မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်မြင်သော ခရစ်ယာန်သာသနာပြုတစ်ဦး ဖြစ်နိုင်ပုံ

အောင်မြင်သော ခရစ်ယာန်သာသနာပြုတစ်ဦး ဖြစ်နိုင်ပုံ

၁၂၆ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းပွဲ

အောင်မြင်သော ခရစ်ယာန်သာသနာပြုတစ်ဦး ဖြစ်နိုင်ပုံ

စိတ်လှုပ်ရှားနေသော လူအုပ်သည် နယူးယောက်မြို့၊ ပက်တာစန်ရှိ ကင်းမျှော်စင်ပညာပေးဌာနတွင် အထူးဖြစ်ရပ်တစ်ခုအတွက် စုရုံးရောက်ရှိနေကြသည်။ ၂၀၀၉ ခုနှစ်၊ မတ်လ ၁၄ ရက်၊ စနေနေ့သည် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၂၆ ကြိမ်မြောက်သင်တန်းဆင်းပွဲ ကျင်းပသည့်နေ့ဖြစ်သည်။ ကျောင်းဆင်းများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောရန် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ စေလွှတ်ခံရမည်ဖြစ်သည်။—မဿဲ ၂၄:၁၄

ကျောင်းသားများသည် ကျမ်းစာကို ငါးလတိတိ အထူးအာရုံစိုက်လေ့လာခဲ့ကြပြီ။ ထိုလေ့လာမှုသည် သူတို့ကို အောင်မြင်သောခရစ်ယာန်သာသနာပြုများဖြစ်လာရန် အကူအညီပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်သည်။ ကျောင်းသားများသည် အောင်မြင်သောခရစ်ယာန်သာသနာပြုများ ဖြစ်နိုင်ပုံနှင့်ပတ်သက်သည့် ပညာရှိအကြံပြုချက်များကို ထိုကျောင်းဆင်းပွဲနေ့တွင် နောက်ဆုံးအကြိမ် ကြားနာခွင့်ရခြင်းဖြစ်သည်။ ဂိလဒ်ကျောင်းသည် ခရစ်ယာန်သာသနာပြုများကို ၁၉၄၃ ခုနှစ်မှစ၍ လေ့ကျင့်ပေးခဲ့ကြောင်း အစီအစဉ်၏သဘာပတိဖြစ်သူ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် အန်တိုနီမောရစ္စ ပြောပြသည်။ ထိုအချိန်မှစ၍ သင်တန်းဆင်းများသည်ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတွင် အကောင်းဆုံးအကျိုးရလဒ်များ ပေါ်ပေါက်စေလျက်ရှိသည်။

