မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော

စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော

စာရှုသူများအမေး

စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးလော

မှန်ပါသည်၊ စာတန်သည် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း သမ္မာကျမ်းစာက သွန်သင်သည်။ သို့သော် ကျမ်းစာဝေဖန်ရေးသမားများက ယင်းအဆိုကို သရော်ပြောင်လှောင်ကြသည်။ စာတန်သည် လူတို့တွင်ရှိသော ယုတ်ညံ့သည့်စိတ်ထားမျှသာဖြစ်သည်ဟု သူတို့ဆိုကြသည်။

စာတန် မည်သူမည်ဝါဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ လူတို့ ရှုပ်ထွေးနေသည်ကို ကျွန်ုပ်တို့ အံ့သြသင့်ပါသလော။ မအံ့သြသင့်ပါ။ ဥပမာ၊ ရာဇဝတ်ကောင်တစ်ဦးသည် မိမိမည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားရန်၊ တရားဥပဒေနှင့်မညီသောလုပ်ရပ်ကို ခြေရာခံ၍မရတော့စေရန် အခင်းဖြစ်ပွားရာနေရာမှ လက်ဗွေရာများကို ဖျက်ပစ်ပေမည်။ အလားတူ၊ စာတန်သည် ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ဖြစ်စေရန် နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ရသည်ကို အားရကျေနပ်နေသည့် ရာဇဝတ်ကောင်ဖြစ်သည်။ စာတန်သည် လူ့ရေးရာများ၏ ယုတ်ညံ့သောအခြေအနေအတွက် တာဝန်ရှိသူဖြစ်သည်ဟု ယေရှု ရှင်းလင်းစွာဖော်ပြခဲ့သည်။ ယေရှုက စာတန်သည် “ဤလောကကို အစိုးရသောမင်း” ဖြစ်သည်ဟု ဆိုခဲ့သည်။—ယောဟန် ၁၂:၃၁

စာတန် အဘယ်ကဖြစ်လာသနည်း။ မူလက စာတန်သည် ကောင်းကင်တွင် စုံလင်သောဝိညာဉ်သတ္တဝါတစ်ပါးအဖြစ် ဖန်ဆင်းခံခဲ့ရသည်။ ထိုပုန်ကန်သောကောင်းကင်တမန်သည် ဘုရားသခင်ကို လူတို့ဝတ်ပြုမည့်အစား မိမိကို ဝတ်ပြုစေလိုသောစိတ် အလွန်ပြင်းထန်လာသည့်အခါ မိမိကိုယ်ကို စာတန်ဖြစ်စေခဲ့သည်။ စာတန်နှင့်ယေရှုသည် မြေကြီးပေါ်တွင် စကားအပြန်အလှန်ပြောဆိုခဲ့ကြောင်း သမ္မာကျမ်းစာ၌ မှတ်တမ်းတင်ထားပြီး ထိုစကားပြောခန်းတွင် စာတန်၏ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်ကို တွေ့ရသည်။ စာတန်က မိမိကို “တစ်ကြိမ်သာ ပျပ်ဝပ်၍ ကိုးကွယ်” ရန် ယေရှုကို တောင်းဆိုသည်။—မဿဲ ၄:၈၊ ၉

အလားတူ၊ ယောဘကျမ်းတွင် မှတ်တမ်းတင်ထားသည့်အတိုင်း စာတန်သည် ဘုရားသခင်နှင့် စကားအပြန်အလှန်ပြောဆိုစဉ် သူ၏ရည်ရွယ်ချက်များကို ထုတ်ဖော်ခဲ့သည်။ ဘုရားသခင်ကို လူတို့စွန့်ခွာသွားရန် မည်သည့်အရာကိုမဆို သူလုပ်ဆောင်ပေမည်။—ယောဘ ၁:၁၃-၁၉; ၂:၇၊ ၈

