မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဟေရုဒ်မင်းလက်ထက်”

“ဟေရုဒ်မင်းလက်ထက်”

“ဟေရုဒ်မင်းလက်ထက်”

ယုဒနယ်၏ဘုရင်၊ ဟေရုဒ်မင်းသည် နို့စို့သူငယ်ယေရှုကို သတ်နိုင်ရန် တမန်များစေလွှတ်ကာ ဘက်သလီဟင်မြို့ရှိ သားယောက်ျားကလေးရှိသမျှကို သတ်ရန် အမိန့်ထုတ်ခဲ့သည်။ “ဟေရုဒ်မင်းလက်ထက်” မှဖြစ်ရပ်များနှင့် ယေရှုဘဝ၊ ဓမ္မအမှုတို့နှင့်သက်ဆိုင်သည့် နောက်ခံအခြေအနေများကို နားလည်စေသော ဖြစ်ရပ်များစွာကို သမိုင်းတွင် မှတ်တမ်းတင်ထားသည်။—မဿဲ ၂:၁-၁၆

ဟေရုဒ်သည် ယေရှုကို အဘယ်ကြောင့် သတ်လိုခဲ့သနည်း။ ယေရှုမွေးဖွားချိန်တွင် ဂျူးဘုရင်တစ်ပါးက အုပ်ချုပ်သော်လည်း ကိုယ်တော်သေဆုံးချိန်တွင်မူ အဘယ်ကြောင့် ရောမဘုရင်ခံ ပုန္တိပိလတ်မင်းက အုပ်ချုပ်နေရသနည်း။ သမိုင်းတွင် ဟေရုဒ်၏အခန်းကဏ္ဍနှင့် သူ၏အရေးပါမှုကို ကျမ်းစာဖတ်ရှုသူများ အပြည့်အဝနားလည်ရန် ယေရှုမမွေးဖွားမီ ဆယ်စုနှစ်အနည်းငယ်ကို ပြန်ပြောင်းလေ့လာဖို့ လိုသည်။

ယုဒနယ်တွင် အာဏာလုပွဲများ

ဘီစီ ဒုတိယရာစု၏ အစောပိုင်းရာစုဝက်အတွင်းတွင် ယုဒနယ်ကို ဆီးရီးယားပြည်မှ ဆီလူးဆဒ်မင်းဆက်များက အုပ်ချုပ်သည်၊ ထိုမင်းဆက်များသည် မဟာအလက်ဇန္ဒား၏အင်ပါယာ ပြိုကွဲသွားပြီးနောက် ထွက်ပေါ်လာသော မင်းဆက်လေးခုအနက် တစ်ခုဖြစ်သည်။ ဘီစီ ၁၆၈ ခန့်၌ ဆီလူးဆဒ်မင်းသည် ဂျေရုဆလင်မြို့ရှိ ယေဟောဝါဘုရားသခင်၏ ဝတ်ပြုရာအိမ်တော်တွင် ဇုသနတ်ဘုရားကိုးကွယ်မှုကို အစားထိုးရန် ကြိုးပမ်းခဲ့သောကြောင့် မက္ကဘီးတို့ဦးဆောင်သော ဂျူးများ ပုန်ကန်ကြသည်။ မက္ကဘီးများဟုခေါ်သော ဟာစမိုနီယန်များသည် ယုဒနယ်ကို ဘီစီ ၁၄၂-၆၃ အထိ အုပ်ချုပ်ခဲ့ကြ၏။

ဘီစီ ၆၆ တွင် ဟာစမိုနီယန်မင်းသားနှစ်ပါးဖြစ်သော ဟေရ်ကန်နပ်စ်နှင့် အာရစ္စတဗျူးလပ်စ်တို့ အာဏာလုကြသည်။ ထို့ကြောင့် ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့သည်၊ သူတို့နှစ်ဦးစလုံးသည် ထိုအချိန်က ဆီးရီးယားပြည်၏ ရောမစစ်သူကြီး ပွန်ပေထံ စစ်ကူတောင်းခဲ့ကြသည်။ ပွန်ပေသည် ထိုအခွင့်အရေးကို အရယူကာ ဝင်ရောက်စွက်ဖက်လေတော့သည်။

