်ခဲ့ပါသလော

အာဒံနှင့် ဧဝ အမှန်တကယ် အသက်ရှင်ခဲ့ပါသလော

အာဒံနှင့်ဧဝအကြောင်းရေးသားထားသော ကမ္ဘာဦးကျမ်းမှတ်တမ်းသည် ယနေ့လူများစွာအတွက် စိတ်ဝင်စားဖွယ်ပုံပြင်တစ်ပုဒ်မျှသာဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်း၏အယ်ဒီတာထံပေးစာတစ်စောင်တွင် “ခရစ်ယာန်အများစုသည် အာဒံနှင့်ဧဝစသော ကမ္ဘာဦးကျမ်းပါမှတ်တမ်းများကို ဒဏ္ဍာရီအဖြစ်သာ ယူမှတ်ခဲ့ကြသည်မှာ ကြာမြင့်ခဲ့ပြီ” ဟုဖော်ပြထားသည်။ ကက်သလစ်၊ ပရိုတက်စတင့်နှင့် ဂျူးပညာရှင်များစွာကလည်း ယင်းအချက်ကို ထောက်ခံသည်။ ကမ္ဘာဦးကျမ်းပါမှတ်တမ်းအတော်များများသည် သမိုင်း သို့မဟုတ် သိပ္ပံပညာနှင့်ကိုက်ညီမှုမရှိဟု သူတို့ဆိုကြသည်။

သင် မည်သို့ထင်သနည်း။ အာဒံနှင့်ဧဝသည် အမှန်တကယ်အသက်ရှင်ခဲ့သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သင်ယုံကြည်သလော။ သူတို့အမှန်တကယ်အသက်ရှင်ခဲ့သည်ဟူသော သက်သေအထောက်အထား တစ်စုံတစ်ရာ ရှိပါသလော။ ထိုသို့မဟုတ်ဘဲ ကမ္ဘာဦးကျမ်းမှတ်တမ်းကို ဒဏ္ဍာရီဟုဆိုကာ ပယ်ချလိုက်မည်ဆိုပါက အဘယ်အကျုံးဝင်သောအချက်များကိုလည်း ပယ်ချလိုက်ရာကျမည်နည်း။

ကမ္ဘာဦးကျမ်းမှတ်တမ်း—သိပ္ပံပညာနှင့်ကိုက်ညီသလော

ပထမဆုံးလူသားကိုဖန်ဆင်းခြင်းမှတ်တမ်းပါ အဓိကအချက်များကို ဦးစွာသုံးသပ်ကြစို့။ အာဒံနှင့်စပ်လျဉ်း၍ ကျမ်းစာက “ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏” ဟုဆိုသည်။ (ကမ္ဘာဦး ၂:၇) ထိုဖော်ပြချက်သည် သိပ္ပံပညာ၏ရှာဖွေတွေ့ရှိချက်များနှင့် ကိုက်ညီမှုရှိပါသလော။

လူ့ခန္ဓာကိုယ်သည် ဓာတုဒြပ်စင် ၄၁ မျိုးဖြင့်ဖွဲ့စည်းထားသည်ဟု နာနိုဆေးပညာဟူသောစာအုပ်တွင် ဖော်ပြသည်။ ယင်းတို့အနက် ကာဗွန်၊ သံဓာတ်၊ အောက်စီဂျင်နှင့် အခြားဒြပ်စင်များသည် အခြေခံဒြပ်စင်များဖြစ်ပြီး ယင်းတို့အားလုံးကို မြေကြီးရှိ “မြေမှုန့်” ထဲတွင်တွေ့ရသည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်းတွင် ဖော်ပြသည့်အတိုင်း လူသားများသည် အမှန်ပင် “မြေမှုန့်ဖြင့်” ဖန်ဆင်းခံရခြင်းဖြစ်သည်။

