ကမ္ဘာချီပြဿနာကို ကမ္ဘာချီဖြေရှင်း
ကမ္ဘာချီပြဿနာကို ကမ္ဘာချီဖြေရှင်း
ဆင်းရဲခက်ခဲမှုများကို နေရာတကာ တွေ့နေရပြီး ဆင်းရဲခက်ခဲနေသူများကို ထောက်ထားစာနာစွာ ကူညီပေးသူများလည်း များစွာရှိကြသည်။ ဥပမာ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများသည် ဖျားနာနေသူများ သို့မဟုတ် ထိခိုက်ဒဏ်ရာရသူများကို ကူညီပေးရန် ဆေးရုံတွင် မပြတ်တမ်း အလုပ်လုပ်နေကြသည်။ မီးသတ်သမားများ၊ ရဲများ၊ ဥပဒေပြဋ္ဌာန်းသူများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများသည် အခြားသူများ ခံစားနေရသော ဆင်းရဲခက်ခဲမှုများကို သက်သာစေရန် သို့မဟုတ် တားဆီးပေးရန် ကြိုးစားကြသည်။ ထိုသို့သောကြိုးပမ်းမှုများသည် လူတို့ကို အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်သည်၊ သို့တိုင် မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမျှ ဆင်းရဲခက်ခဲမှုများကို ကမ္ဘာချီအတိုင်းအတာဖြင့် ဖယ်ရှားပေးရန် မဖြစ်နိုင်ချေ။ သို့သော် ဘုရားသခင်သည် ကမ္ဘာချီအတိုင်းအတာဖြင့် ဖြေရှင်းပေးနိုင်သည့်အပြင် ဖြေလည်းဖြေရှင်းပေးပါလိမ့်မည်။
သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်တွင် ဤသို့အာမခံထားသည်– “[ဘုရားသခင်] သည်သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်း ရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” (ဗျာ. ၂၁:၄) ထိုကတိတော်သည် မည်မျှအထိတာသွားမည်ကို သုံးသပ်ကြည့်ပါ။ ဆင်းရဲခက်ခဲမှုအားလုံးကို အဆုံးတိုင်စေမည်ဟူသော ဘုရားသခင်၏ရည်ရွယ်တော်မူချက်ကို ထိုကျမ်းချက်က လိုရင်းတိုရှင်းဖော်ပြသည်။ ကိုယ်တော်သည် ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသော စစ်မှု၊ အစာငတ်မွတ်မှု၊ ဖျားနာမှုနှင့် တရားမမျှတမှုတို့ကို လူဆိုးအားလုံးနှင့်အတူ ဖယ်ရှားခြင်းအားဖြင့် မိမိ၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တော်မူမည်။ မည်သည့်လူသားကမျှ ထိုသို့ မလုပ်ဆောင်နိုင်ပါ။
ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမည့်အရာများ
ဘုရားသခင်သည် စကြဝဠာတွင် ဒုတိယမြောက် တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်၊ ရှင်ပြန်ထမြောက်ပြီးဖြစ်သော ယေရှုခရစ်အားဖြင့် မိမိ၏ကတိတော်များကို ပြည့်စုံစေပါလိမ့်မည်။ ပြိုင်ဘက်ကင်းဘုရင်တစ်ပါးအနေဖြင့် ကမ္ဘာတစ်ခုလုံးကို ယေရှုအုပ်ချုပ်စဉ် ထိုသို့ဖြစ်လာမည်။ လူ့အုပ်စိုးရှင်များက အုပ်ချုပ်တော့မည်မဟုတ်။ ၎င်းအစား ဘုရင်တစ်ပါးတည်း၊ အစိုးရတစ်ခုတည်းက အုပ်ချုပ်ပါလိမ့်မည်။ ယင်းမှာ ဘုရားသခင့်နိုင်ငံတော်ပင် ဖြစ်သည်။
ထိုဘုရားသခင့်နိုင်ငံတော်သည် လူ့အုပ်ချုပ်မှုမှန်သမျှကို ဖယ်ရှားပစ်မည်။ သမ္မာကျမ်းစာတွင် ရှေးနှစ်ပေါင်းများစွာကပင် ဤသို့ကြိုဟောထား၏– “ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကို . . . ကောင်းကင်ဘုံရှင် ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။” (ဒံယေလ ၂:၄၄၊ ၄၅) မြေကြီးတစ်ပြင်လုံးရှိ လူသားများသည် ဖြောင့်မတ်သော ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် စည်းလုံးညီညွတ်ကြလိမ့်မည်။
