မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် အမှန်တကယ် ဂရုစိုက်—ကျွန်ုပ်တို့ မည်သို့သိရှိနိုင်

ဘုရားသခင် အမှန်တကယ် ဂရုစိုက်—ကျွန်ုပ်တို့ မည်သို့သိရှိနိုင်

ဘုရားသခင် အမှန်တကယ် ဂရုစိုက်—ကျွန်ုပ်တို့ မည်သို့သိရှိနိုင်

ဘုရားသခင်သည် လူသားတို့ကို ချစ်မြတ်နိုးသည်ဆိုလျှင် ဆင်းရဲခက်ခဲမှုများ အဘယ်ကြောင့် ဤမျှများပြားနေရသနည်း။ အရေးကြီးသော ထိုမေးခွန်းကို လူတို့အလေးအနက် သုံးသပ်လာခဲ့သည်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ ကြာမြင့်လေပြီ။ သင်သည် တစ်ဦးတစ်ယောက်ကို ချစ်မြတ်နိုးပါက ထိုသူကို ဆင်းရဲဝေဒနာခံစားစေလိုမည်မဟုတ်ကြောင်း၊ သူ အခက်အခဲကြုံနေရပါက ကူညီပေးလိုမည်ဖြစ်ကြောင်း သဘောတူပေမည်။ သို့ဆိုလျှင် ကမ္ဘာပေါ်တွင် ဆင်းရဲခက်ခဲမှုများ ဤမျှများပြားနေသည့်အတွက် ကျွန်ုပ်တို့ကို ဘုရားသခင်ဂရုစိုက်သည်ဟုဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း လူအများ ယူမှတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်တကယ် ချစ်မြတ်နိုးကာ ဂရုစိုက်သည်ဟူသော သက်သေအထောက်အထားများကို ဦးစွာသုံးသပ်ကြည့်ရန် အရေးကြီးသည်။

ဖန်ဆင်းရာများက ဘုရားသခင့်မေတ္တာကို သက်သေထူ

ယေဟောဝါဘုရားသခင်သည် “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်များ၌ရှိသမျှကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။” (တမန်တော် ၄:၂၄) ကိုယ်တော်ဖန်ဆင်းထားရာများကို စေ့စေ့စဉ်းစားကြည့်သောအခါ ကျွန်ုပ်တို့ကို ကိုယ်တော် ဂရုစိုက်ကြောင်း မလွဲမသွေ ကောက်ချက်ချရပါလိမ့်မည်။ ဥပမာ၊ သင့်ကို ပျော်ရွှင်ကြည်နူးစေသောအရာများအကြောင်း သုံးသပ်ကြည့်ပါ။ အစားအစာကောင်းများကို သင်နှစ်သက်သလော။ ကျွန်ုပ်တို့ အသက်ဆက်ရှင်သန်နိုင်ရန် အစားအစာတစ်မျိုးတည်းကိုသာ ကိုယ်တော် ဖန်ဆင်းပေးခဲ့လျှင်လည်း ရပါသည်။ သို့သော် ကျွန်ုပ်တို့ ခံတွင်းတွေ့စေရန် အစားအစာများကို မျိုးပေါင်းစုံလင်စွာ အလျှံပယ်ဖန်ဆင်းပေးထားသည်။ အလားတူ ယေဟောဝါဘုရားသခင်သည် လူသားတို့အတွက် ပျော်စရာများနှင့် စိတ်ဝင်စားစရာများ ပြည့်နေစေရန် သစ်ပင်ပန်းမန်များနှင့် သဘာ၀ရှုခင်းများဖြင့် ကမ္ဘာမြေကို အံ့ဖွယ်ကောင်းစွာ အလှဆင်ထားပေးသည်။

ကျွန်ုပ်တို့အား ဖန်ဆင်းထားပုံကိုလည်း သုံးသပ်ကြည့်ပါ။ ဟာသဉာဏ်ရှိခြင်း၊ တေးဂီတကို ခံစားတတ်ခြင်း၊ အလှအပကို မြတ်နိုးတတ်ခြင်းစသည်တို့သည် အသက်ဆက်ရှင်သန်ရန် မရှိမဖြစ်လိုအပ်ရာများ မဟုတ်ပါ။ ယင်းတို့သည် ဘ၀ကို ပိုပြည့်စုံစေရန် ဘုရားသခင်ပေးသော ဆုလက်ဆောင်များသာဖြစ်သည်။ အခြားသူများနှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုလည်း စဉ်းစားကြည့်ပါ။ မိတ်ဆွေကောင်းများ၏ နွေးထွေးသော ပေါင်းသင်းမှု သို့မဟုတ် ချစ်မြတ်နိုးရသူ၏ ပွေ့ဖက်မှုကို လူတိုင်း နှစ်သက်ကြသည်။ အကြောင်းမှာ ချစ်တတ်သောစိတ်သည် မေတ္တာရှင်ဘုရားသခင်ထံမှ လက်ဆောင်တစ်ခုဖြစ်နေသောကြောင့်ပင်။ ဘုရားသခင်သည် လူသားတို့ကို ချစ်တတ်သောစိတ် ထည့်သွင်းဖန်ဆင်းခဲ့သောကြောင့် ထိုစိတ်သည် ကိုယ်တော်၏ဂုဏ်ရည်တော်များအနက် တစ်ခုပင်ဖြစ်ရမည်။