ရောမတို့သည် မိမိတို့၏အာဏာကို အရှေ့ပိုင်းဒေသသို့ တိုးချဲ့လျက်ရှိရာ ထိုအချိန်မှစ၍ အာရှမိုင်းနားရှိ နယ်မြေများစွာကို ချုပ်ကိုင်ခဲ့သည်။ သို့သော် ဆီးရီးယားပြည်ရှိ ဘုရင်များ၏အုပ်ချုပ်မှု ညံ့ဖျင်းသောကြောင့် မင်းမဲ့အခြေအနေသို့ ကျရောက်သွားပြီး အရှေ့ပိုင်းဒေသတွင် ရောမတို့ ထိန်းထားလိုသည့် ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ထို့ကြောင့် ပွန်ပေသည် ဆီးရီးယားကို သိမ်းပိုက်ရန် စတင်လုပ်ဆောင်ခဲ့၏။

ပွန်ပေသည် ဟေရ်ကန်နပ်စ်ကို စစ်ကူပေးခြင်းဖြင့် ဟာစမိုနီယန်တို့၏အာဏာလုပွဲကို ဖြေရှင်းလိုက်ရာ ဘီစီ ၆၃ တွင် ရောမတို့သည် ဂျေရုဆလင်မြို့ကို တိုက်ခိုက်ပြီး ဟေရ်ကန်နပ်စ်ကို ဘုရင်အဖြစ် တင်မြှောက်လိုက်သည်။ သို့ရာတွင် ဟေရ်ကန်နပ်စ်သည် လွတ်လပ်စွာ အုပ်ချုပ်ခွင့် မရချေ။ ရောမတို့သည် ယခု ခြေကုပ်ရသွားပြီဖြစ်ရာ ၎င်းတို့၏အာဏာကို စွန့်လွှတ်တော့မည်မဟုတ်ပေ။ ဟေရ်ကန်နပ်စ်သည် မိမိအာဏာ တည်မြဲရေးအတွက် ရောမတို့၏ကျေးဇူးသစ္စာကို စောင့်သိရသော ရောမနယ်စားမင်းတစ်ဦးဖြစ်လာသည်။ သူသည် ပြည်တွင်းရေးရာများကို မိမိဆန္ဒအလျောက် စီမံခွင့်ရှိသော်လည်း ပြည်ပနိုင်ငံများနှင့်ဆက်ဆံရာတွင် ရောမတို့၏မူဝါဒအတိုင်းသာ လုပ်ဆောင်ရသည်။

ဟေရုဒ် အာဏာရလာခြင်း

ဟေရ်ကန်နပ်စ်သည် အုပ်ချုပ်မှုညံ့ဖျင်းသော ဘုရင်တစ်ပါးဖြစ်ရာ ဟေရုဒ်မင်းကြီး၏ဖခင်၊ ဧဒုံလူမျိုးဖြစ်သူ အဲန်တီပေတာ၏အကူအညီကို အားကိုးနေရသည်။ အဲန်တီပေတာသည် ဘုရင့်အာဏာကို နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။ ဆန့်ကျင်သူဂျူးအုပ်စုများ အာဏာသိမ်းပိုက်မည့်အရေးကို သူ တားဆီးခဲ့ရာ မကြာမီ ယုဒနယ်ကို ဘုရင်က ချုပ်ကိုင်မည့်အစား သူက စတင်ချုပ်ကိုင်ခဲ့သည်။ အီဂျစ်ပြည်ရှိ ရန်သူများကို ဂျူးလီးယပ်စ်ဆီဇာတိုက်ခိုက်ချိန်တွင် အဲန်တီပေတာက ကူညီပေးသောကြောင့် ရောမတို့သည် သူ့ကို ဧကရာဇ်လက်အောက်တွင် အကြီးဆုံးရာထူးဖြစ်သော ဘုရင်ခံချုပ်ရာထူး အပ်နှင်းသည်။ အဲန်တီပေတာသည် သူ့သားနှစ်ဦးဖြစ်သော ဖာစေနှင့်ဟေရုဒ်တို့ကို ဂျေရုဆလင်နှင့်ဂါလိလဲ ဘုရင်ခံများအဖြစ် အသီးသီးခန့်အပ်လိုက်သည်။