ယေရှုသည် မြေကြီးပေါ်ရှိစဉ် ဘုရားသခင့်နိုင်ငံတော်အကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့သည်။ ကိုယ်တော်သည် စံပြဆုတောင်းချက်တွင် ဘုရားသခင့်နိုင်ငံတော်ကို ရည်ညွှန်းကာ မိမိ၏တပည့်များကို ဤသို့ဆုတောင်းရန် မဿဲ ၆:၁၀) ယေရှုသည် ဘုရားသခင့်နိုင်ငံတော်ကို ကမ္ဘာမြေနှင့်ပတ်သက်သော ဘုရားသခင့်အလိုတော်နှင့် ဆက်စပ်ဖော်ပြထားကြောင်း သတိပြုပါ။ ဘုရားသခင့်အလိုတော်မှာ ဆင်းရဲခက်ခဲမှုများကို မြေတစ်ပြင်လုံးမှ ဖယ်ရှားပစ်ရန် ဖြစ်သည်။
သွန်သင်ပေးခဲ့သည်– “နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (ဘုရားသခင်၏ ဖြောင့်မတ်သောအုပ်ချုပ်မှုသည် မည်သည့်လူ့အုပ်ချုပ်မှုကမျှ မလုပ်ဆောင်နိုင်ခဲ့သော ကောင်းကျိုးများကို ရရှိစေမည်။ ယေဟောဝါဘုရားသခင်သည် လူတို့ ထာဝရအသက်ရရှိစေရန် မိမိ၏သားတော်ကို ရွေးနုတ်ဖိုးအဖြစ် ပေးခဲ့ကြောင်း သတိရပါ။ လူတို့သည် အံ့ချီးဖွယ် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် တဖြည်းဖြည်း စုံလင်လာကြမည်။ ရလဒ်ကား အဘယ်နည်း။ ယေဟောဝါဘုရားသခင်သည် ‘သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ ကိုယ်တော်သည် ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကို သုတ်တော်မူလိမ့်မည်။’—ဟေရှာယ ၂၅:၈။
‘ဘုရားသခင်က ဘာကြောင့် အရင်ကတည်းက အဲဒီလိုမလုပ်ခဲ့တာလဲ။ ဘာဖြစ်လို့ အချိန်ဆွဲနေတာလဲ’ ဟု အချို့က မေးကြပေမည်။ ယေဟောဝါဘုရားသခင်သည် ဆင်းရဲခက်ခဲမှုအားလုံးကို ရှေးကတည်းက ဖယ်ရှားနိုင်ခဲ့သည် သို့မဟုတ် တားဆီးနိုင်ခဲ့သည်။ သို့သော် ဆင်းရဲခက်ခဲမှုများ ဆက်ရှိနေရန် ကိုယ်တော် ခွင့်ပြုခဲ့ခြင်းမှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ မြေကြီးပေါ်ရှိ မိမိသားသမီးများ၏ ထာဝရကောင်းကျိုးအတွက်ဖြစ်သည်။ အခက်အခဲများသည် သားသမီးများအတွက် ရေရှည်အကျိုးရှိမည်ဟု မေတ္တာရှိသောမိဘများ သိမြင်လျှင် သူတို့ကို အခက်အခဲများ ကြုံတွေ့ခွင့်ပြုပါလိမ့်မည်။ အလားတူ၊ လူသားတို့ကို ဆင်းရဲခက်ခဲမှုများ အခိုက်အတန့် ကြုံတွေ့စေရန် ယေဟောဝါဘုရားသခင် ခွင့်ပြုရသည့်အကြောင်းကောင်းများရှိပြီး ယင်းတို့ကို သမ္မာကျမ်းစာတွင် ရှင်းပြထားသည်။ ထိုအကြောင်းရင်းများတွင် လွတ်လပ်စွာရွေးချယ်ခွင့်၊ အပြစ်၊ ယေဟောဝါဘုရားသခင်၏ ပိုင်သအုပ်စိုးခွင့်နှင့်ဆိုင်သော အရေးကိစ္စတို့ပါဝင်သည်။ ထို့ပြင် ဤလောကကို အခိုက်အတန့် အုပ်ချုပ်ရန် ဆိုးညစ်သော ဝိညာဉ်သတ္တဝါတစ်ပါးကို ခွင့်ပြုထားကြောင်း သမ္မာကျမ်းစာတွင် ရှင်းပြထားသည်။ a