သို့သော် ထိုသက်မဲ့ဒြပ်စင်များ ပေါင်းစပ်ကာ သက်ရှိလူသားတစ်ဦး မည်သို့ဖြစ်လာသနည်း။ ထိုခက်ခဲလှသောအချက်ကို နားလည်နိုင်ရန် လူတို့တီထွင်ခဲ့သမျှတွင် အရှုပ်ထွေးဆုံးစက်ပစ္စည်းတစ်ခုဖြစ်သော နာဆာအာကာသယာဉ်အကြောင်း သုံးသပ်ကြည့်ပါ။ စက်မှုနည်းပညာဖြင့်တည်ဆောက်ထားသော ထိုအာကာသယာဉ်တွင် စက်ပစ္စည်းအစိတ်အပိုင်းပေါင်း ၂.၅ သန်းပါဝင်သည်။ အင်ဂျင်နီယာမြောက်မြားစွာသည် ၎င်းတို့ကို ပုံစံရေးဆွဲရန်နှင့် တပ်ဆင်ရန် နှစ်နှင့်ချီ၍ အချိန်ပေးရသည်။ ယခု လူ့ခန္ဓာကိုယ်အကြောင်း သုံးသပ်ကြည့်ပါ။ ၇ အောက်တဲလ်လီယံရှိသော အက်တမ်များ၊ ၁၀၀ ထရီလီယံရှိသော ဆဲလ်များ၊ ဒါဇင်နှင့်ချီသော အင်္ဂါအစိတ်အပိုင်းများနှင့် အနည်းဆုံး ၉ ခုရှိသော အဓိကအင်္ဂါအဖွဲ့အစည်းများဖြင့် လူ့ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသည်။ * အတိုင်းမသိရှုပ်ထွေးလွန်းသော၊ ထိပ်တန်းပုံစံပြုထားသော ဤဇီဝစက်ရုံသည် မည်သို့ဖြစ်ပေါ်လာသနည်း။ တိုက်ဆိုင်မှုကြောင့်လော သို့မဟုတ် အသိဉာဏ်ရှိသော ဖန်ဆင်းရှင်တစ်ပါးကြောင့်လော။

ထို့ပြင် လူ့အသက်ကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ အသက်၏ရင်းမြစ်ကား အဘယ်အရာနည်း။ ထိုအဖြေကို မသိကြောင်း သိပ္ပံပညာရှင်များ ဝန်ခံကြသည်။ အမှန်ဆိုရလျှင် သူတို့သည် လူအများကလက်ခံသော အသက်၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို လက်မခံနိုင်သည်အထိပင်ဖြစ်သည်။ ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူသောအချက်ကို လက်ခံသူများအဖို့ အဖြေမှာ ရှင်းနေ၏။ အသက်၏ရင်းမြစ်မှာ ဘုရားသခင်ပင်ဖြစ်တော်မူ၏။ *

ဧဝကို အာဒံ၏နံရိုးဖြင့် ဖန်ဆင်းသည်ဟူသော ကမ္ဘာဦးကျမ်းမှဖော်ပြချက်ကိုကော သင်ယုံကြည်သင့်ပါသလော။ (ကမ္ဘာဦး ၂:၂၁-၂၃) ထိုမှတ်တမ်းကို ဒဏ္ဍာရီ သို့မဟုတ် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် မပယ်ချမီ အောက်ပါအချက်များကို သုံးသပ်ကြည့်ပါ– ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ သိပ္ပံပညာရှင်များသည် ကမ္ဘာ့ပထမဆုံးလူ့သန္ဓေသားလောင်းကို အရွယ်ရောက်လူသားတစ်ဦး၏ အရေပြားဆဲလ်များဖြင့် အောင်မြင်စွာပုံတူပွားနိုင်ခဲ့သည်။ အမှန်အားဖြင့် သိပ္ပံပညာရှင်များသည် တိရစ္ဆာန်ကောင်ရေ အနည်းဆုံး ၂၀ ကို ထိုနည်းစနစ်ဖြင့်ပင် ပုံတူပွားခဲ့သည်။ ယင်းတို့အနက်လူသိအများဆုံးမှာ ၁၉၉၆ ခုနှစ်တွင် အရွယ်ရောက်သိုးတစ်ကောင်၏ ရင်သားဂလင်းဖြင့် ပုံတူပွားလိုက်သော သိုးမကလေး ဒေါ်လီဖြစ်သည်။ *