ယေရှု၏တမန်တော်များသည် “ပညာတတ်များမဟုတ်၊ သာမန်လူများ” ဖြစ်သောကြောင့် ကျမ်းတတ်များနှင့်ဖာရိရှဲများက သူတို့ကိုအထင်သေးခဲ့သည်။ သို့သော် တမန်တော်များသည် ယေရှုနှင့်အတူရှိခဲ့ဖူးသောကြောင့် ရဲစွမ်းသတ္တိရှိရှိဟောပြောနိုင်ခြင်းဖြစ်ကြောင်း ထိုဆန့်ကျင်သူတို့ မဖြစ်မနေ အသိအမှတ်ပြုခဲ့ရသည်ဟု ဟောပြောသူက ဖော်ပြသည်။ (တမန်တော် ၄:၁၃) သင်တန်းသားတို့ရရှိသော ထိုလေ့ကျင့်မှုသည် သင်ယူခဲ့ရာများကို ရဲစွမ်းသတ္တိရှိရှိ ဝေမျှပေးနိုင်စွမ်းရှိစေမည်ဖြစ်သည်။ အုပ်ချုပ်ရေးအဖွဲ့၏ စာပေပြုစုရေးကော်မတီကို အကူအညီပေးနေသူ ရောဘတ်စီရန်ကိုက “မျက်နှာမလိုက်ပါနှင့်” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောချက်ပေးသည်။ ကျောင်းသားများသည် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ အလွန်ကွဲပြားခြားနားသည့်လူများကို မကြာမီဆုံတွေ့ရတော့မည်ဖြစ်ကြောင်း သူ အလေးပေးပြောပြသည်။ သို့သော် ကျောင်းသားများသည် ယေဟောဝါ၏သဘောထားကို မွေးမြူပါက သူတို့ကိုဟောပြောရန် ခက်ခဲမည်မဟုတ်ပါ။ ဘုရားသခင်သည် လူတစ်ဦးကို အခြားသူတစ်ဦးထက်ပို၍ မျက်နှာသာပေးခြင်းမရှိပါ။ “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။” (တမန်တော် ၁၀:၃၅) “ဘုရားသခင့်သဘောထားမျိုးကို မွေးမြူပြီး သင့်ခန့်အပ်ခံရပ်ကွက်မှာရှိသူတိုင်းကို ဘုရားသခင်နှစ်သက်လက်ခံဖို့ အလားအလာရှိတယ်လို့ ရှုမြင်ပါ။ ဒီလိုလုပ်ရင် ခရစ်ယာန်သာသနာပြုများအဖြစ် သင်တို့အောင်မြင်မှာသေချာတယ်” ဟုညီအစ်ကိုစီရန်ကိုက အားပေးခဲ့သည်။

“အောင်မြင်မှုရရန် လိုအပ်ချက်များကို သင်တို့ရရှိထား”

အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆမ်မြူအယ်လ်ဟာ့ဒ်က “ကုလားအုတ်ကို ရုပ်ဆိုးတယ်လို့ လူတချို့ထင်ကြတယ်။ ဒါပေမဲ့ ဒီတိရစ္ဆာန်တွေက သဲကန္တာရမှာနေထိုင်ဖို့ အသင့်တော်ဆုံးဖြစ်တယ်” ဟုဆိုကာ ဟောပြောချက်ကိုစတင်ခဲ့သည်။ အလားတူ၊ ခရစ်ယာန်သာသနာပြုအသစ်များလည်း ခန့်အပ်ခံရပ်ကွက်တွင် အောင်မြင်မှုရရန် လိုအပ်ချက်များကို ရရှိထားသည်။ အောက်ပါအချက်ငါးချက်က သူတို့ကို အကူအညီဖြစ်စေမည်။

၁။ ယေဟောဝါကိုချစ်သည့်မေတ္တာ။ (မဿဲ ၂၂:၃၇၊ ၃၈) ကျောင်းသားများသည် ယေဟောဝါ၏အမှုတော်ကိုထမ်းဆောင်မည်ဟူသည့် စိတ်ပိုင်းဖြတ်ချက်ကို တင်ပြခဲ့ကြပြီ။

၂။ ကျမ်းစာအသိပညာကို ဆည်းပူးသိုမှီထားခြင်း။ ကုလားအုတ်တစ်ကောင်သည် အစာကို ၎င်း၏ကျောကုန်းပေါ်ရှိ အဆီဘို့ထဲတွင် သိုလှောင်ထားသည်။ သို့သော် အစာရရှိနေချိန်တွင် အစာမစားဘဲ အရေးကြုံလျှင်သုံးနိုင်ရန် အသင့်သိုလှောင်ထားသည့်အစာကိုသာ အားကိုးမနေတတ်ပါ။ အလားတူ၊ ခရစ်ယာန်သာသနာပြုများသည် ဂိလဒ်ကျောင်းမှသင်ယူခဲ့သော အချက်အလက်များကိုသာ အားကိုးမနေဘဲ ယုံကြည်ခြင်းဆက်လက်ရှင်သန်နေရန် ကျမ်းစာလေ့လာခြင်းဖြင့် မိမိကိုယ်ကိုယ် အမြဲအားဖြည့်ပေးနေသင့်သည်။