ကျွန်ုပ်တို့ကို ဘုရားသခင်ချစ်ကြောင်း သမ္မာကျမ်းစာက အာမခံ

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဟု ကျမ်းစာကဆိုသည်။ (၁ ယောဟန် ၄:၈) ဘုရားသခင့်မေတ္တာတော်သည် ကိုယ်တော်၏ဖန်ဆင်းရာများတွင်သာမက သမ္မာကျမ်းစာတွင်လည်း ပေါ်လွင်ထင်ရှားသည်။ ဥပမာ၊ ကျန်းမာရေးအတွက် လမ်းညွှန်ချက်များ၊ အရာရာတွင် အစွန်းမရောက်ဘဲ မျှတမှုရှိရန်ဟူသော အားပေးချက်များ၊ သောက်ကြူးခြင်းနှင့်စားကြူးခြင်းတို့ကို ရှောင်ရှားရန်ဟူသော သတိပေးချက်များကို ကျမ်းစာတွင် ဖော်ပြထားသည်။—၁ ကောရိန္သု ၆:၉၊ ၁၀

လူလူချင်းပေါင်းသင်းဆက်ဆံရေးနှင့်ပတ်သက်၍ ကျမ်းစာတွင် ပညာရှိအကြံပြုချက်များပေးထားပြီး အချင်းချင်း မေတ္တာထားကြရန်နှင့် အခြားသူများကို လေးစားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ကြင်နာစွာဆက်ဆံကြရန် အားပေးထားသည်။ (မဿဲ ၇:၁၂) ဆင်းရဲခက်ခဲမှုများကို ဖြစ်ပေါ်စေသော အမူအကျင့်များနှင့် စိတ်သဘောထားများဖြစ်သည့် လိုဘကြီးခြင်း၊ အတင်းအဖျင်းပြောခြင်း၊ မနာလိုဖြစ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းနှင့် လူ့အသက်သတ်ခြင်းစသည်တို့ကို ကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။ ကျမ်းစာတွင်ဖော်ပြထားသော အကြံပြုချက်ကောင်းများကို လိုက်နာရန် လူတိုင်းကြိုးစားမည်ဆိုလျှင် ဤကမ္ဘာပေါ်တွင် ဆင်းရဲခက်ခဲမှု များစွာလျော့နည်းသွားမည်မှာ သေချာ၏။

ဘုရားသခင့်မေတ္တာတော်၏ အကြီးမားဆုံးပေါ်လွင်မှုမှာ လူသားတို့ကိုရွေးနုတ်ရန် သားတော်ယေရှုကို ပေးဆပ်ခြင်းဖြစ်သည်။ ယောဟန် ၃:၁၆ တွင် ဤသို့ဖော်ပြထားသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” ထို့ကြောင့် ယေဟောဝါဘုရားသခင်သည် သေခြင်းနှင့်ဆင်းရဲခက်ခဲမှုမှန်သမျှကို ထာ၀စဉ်အဆုံးတိုင်စေရန် စီစဉ်တော်မူပြီးဖြစ်သည်။—၁ ယောဟန် ၃:၈

ကျွန်ုပ်တို့ကို ယေဟောဝါဘုရားသခင်ချစ်သည်ဟူသော အထောက်အထားများစွာရှိကြောင်း ရှင်းနေပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ဆင်းရဲခက်ခဲနေသည်ကို ဘုရားသခင် မမြင်လိုဟုဆိုခြင်းမှာ ဆင်ခြင်တုံတရားနှင့်ညီပါသည်။ ကိုယ်တော်သည် ဆင်းရဲခက်ခဲမှုများကို အမှန်ပင် အဆုံးတိုင်စေတော်မူမည်။ ယင်းနှင့်ပတ်သက်၍လည်း ကျွန်ုပ်တို့ မှန်းဆနေဖို့ မလိုချေ၊ ဆင်းရဲခက်ခဲမှုများကို ဘုရားသခင် မည်သို့အဆုံးတိုင်စေမည်ဖြစ်ကြောင်း ကျမ်းစာတွင် တိကျစွာဖော်ပြထား၍ဖြစ်သည်။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ချစ်တတ်သောစိတ်သည် မေတ္တာရှင် ဘုရားသခင်ထံမှ လက်ဆောင်တစ်ခုဖြစ်