ထိုစမ်းသပ်မှုများ၏ နောက်ဆုံးရလဒ်ကို ကျွန်ုပ်တို့မသိကြသေးပါ။ သို့သော် ကျွန်ုပ်တို့ကောက်ချက်ချနိုင်သည်မှာ လူသားတို့ပင် သက်ရှိတစ်မျိုး၏ ဇီဝပစ္စည်းကိုအသုံးပြုကာ ယင်းနှင့်ထပ်တူထပ်မျှဖြစ်သော နောက်ထပ်သက်ရှိတစ်ခုကို ပြုလုပ်နိုင်သည်ဆိုလျှင် အတိုင်းအဆမဲ့တန်ခိုးကြီးသော ဖန်ဆင်းရှင်သည် နဂိုရှိပြီးသား လူသားတစ်ဦး၏ဇီဝပစ္စည်းကို အသုံးပြုကာ နောက်ထပ်လူသားတစ်ဦးကို အဘယ်ကြောင့် ပုံစံမပြုနိုင်ရမည်နည်း။ ပိုစိတ်ဝင်စားစရာကား ခွဲစိတ်ဆရာဝန်များသည် ကိုယ်အင်္ဂါများပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ခွဲစိတ်မှုများပြုလုပ်စဉ် နံရိုးကိုသာအသုံးပြုကြသည်၊ အကြောင်းမှာ နံရိုးသည် ပြန်လည်ကြီးထွားနိုင်စွမ်းနှင့် အလိုအလျောက်အစားထိုးနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။

ကျမ်းစာကိုယ်နှိုက်၏သက်သေအထောက်အထား

ကျမ်းစာတွင် အာဒံနှင့်ဧဝအကြောင်း ထပ်ကာထပ်ကာဖော်ပြထားသည်ကို သိရသောအခါ လူအချို့ အံ့အားသင့်ကြသည်။ ထိုအထောက်အထားများက ကမ္ဘာဦးကျမ်းမှတ်တမ်းသည် သမိုင်းဝင်သော ဖြစ်ရပ်မှန်ဖြစ်ကြောင်း မည်သို့အတည်ပြုသနည်း။

ဥပမာ၊ ရာဇဝင်ချုပ် ပထမစာစောင် အခန်းကြီး ၁ မှ ၉ နှင့် လုကာ ခရစ်ဝင်ကျမ်း အခန်းကြီး ၃ တို့တွင် မှတ်တမ်းတင်ထားသော ဂျူးဘိုးဘေးများ၏အမည်စာရင်းကို သုံးသပ်ကြည့်ပါ။ အသေးစိတ်ကျသော ထိုဆွေစဉ်မျိုးဆက်စာရင်းများတွင် လူမျိုးဆက် ၄၈ ဆက်နှင့် ၇၅ ဆက်အကြောင်း အသီးသီးဖော်ပြထားသည်။ လုကာကျမ်းတွင် ယေရှုခရစ်၏ဆွေစဉ်မျိုးဆက်ကို အဆင့်ဆင့်မှတ်တမ်းတင်ထားပြီး ရာဇဝင်ချုပ်ကျမ်းတွင်မူ အစ္စရေးလူမျိုး၏ ဘုရင်နှင့်ယဇ်ပုရောဟိတ်အရိုက်အရာ ဆက်ခံခဲ့သောဘိုးဘေးအမည်များကို စာရင်းပြုစုထားသည်။ ထိုစာရင်းနှစ်ခုစလုံးတွင် ရှောလမုန်၊ ဒါဝိဒ်၊ ယောသပ်၊ ဣဇာက်၊ အာဗြဟံ၊ နောဧနှင့် နောက်ဆုံးတွင် အာဒံကဲ့သို့သော လူသိများသူတို့ ပါဝင်သည်။ ထိုစာရင်းနှစ်ခုစလုံးမှအမည်အားလုံးသည် အမှန်တကယ်အသက်ရှင်ခဲ့သူများ၏အမည်များဖြစ်ပြီး ထိုစာရင်းနှစ်ခုစလုံးတွင်ပါသော အာဒံသည် အမှန်တကယ်အသက်ရှင်ခဲ့သော ပထမဆုံးလူသားဖြစ်သည်။