၃။ လူသားချင်းကိုချစ်သည့်မေတ္တာ။ (မဿဲ ၂၂:၃၉) ကျောင်းသားများသည် လူသားချင်းအပေါ် ချစ်ခင်မြတ်နိုးစိတ်ရှိကြသည်။

၄။ စေတနာစိတ်။ (ဆာလံ ၁၁၀:၃) ခရစ်ယာန်သာသနာပြုတစ်ဦး အားအင်ကုန်ခန်းသည့်အခါ ယေဟောဝါသည် အစွမ်းသတ္တိနှင့်ပြည့်စုံသောအခွင့်ကို ပေးတော်မူမည်။—ဟေရှာယ ၄၀:၂၉

၅။ လူငယ့်ခွန်အား။ ကုလားအုတ်တစ်ကောင်သည် သဲကန္တာရကို ဖြတ်သန်းစဉ် စီးနင်းလိုက်ပါသူကို ၎င်း၏ကျောကုန်းပေါ်တွင် ထမ်းထားရသည့်နည်းတူ ခရစ်ယာန်သာသနာပြုတစ်ဦးလည်း ယေဟောဝါ၏အမှုတော်ဆောင်ရန် အခက်တွေ့နေသူ ခရစ်ယာန်ချင်းတစ်ဦးကို ကူညီပေးခြင်းဖြင့် “ထမ်း” ထားရပေမည်။ ထိုသို့လုပ်ဆောင်နိုင်ရန် ခွန်အားများစွာစိုက်ထုတ်ရသော်လည်း ခရစ်ယာန်သာသနာပြုများသည် လူငယ့်ခွန်အားကြောင့် လုပ်ဆောင်နိုင်ကြပါသည်။

ကျောင်းဆင်းပွဲ၏နောက်ထပ်ကဏ္ဍများ

အီဂျစ်ဘုရင်ထံ ယာကုပ်ပို့လိုက်သော လက်ဆောင်များတွင် ဗာတံသီးမှာ အကောင်းဆုံးအရာတစ်ခုဖြစ်သည်ဟု ဂိလဒ်သင်တန်းပို့ချသူ မိုက်ကယ်လ်ဘားနက်က ပြောသည်။ (ကမ္ဘာဦး ၄၃:၁၁) ဗာတံသီးသည် သေးငယ်သော်လည်း အာဟာရဓာတ်များစွာပါဝင်သည်။ ကျောင်းသားများသည် သင်တန်းကာလအတွင်း ပုံဆောင်ဗာတံသီးများစွာကို စားသုံးခဲ့ရသည်။ သူတို့ယူဆောင်သွားသင့်သည့် သင်ခန်းစာများတွင် ယေဟောဝါ၏ပြင်ဆင်ပေးရာများနှင့် ရောင့်ရဲတတ်ခြင်း၊ ဝန်းကျင်သစ်ကို ချစ်မြတ်နိုးတတ်ရန် သင်ယူခြင်း၏အရေးကြီးမှုတို့ ပါဝင်သည်။