ထိုအကြောင်းရင်းအားလုံးကို စာမျက်နှာအနည်းငယ်တွင် ရှင်းလင်းဖော်ပြရန် မဖြစ်နိုင်ချေ။ သို့သော် ဤတွင် အချက်နှစ်ချက်ကို ဖော်ပြနိုင်ပါသည်။ ယင်းတို့သည် ကျွန်ုပ်တို့အတွက် မျှော်လင့်ချက်နှင့် အားပေးမှုဖြစ်စေနိုင်ပါသည်။ ပထမ၊ ကျွန်ုပ်တို့သည် ဆင်းရဲခက်ခဲမှုများကို မည်မျှပင် ကြုံတွေ့ရပါစေ၊ ယင်းတို့ထက် သာလွန်သော ကောင်းချီးများကို ယေဟောဝါဘုရားသခင် ပေးတော်မူမည်။ ထို့ပြင် “အရင်ဖြစ်ဖူးသော အရာများကို သတိမရ။ မှတ်မိတော့မည်မဟုတ်” ဟု ဘုရားသခင် အာမခံတော်မူသည်။ (ဟေရှာယ ၆၅:၁၇၊ သမ္မာ) ဘုရားသခင်သည် ဆိုးယုတ်မှုကို အခိုက်အတန့် ခွင့်ပြုခြင်းကြောင့်ဖြစ်ပေါ်လာသော စိတ်ဆင်းရဲစရာများနှင့် ဆင်းရဲခက်ခဲမှုများကို ထာဝစဉ်အပြီးသတ် ဖြေရှင်းပေးပါလိမ့်မည်။
ဒုတိယ၊ ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုများ အဆုံးတိုင်မည့်အချိန်ကို အတိအကျသတ်မှတ်ထားပြီးသားဖြစ်သည်။ အကြမ်းဖက်မှုနှင့် ပဋိပက္ခတို့ကို ဘုရားသခင် မည်မျှကြာကြာ ခွင့်ပြုမည်နည်းဟု ပရောဖက်ဟဗက္ကုတ် မေးခဲ့ကြောင်း သတိရပါ။ ‘ထိုအဆင်းအာရုံသည် ချိန်းချက်သောအချိန်နှင့်ဆိုင်၏။ နောက်မကျဘဲ ရောက်လာလိမ့်မည်’ ဟု ယေဟောဝါဘုရားသခင် ဖြေဆိုခဲ့သည်။ (ဟဗက္ကုတ် ၂:၃) ထို “ချိန်းချက်သောအချိန်” နီးကပ်နေပြီဖြစ်ကြောင်း နောက်ဆောင်းပါးတွင် ဖော်ပြထားသည်။
[အောက်ခြေမှတ်ချက်]
a ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် ခွင့်ပြုရသည့် အကြောင်းရင်းများနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးချက်ကို ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်၏ အခန်း ၁၁ တွင်ကြည့်ပါ။
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]
တောက်ပသော အနာဂတ်ရှိကြောင်းဖော်ပြသည့် ကျမ်းချက်များ
စစ်မှုများမရှိတော့–
‘ထာဝရဘုရားသခင် စီရင်ပြုပြင်၍ မြေကြီးပေါ်မှာ သုတ်သင်ပယ်ရှင်းခြင်းအမှုတော်များကို လာ၍ကြည့်ရှုကြလော့။ မြေကြီးစွန်းတိုင်အောင် စစ်မှုကိုငြိမ်းစေတော်မူ၏။’—ဆာလံ ၄၆:၈၊ ၉။
ချစ်မြတ်နိုးရသူများ ရှင်ပြန်ထမြောက်လာမည်–
“ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့သည် ရှင်ပြန်ထမြောက် ကြလိမ့်မည်။”—တမန်တော် ၂၄:၁၅။
အစားအစာပေါများမည်–
“ပြည်တော် [မြေကြီး] ၌များစွာသောစပါးရှိ၍ အသီးအနှံသည် . . . တောင်ထိပ်ပေါ်မှာ လှုပ်ရှားလိမ့်မည်။”—ဆာလံ ၇၂:၁၆။
ဖျားနာမှုများ မရှိတော့–
“မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။”—ဟေရှာယ ၃၃:၂၄။
လူဆိုးများ ဖျက်ဆီးခံရမည်–
“ဆိုးသောသူတို့မူကား ပြည်တော် [မြေကြီး] မှပယ်ရှားခြင်း၊ သစ္စာဖျက်သောသူတို့လည်း နှုတ်ပစ်ခြင်းကိုခံရကြလိမ့်မည်။”—သု. ၂:၂၂၊ သမ္မာ။
တရားမျှတမှု လွှမ်းမိုးမည်–
“ကြည့်လော့။ ဖြောင့်မတ်စွာစိုးစံသော ဘုရင်တစ်ပါး [ခရစ်တော်ယေရှု] ပေါ်ထွန်းတော်မူလိမ့်မည်။ မှူးမတ်တို့သည်လည်း တရားသဖြင့်အုပ်စိုး စီရင်လိမ့်မည်။”—ဟေရှာယ ၃၂:၁၊ သမ္မာ။
[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]
ဘုရားသခင့်နိုင်ငံတော်သည် ကျွန်ုပ်တို့ခံစားရသော ဆင်းရဲခက်ခဲမှုမှန်သမျှကို ပပျောက်စေမည်