ထို့ပြင် ကျမ်းစာတွင် အာဒံနှင့်ဧဝကို ဒဏ္ဍာရီမှဇာတ်ကောင်များအနေဖြင့်မဟုတ်ဘဲ တကယ်သက်ရှိထင်ရှားဖြစ်ခဲ့သောလူသားများအဖြစ် ထပ်ခါတလဲ ဖော်ပြထားသည်။ အောက်ပါတို့မှာ သာဓကအချို့ဖြစ်သည်–

• ‘ဘုရားသခင်သည် လူတစ်ဦးတည်းမှ လူအမျိုးမျိုးကို ဖန်ဆင်းတော်မူ၏။’—တမန်တော် ၁၇:၂၆

• “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ . . . အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။”—ရောမ ၅:၁၂၊ ၁၄

• “ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏။” —၁ ကောရိန္သု ၁၅:၄၅

• “အာဒံသည် ဦးစွာ ဖန်ဆင်းခံရ၍ ဧဝမှာမူ နောက်မှ ဖန်ဆင်းခံရ၏။”—၁ တိမောသေ ၂:၁၃

• “အာဒံမှခုနစ်ဆက်မြောက်သောသူ ဧနောက်ကလည်း ထို[ဆိုးယုတ်]သူတို့အကြောင်း . . . ပရောဖက်ပြုခဲ့၏။”—ယုဒ ၁၄

ပိုအရေးကြီးသည်မှာ ကျမ်းစာတွင် အခိုင်လုံဆုံးသက်သေတစ်ဦးဖြစ်သူ ယေရှုခရစ်သည် အာဒံနှင့်ဧဝ အမှန်တကယ်အသက်ရှင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။ ကွာရှင်းခြင်းနှင့်စပ်လျဉ်း၍ မေးမြန်းခံရသောအခါ “ဖန်ဆင်းတော်မူစက ‘ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် မိဘကို စွန့်ခွာ၍ ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။’ . . . ထို့ကြောင့် ဘုရားသခင် တွဲဖက်ထားသူတို့ကို မည်သူမျှ မခွဲမခွာစေနှင့်” ဟုယေရှု ပြန်ဖြေသည်။ (မာကု ၁၀:၆-၉) ယေရှုသည် တရားဝင်ဖြစ်လာမည့် လုပ်ထုံးလုပ်နည်းတစ်ခုကို အတည်ပြုပေးရန် ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ကိုးကားပါ့မည်လော။ ကိုးကားမည်မဟုတ်ပေ။ ယေရှုသည် ကမ္ဘာဦးကျမ်းကို မှန်ကန်သောအထောက်အထားအဖြစ် ကိုးကားခဲ့ခြင်းဖြစ်သည်။

ကျမ်းစာအထောက်အထားများကို အကျဉ်းချုပ်ကာ သမ္မာကျမ်းစာအဘိဓာန်သစ်က ဤသို့ဖော်ပြသည်– “ကမ္ဘာဦးကျမ်း၏ အရှေ့ပိုင်းအခန်းကြီးများတွင်ဖော်ပြထားသော မှတ်တမ်းများသည် တိကျမှန်ကန်သော သမိုင်းဝင်ဖြစ်ရပ်များဖြစ်ကြောင်း ဓမ္မသစ်ကျမ်းက အခိုင်အမာဖော်ပြသည်။”