ဂိလဒ်သင်တန်းပို့ချသူ မာ့ခ်နူမဲရ်ကလည်း ဘုရားသခင့်စကားတော်သည် “ဉာဏ်ပညာအပြည့်ရှိသောအိတ်” နှင့်တူသည်ဟု ရှင်းပြခဲ့သည်။ (ယောဘ ၂၈:၁၈ကဘ) ကျွန်ုပ်တို့သည် ထိုအိတ်ကိုဖွင့်ပြီး အထဲတွင်ရှိသောအရာများကို အသုံးပြုဖို့လိုသည်။ ခရစ်ယာန်သာသနာပြုလုပ်ငန်းသည် ကျောင်းသားများ မျှော်လင့်ထားသလိုမဖြစ်လာပါက တမန်တော်ပေါလုအကြောင်း စဉ်းစားကြည့်နိုင်သည်။ ယေရှု၏တပည့်များက ပေါလုကို နေရင်းမြို့သို့ပို့လိုက်ရာ ထိုတွင် ကိုးနှစ်ကြာနေထိုင်ခဲ့ရသည်။ မိမိသည် “ရွေးကောက်သော တန်ဆာ” အဖြစ် အခြားတစ်နေရာတွင် အမှုဆောင်သင့်သည်ဟု တွေးနေမည့်အစား မည်သည့်နေရာတွင်ရောက်နေပါစေ ကြိုးစားအမှုဆောင်ခဲ့သည်။ (တမန်တော် ၉:၁၅၊ ၂၈-၃၀) ယေဟောဝါ၏ရွေးချယ်မှုများကို လေးစားရန် ခက်ခဲနိုင်သည်။ ထိုသို့လေးစားခဲ့သူနောက်တစ်ဦးမှာ ယောနသန်ဖြစ်၏။ ယောနသန်သည် ဒါဝိဒ်ကို ယေဟောဝါရွေးချယ်ထားသောဘုရင်အဖြစ် အသိအမှတ်ပြုကာ ကျေကျေနပ်နပ်ဖြင့်ထောက်မပေးခဲ့သည်။

“ဘုရားသခင့်ကျေးကျွန်များ ရဲရင့်စွာဟောပြောကြ” ဟူသောအပိုင်းတွင် ကျောင်းသားများသည် သင်တန်းကာလအတွင်း ဟောပြောခြင်းလုပ်ငန်းမှရရှိခဲ့သော တွေ့ကြုံမှုများကို ပြန်လည်သရုပ်ပြကြသည်။ ကျောင်းသားများစွာသည် ကျမ်းစာသင်အံမှုများ စတင်ကျင်းပခဲ့ကြသည်။ “ယေဟောဝါအဖွဲ့အစည်း၏ ပြင်ဆင်ပေးမှု” ဟူသော နောက်ဟောပြောချက်တွင် သက်တမ်းကြာ ခရစ်ယာန်သာသနာပြုသုံးဦးနှင့် လူတွေ့မေးမြန်းခန်းကို တင်ဆက်ထားသည်။ သူတို့တစ်ဦးစီသည်ဘုရားသခင်၏အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်တတ်ရန် လေ့ကျင့်ခံခဲ့ရပုံကို ရှင်းပြကြသည်။

“ပျော်ရွှင်သော ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ပါ”

အုပ်ချုပ်ရေးအဖွဲ့ဝင် နောက်တစ်ဦးဖြစ်သူ ဂဲရစ်တ်လော့ရှ်က “ပျော်ရွှင်သော ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ပါ” ဟူသော အစီအစဉ်၏အဓိကဟောပြောချက်ကို တင်ဆက်သည်။ “ပျော်ရွှင်စရာ” ဟုယူဆရသည့်လုပ်ဆောင်မှုများစွာသည် စစ်မှန်သောပျော်ရွှင်မှုကို မရရှိစေဟု သူပြောသည်။ (သု. ၁၄:၁၃; ဒေ. ၂:၁၀၊ ၁၁) ဘုရားသခင့်အလိုတော်ထမ်းဆောင်ခြင်းသည် အမြဲတမ်းမလွယ်ကူသော်လည်း ထိုသို့ပြုခြင်းမှ စစ်မှန်သောပျော်ရွှင်မှုရရှိသည်။ ဂိလဒ်သင်တန်းသည် ပင်ပန်းစွာကြိုးစားသင်ယူရသောသင်တန်းဖြစ်သော်လည်း ကြီးစွာသောကျေနပ်ရောင့်ရဲမှုရရှိစေခဲ့သည်။