ဤအချက်ကို သုံးသပ်ကြည့်ပါ– စာတန်သည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်ကို စကားပြောခဲ့သည်ဆိုလျှင် လူတို့တွင်ရှိသော ယုတ်ညံ့သည့်စိတ်ထားမျှသာဖြစ်သည်ဟု ဆိုနိုင်ပါမည်လော။ ဘုရားသခင် သို့မဟုတ် ကိုယ်တော့်သားတော်တွင် ယုတ်ညံ့မှု စိုးစဉ်းမျှမရှိပါ။ ထို့ကြောင့် စာတန်သည် ယေဟောဝါ သို့မဟုတ် ယေရှုကို ရိုသေလေးစားမှုမရှိသော ဆိုးသွမ်းသည့် ဝိညာဉ်သတ္တဝါ၊ တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ရှင်းနေပါသည်။

လူ့ရေးရာများ၏ ယိုယွင်းဖောက်ပြန်သော အခြေအနေက စာတန် အမှန်တကယ်တည်ရှိသည်ဟူသော သက်သေပင်ဖြစ်သည်။ ပြည်သူများ ဆာလောင်ငတ်မွတ်နေချိန်တွင် ဤလောကရှိတိုင်းနိုင်ငံများသည် ပိုလျှံနေသောအစားအစာများကို အလဟဿဖြစ်စေကြသည်။ တိုင်းနိုင်ငံများသည် အပြန်အလှန်ချေမှုန်းသုတ်သင်ရန် လူအစုံလိုက်အပြုံလိုက်သေစေမည့် လက်နက်များကို သိုလှောင်ထားကြသည်။ သူတို့သည် ကမ္ဘာ့ပတ်ဝန်းကျင်ကို ညစ်ညမ်းစေကြသည်။ သို့သော် လူအများစုသည် မုန်းတီးမှုနှင့်ပြည့်နေသော၊ မိမိကိုယ်ကိုဖျက်ဆီးနေသော အမူအကျင့်၏ နောက်ကွယ်ရှိပုဂ္ဂိုလ်ကို မသိကြပေ။ အဘယ်ကြောင့်နည်း။

စာတန်သည် “မယုံကြည်သူတို့၏ ဉာဏ်မျက်စိကို ကွယ်စေ၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။ (၂ ကောရိန္သု ၄:၄) စာတန်သည် လူသားတို့ကို ကြိုးကိုင်ခြယ်လှယ်ရန် မျက်စိဖြင့်မမြင်နိုင်သော အဖွဲ့အစည်းတစ်ခုကို အသုံးပြုသည်။ သူသည် “နတ်ဆိုးမင်း” ဖြစ်၏။ (မဿဲ ၁၂:၂၄) အဖွဲ့သားများအားလုံးကို မတွေ့မမြင်စေဘဲ နောက်ကွယ်မှနေ၍ စီမံကိုင်တွယ်နိုင်သော ရာဇဝတ်ဂိုဏ်းချုပ်ကြီးကဲ့သို့ပင် စာတန်သည် မိမိ၏လုပ်ဆောင်မှု သို့မဟုတ် လွှမ်းမိုးမှုကို သတိမပြုမိသည့် လူများစွာအား ထိန်းချုပ်ရန် စဉ်းလဲဉာဏ်များပြီး ဆိုးသွမ်းသော ကောင်းကင်တမန်အဖွဲ့အစည်းကို အသုံးပြုသည်။

သမ္မာကျမ်းစာက စာတန်၏အခြေအနေမှန်နှင့် ၎င်း၏အဖွဲ့အစည်းကို ဖော်ထုတ်ပြသည့်အတွက် ကျွန်ုပ်တို့ အလွန်ကျေးဇူးတင်ကြပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စာတန်၏သြဇာလွှမ်းမိုးမှုကို တွန်းလှန်နိုင်ကြသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေး၏– ‘ဘုရားသခင်ကို လက်အောက်ခံကြလော့။ စာတန်ကိုမူ ခုခံတွန်းလှန်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်သွားလိမ့်မည်။’—ယာကုပ် ၄:၇