ဆင့်ပွားသက်ရောက်မှု

ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်ရန် အာဒံနှင့်ဧဝကို အမှန်တကယ်အသက်ရှင်ခဲ့သောပုဂ္ဂိုလ်များအဖြစ် ယုံကြည်လက်ခံနေစရာမလိုဟု စိတ်ရင်းမှန်သော ချာ့ခ်ျတက်ရောက်သူများစွာ ယူဆကြသည်။ အသေအချာမဆန်းစစ်ပါက ယင်းသည် မှန်ကန်ပုံပေါက်ပေမည်။ သို့သော် ထိုယူဆချက်အတိုင်း လက်ခံလိုက်ပါက အဘယ်အရာဖြစ်မည်ကို သုံးသပ်ကြည့်ပါ။

ဥပမာ၊ ချာ့ခ်ျတက်ရောက်သူအများစု အလေးအနက်ထားသည့် ကျမ်းစာသွန်သင်ချက်တစ်ခုဖြစ်သော ရွေးနုတ်ဖိုးအကြောင်း သုံးသပ်ကြည့်ပါ။ ထိုသွန်သင်ချက်အရ ယေရှုခရစ်သည် လူသားတို့ကို အပြစ်တရားမှကယ်တင်ရန် မိမိ၏စုံလင်သောအသက်ကို ရွေးနုတ်ဖိုးအဖြစ်စွန့်ခဲ့သည်။ (မဿဲ ၂၀:၂၈; ယောဟန် ၃:၁၆) ရွေးနုတ်ဖိုးဟူသည် ဆုံးရှုံးသွားသည့်အရာတစ်ခုကို ပြန်ရွေးယူရန် သို့မဟုတ် ပြန်ဝယ်ယူရန် ပေးဆောင်ရသည့် ညီမျှသောအဖိုးအခဖြစ်သည်။ ထို့ကြောင့် ကျမ်းစာက ယေရှုကို “ညီမျှသောရွေးနုတ်ဖိုး” ဟုဖော်ပြထားခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၆) သို့သော် အဘယ်အရာနှင့် ညီမျှသနည်းဟု ကျွန်ုပ်တို့တွေးတောမိပေမည်။ “လူအပေါင်းတို့သည် အာဒံကြောင့် သေဆုံးကြရသည့်နည်းတူ လူအပေါင်းတို့သည်လည်း ခရစ်တော်ကြောင့် အသက်ရှင်ကြရလိမ့်မည်” ဟုကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၁၅:၂၂) နာခံမှုရှိသောလူသားများကို ရွေးနုတ်ရန် ယေရှုပေးဆပ်ခဲ့သည့် စုံလင်သောအသက်သည် ဧဒင်တွင်ကျူးလွန်သောအပြစ်ကြောင့် အာဒံဆုံးရှုံးခဲ့ရသည့် စုံလင်သောအသက်နှင့်ညီမျှသည်။ (ရောမ ၅:၁၂) အာဒံသာ အမှန်တကယ်အသက်မရှင်ခဲ့လျှင် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်သည်လည်း လုံးဝအဓိပ္ပာယ်ရှိတော့မည်မဟုတ်သည်မှာ ရှင်းနေပါသည်။

ထို့ကြောင့် အာဒံနှင့်ဧဝအကြောင်းဖော်ပြထားသော ကမ္ဘာဦးကျမ်းမှတ်တမ်းကို ငြင်းပယ်ခြင်း သို့မဟုတ် လျစ်လျူရှုခြင်းတွင် ဆင့်ပွားသက်ရောက်မှုရှိသည်။ ၎င်းမှာ ကျမ်းစာ၏အဓိကသွန်သင်ချက်အားလုံးနီးပါးကို ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။ * ထို့ပြင် ယင်းသည် အဖြေမရှိသောမေးခွန်းများစွာကို ပေါ်ပေါက်စေပြီး အခြေအမြစ်မရှိဘဲ ယုံကြည်လက်ခံနေသည့်သဘော သက်ရောက်သွားစေသည်။—ဟေဗြဲ ၁၁:၁