ခရစ်ယာန်စစ်များကို ပျော်ရွှင်စေသည့်အရာများစွာရှိပါသည်။ ပျော်ရွှင်သောဘုရားသခင်ကို သူတို့ကိုးကွယ်ဝတ်ပြုနေကြသည်။ (ဆာလံ ၃၃:၁၂; ၁ တိမောသေ ၁:၁၁) ပုံဆောင်သဘောအရ ပရဒိသုနှင့်တူသောအခြေအနေတွင် သူတို့နေထိုင်နေကြပြီး ကမ္ဘာတစ်ခုလုံးသည် မကြာမီ ပကတိပရဒိသုဖြစ်လာတော့မည်ဟု ကျမ်းစာတွင် ကတိပြုထားသည်။ ဘဝရည်ရွယ်ချက်မှာ ယေဟောဝါ၏အမှုတော်ဆောင်ခြင်းနှင့် ကိုယ်တော်အား ချီးမွမ်းခြင်းဖြစ်ကြောင်း သူတို့သိရှိကြသည်။ ထို့ပြင် ယေဟောဝါနှင့်ယေရှု၏ ချစ်မြတ်နိုးမှုကို သူတို့ခံစားနေရသည်။

“ကျေနပ်ရောင့်ရဲတတ်ရင် ပျော်ရွှင်တဲ့ ခရစ်ယာန်သာသနာပြုတွေဖြစ်လိမ့်မယ်” ဟုဟောပြောသူက ဆက်ပြောသည်။ အခြားသူတို့ကို ချစ်မြတ်နိုးခြင်း၊ သူတို့၏ချစ်မြတ်နိုးမှုကိုခံရခြင်းတို့သည် ပျော်ရွှင်စေသော နောက်အကြောင်းရင်းဖြစ်သည်။ ထို့ကြောင့် အခြားသူတို့၏အမှားများကို အာရုံစိုက်နေမည့်အစား ယင်းတို့ကို ဖုံးအုပ်လိုက်ပါ။ အခြားသူတို့ကို ကောင်းမှုပြုပါ၊ အားနည်းသူတို့ကို ထောက်မပါ၊ တွေ့ကြုံမှုကောင်းများကို ဝေမျှပါ။ (ဆာလံ ၄၁:၁၊ ၂; တမန်တော် ၂၀:၃၅) ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းကလည်း ပျော်ရွှင်စေသည်။—လုကာ ၁၁:၂၈

“ပျော်ရွှင်တဲ့ ခရစ်ယာန်သာသနာပြုတစ်ဦးအဖြစ် ရှေ့ဆက်ပါ။ တော်သင့်ရုံ အပန်းဖြေပြီး ပျော်ရွှင်တဲ့ဘုရားသခင် ယေဟောဝါကို ချီးမွမ်းခြင်းကိုသာ အာရုံစိုက်နေပါ၊ အခြားသူတွေကိုလည်း ပျော်ရွှင်စေပါ” ဟုညီအစ်ကိုလော့ရှ်က နိဂုံးချုပ်သည်။

နိုင်ငံအသီးသီးမှ နှုတ်ခွန်းဆက်စကားများကို ဖတ်ပြပြီးနောက် အန်တိုနီမောရစ္စက ကျောင်းသားများအား ဒီပလိုမာများ ပေးအပ်ခဲ့သည်။ ထို့နောက် ၁၂၆ ကြိမ်မြောက်သင်တန်းကို ကိုယ်စားပြုသူတစ်ဦးက အုပ်ချုပ်ရေးအဖွဲ့ထံ ရေးသောစာကို ဖတ်ပြသည်။ ထိုတွင် ဂိလဒ်ကျောင်းအတွက် ကျောင်းသားများ၏ကျေးဇူးတင်လေးမြတ်မှုကို ဖော်ပြထားသည်။