ဘဝတွင် ရည်ရွယ်ချက်ရှိပါသလော

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ဤအခြေခံကျသောမေးခွန်းကိုပင် ပြန်မေးရတော့သည်– ကမ္ဘာဦးကျမ်းမှတ်တမ်းကို ငြင်းပယ်လိုက်ခြင်းသည် လူ့ဘဝ၏အဓိပ္ပာယ်၊ ရည်ရွယ်ချက်တို့နှင့်ဆိုင်သော လိုအပ်ချက်ကို ဖြည့်ဆည်းပေးပါသလော။ ဆင့်ကဲဝါဒီနှင့်ဘုရားသခင်မဲ့ဝါဒီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ရစ်ချတ်ဒေါ်ကင်၏အမြင်တွင် စကြဝဠာသည် “ပုံစံမရှိ၊ ရည်ရွယ်ချက်မရှိ၊ အကောင်းအဆိုးမရှိ၊ မသိနားမလည်ခြင်းနှင့် သနားကြင်နာမှုမဲ့စွာ ဥပေက္ခာပြုခြင်းမှတစ်ပါး အခြားဘာမျှမရှိ။” လူ့သဘာဝနှင့်လုံးဝဆန့်ကျင်သော စိတ်ပျက်ဖွယ်ရှုမြင်ချက်ပင်။

သမ္မာကျမ်းစာတွင်မူ ဒေါ်ကင်၏ရှုမြင်ချက်နှင့်ဆန့်ကျင်လျက် ဘဝနှင့်ဆိုင်သည့် ဤအရေးကြီးဆုံးမေးခွန်းများ၏ စိတ်ကျေနပ်ဖွယ်အဖြေများ ပါရှိသည်– ကျွန်ုပ်တို့အဘယ်က ရောက်လာကြသနည်း။ ဘဝ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ ကမ္ဘာပေါ်တွင် ဆိုးသွမ်းမှုနှင့် ဆင်းရဲခက်ခဲမှုများ အဘယ်ကြောင့် ဤမျှများပြားနေရသနည်း။ ဆိုးသွမ်းမှုများ တစ်နေ့ အဆုံးတိုင်ပါမည်လော။ ထို့ပြင် အခြားမေးခွန်းများစွာလည်း ရှိပါသေးသည်။ ခရစ်တော်၏ရွေးနုတ်ဖိုးကို ယုံကြည်ခြင်းက ပထမဆုံးလူသားများဖြစ်သော အာဒံနှင့်ဧဝကို ဘုရားသခင်နေရာချပေးခဲ့သည့် ဧဒင်ဥယျာဉ်ကဲ့သို့သော ပရဒိသုအခြေအနေမျိုးတွင် ထာဝစဉ်အသက်ရှင်နိုင်မည့်မျှော်လင့်ချက်ကို ရရှိစေသည်။ (ဆာလံ ၃၇:၂၉; ဗျာ. ၂၁:၃-၅) အလွန်ကောင်းမြတ်လှသည့်မျှော်လင့်ချက်ပင်ဖြစ်သည်။ *

အာဒံနှင့်ဧဝမှတ်တမ်းသည် ဆင့်ကဲသီအိုရီနှင့် မကိုက်ညီသော်လည်း သိပ္ပံပညာဆိုင်ရာတွေ့ရှိချက်နှင့် ကိုက်ညီ၏။ ထို့ပြင် ဘဝ၏ စိတ်ကျေနပ်ဖွယ်အဓိပ္ပာယ်နှင့်ရည်ရွယ်ချက်ကို ဖော်ပြထားသော၊ ဘုရားသခင့်စွမ်းအားတော်၏လမ်းညွှန်မှုဖြင့်ရေးသားထားသော သမ္မာကျမ်းစာပါ အခြားကျမ်းစောင်များနှင့်လည်း လုံးလုံးကိုက်ညီမှုရှိသည်။

ထို့ကြောင့် ကျမ်းစာကို သင်ကိုယ်တိုင် ထပ်မံစစ်ဆေးကြည့်ပါလေ။ ယေဟောဝါသက်သေများသည် သင့်ကိုဝမ်းမြောက်ဝမ်းသာကူညီပေးရန် အဆင်သင့်ရှိကြပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အမေရိကန်နိုင်ငံ၏ ရေတွက်နည်းစနစ်အရ ထိုဂဏန်းများသည် ၇ ဂဏန်း၏နောက်တွင် သုည ၂၇ လုံးပါပြီး ၁၀၀ ၏နောက်တွင် သုည ၁၂ လုံး အသီးသီးပါရှိသည်။

^ အပိုဒ်၊ 8 ပိုမိုသိလိုပါက ယေဟောဝါသက်သေများထုတ်ဝေသည့် သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လောစာအုပ်နှင့် အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] စာအုပ်တွင် ကြည့်ပါ။

^ အပိုဒ်၊ 9 အမှန်မှာ ထိုသိပ္ပံပညာရှင်များသည် အသက်ကို ဖန်ဆင်းနေခြင်းမဟုတ်ပါ။ ယင်းအစား နဂိုရှိပြီးသား သက်ရှိဆဲလ်များမှပစ္စည်းဖြင့် လုပ်ဆောင်ကြခြင်းသာဖြစ်သည်။

^ အပိုဒ်၊ 25 ထိုသွန်သင်ချက်များတွင် ဘုရားသခင်၏အကြွင်းမဲ့ပိုင်သအုပ်စိုးမှု၊ လူသားတို့၏သမာဓိ၊ အကောင်းနှင့်အဆိုး၊ လွတ်လပ်စွာရွေးချယ်ခွင့်၊ လူသေတို့၏အခြေအနေ၊ အိမ်ထောင်ရေး၊ ကတိထားရာမေရှိယ၊ ကမ္ဘာ့ပရဒိသု၊ ဘုရားသခင့်နိုင်ငံတော်နှင့် အခြားအကြောင်းအရာများစွာပါဝင်သည်။

^ အပိုဒ်၊ 28 ထပ်ဆင့်ရှင်းလင်းချက်များကို ယေဟောဝါသက်သေများထုတ်ဝေသော သမ္မာကျမ်းစာအမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်းစာအုပ် အခန်း ၃၊ “ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ အဘယ်နည်း” နှင့်အခန်း ၅၊ “ရွေးနုတ်ဖိုး—ဘုရားသခင်ထံမှ အကြီးမြတ်ဆုံးဆုကျေးဇူး” တွင်ကြည့်ပါ။

[စာမျက်နှာ ၁၄ ပါ အကျဉ်းဖော်ပြချက်]

အာဒံသာ အမှန်တကယ်အသက်မရှင်ခဲ့လျှင် ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်သည်လည်း လုံးဝအဓိပ္ပာယ်ရှိတော့မည်မဟုတ်သည်မှာ ရှင်းနေပါသည်

[စာမျက်နှာ ၁၂၊ ၁၃ ပါရုပ်ပုံ]

အာကာသယာဉ်ကို အသေအချာပုံစံပြုရသည့်နည်းတူ လူ့ခန္ဓာကိုယ်ကိုလည်း အသေအချာပုံစံပြုထားခြင်းဖြစ်

[စာမျက်နှာ ၁၅ ပါရုပ်ပုံ]

ယေရှုသည် အာဒံနှင့်ဧဝ အမှန်တကယ်အသက်ရှင်ခဲ့ကြောင်း အသိအမှတ်ပြုခဲ့