သဘာပတိက နိဂုံးချုပ်ရာတွင် ခန္ဓာကိုယ်ကို ပေါင်းစည်းပေးသော “အဆစ်များ၊ အရွတ်များ” သည် အားပေးချက်နှင့် လမ်းညွှန်ချက်များပေးရာတွင် “သစ္စာနှင့်သတိပညာရှိကျွန်” အသုံးပြုသည့် နည်းလမ်းများနှင့်အစီအစဉ်များကို ပုံဆောင်သည်ဟုဆိုသည်။ (ကောလောသဲ ၂:၁၈၊ ၁၉; မဿဲ ၂၄:၄၅) ဂိလဒ်ကျောင်းဆင်းများသည် ဘုရားသခင် ခန့်အပ်ထားသည့်ကိုယ်စားလှယ်များနှင့် အပြည့်အဝ ပူးပေါင်းလုပ်ဆောင်ပါက အမှုတော်ကို အကုန်အစင် ပြီးမြောက်စေနိုင်မည်ဖြစ်သည်။—၂ တိမောသေ ၄:၅

[စာမျက်နှာ ၃၀ ပါလေးထောင့်ကွက်]

သင်တန်းဆိုင်ရာအချက်အလက်များ

ကိုယ်စားပြုနိုင်ငံအရေအတွက်– ၆

တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၂၂

ကျောင်းသား/သူအရေအတွက်– ၅၆

စုံတွဲအရေအတွက်– ၂၈

ပျမ်းမျှအသက်– ၃၂.၈

ပျမ်းမျှအမှန်တရားသက်တမ်း– ၁၇.၉

ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၃.၅

တာဝန်ခန့်အပ်ချက်များ

ကျောင်းဆင်းများသည် ဘီနင်၊ ဘိုလီးဗီးယား၊ ဘူလ်ဂေးရီးယား၊ ဘာကီနာဖာဆို၊ ကင်မရွန်း၊ ကော့စ်တာရီကာ၊ ဂါနာ၊ ဂွာတီမာလာ၊ ဟွန်ဒူးရပ်စ်၊ ကင်ညာ၊ လိုင်ဘေးရီးယား၊ မာဒါဂက်စကာ၊ မိုဇမ်ဘစ်၊ နီကာရာဂွာ၊ ပနားမား၊ ပါရာဂွေး၊ ပီရူး၊ ရိုမေးနီးယား၊ စီအဲရာလေယွန်၊ တောင်အာဖရိက၊ တိုဂို၊ ယူဂန္ဓာတို့တွင် တာဝန်ခန့်အပ်ခံရသည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

၁၂၆ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း

အတန်းများကို ရှေ့တန်းမှ နောက်တန်းသို့ ရေတွက်ပြီး အမည်များကို လက်ဝဲမှ လက်ယာဘက်သို့ စီထားသည်။

(1) Kirchhoff, K.; Nichols, C.; Guzmán, Y.; Coil, H.; Becker, O.; De Simone, A. (2) Manzanares, A.; Bouvier, E.; Peddle, J.; Mason, H.; Braz, J. (3) Lee, J.; Forte, A.; Boucher, T.; Marsh, A.; Leighton, S.; Glover, M. (4) Kambach, H.; Jones, T.; Ferreira, A.; Morales, J.; Chicas, S.; Davis, B.; Dormanen, E. (5) Dormanen, B.; Nichols, J.; Pacho, T.; Titmas, L.; Bouvier, E.; Kirchhoff, A. (6) Leighton, G.; Pacho, A.; Van Campen, B.; Manzanares, A.; Rivard, A.; Lee, Y.; Titmas, L. (7) Boucher, M.; Coil, K.; Marsh, C.; Guzmán, J.; Jones, W.; Kambach, J. (8) Glover, A.; Ferreira, G.; Mason, E.; Forte, D.; Davis, N.; Chicas, O.; Rivard, Y. (9) Braz, D.; Van Campen, D.; Morales, A.; De Simone, M.; Becker, M.; Peddle, D.