ရောမတို့၏ခွင့်ပြုချက်မရဘဲ မည်သည့်အရာမျှ ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း သူ့သားများကို အဲန်တီပေတာ သင်ပေးသည်။ ယင်းကို ဟေရုဒ် ကောင်းစွာမှတ်မိလေသည်။ သူအုပ်ချုပ်ချိန်တစ်လျှောက်တွင် ရောမတို့နှင့် လက်အောက်ခံဂျူးတို့၏ တောင်းဆိုချက်များကို ဟန်ချက်ညီညီ ဖြည့်ဆည်းပေးခဲ့သည်။ သူသည် စည်းရုံးရေးမှူးနှင့် စစ်သူကြီးအဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ ဟေရုဒ်သည် ၎င်း၏နယ်မြေရှိ သူပုန်များကို ရဲရင့်စွာ တိုက်ထုတ်ခဲ့ရာ အသက် ၂၅ နှစ်အရွယ်တွင် ဘုရင်ခံအဖြစ် ခန့်အပ်ခံရချိန်၌ ဂျူးနှင့် ရောမတို့၏နှစ်သက်မှုကို လျင်မြန်စွာ ရရှိခဲ့သည်။

ဘီစီ ၄၃ တွင် အဲန်တီပေတာကို ပြိုင်ဘက်များက အဆိပ်ခတ်သတ်လိုက်ပြီးနောက် ဟေရုဒ်သည် ယုဒနယ်၌ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။ သို့တိုင် သူ့တွင် ရန်သူများရှိသည်။ ဂျေရုဆလင်ရှိ အထက်တန်းလွှာများက သူ့ကို အာဏာလုသူအဖြစ် ရှုမြင်ကြပြီး ရာထူးမှ ဖယ်ရှားရန် ရောမတို့ကို သွေးထိုးဖို့ ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့ မအောင်မြင်ချေ။ ရောမတို့သည် သွားလေသူ အဲန်တီပေတာကို ထောက်ထားသည့်အပြင် ဟေရုဒ်၏အစွမ်းအစများကို အသိအမှတ်ပြုကြသည်။

ယုဒနယ်၏ဘုရင်အဖြစ် တင်မြှောက်ခံရ

လွန်ခဲ့သော အနှစ် ၂၀ ခန့်၌ ဖြစ်ပွားခဲ့သည့် ဟာစမိုနီယန်တို့၏အာဏာလုပွဲတွင် ပွန်ပေ၏ဖြေရှင်းပုံက လူများစွာကို စိတ်နာကြည်းစေခဲ့သည်။ အာရစ္စတဗျူးလပ်စ်၏ ဘက်တော်သားများသည် အာဏာပြန်ရရန် အကြိမ်ကြိမ် ကြိုးစားရာ ဘီစီ ၄၀ တွင် ရောမတို့၏ရန်သူများဖြစ်သော ပါးသီးယန်းတို့၏အကူအညီဖြင့် အောင်မြင်ခဲ့ကြသည်။ သူတို့သည် ရောမပြည်တွင်းစစ်ကြောင့် ရှုပ်ထွေးနေမှုကို အခွင့်ကောင်းယူကာ ဆီးရီးယားပြည်ကို ကျူးကျော်ဝင်ရောက်ပြီး ဟေရ်ကန်နပ်စ်ကို နန်းချ၍ ရောမကိုဆန့်ကျင်သူ ဟာစမိုနီယန်မိသားစုဝင်တစ်ဦးကို နန်းတင်လိုက်သည်။

ဟေရုဒ်သည် မိမိကိုလက်ခံမည့် ရောမသို့ ထွက်ပြေးသွားသည်။ ရောမတို့သည် ပါးသီးယန်းတို့ကို ယုဒနယ်မှ မောင်းထုတ်ပြီး ထိုနယ်မြေကို သူတို့လက်ခံနိုင်မည့် ဘုရင်တစ်ပါး၏လက်အောက်တွင် ထားလိုကြသည်။ ဟေရုဒ်သည် သူတို့အလိုရှိသော ယုံကြည်စိတ်ချရသည့် မဟာမိတ်တစ်ဦးဖြစ်ကြောင်း သူတို့သိမြင်လိုက်သည်။ ထို့ကြောင့် ရောမအထက်လွှတ်တော်သည် ဟေရုဒ်ကို ယုဒနယ်၏ဘုရင်အဖြစ် နန်းတင်လိုက်၏။ ဟေရုဒ်သည် လူတန်းကြီးကို အထက်လွှတ်တော်မှနေ၍ အယူမှားနတ်ဘုရားများအတွက် ပူဇော်ရာနေရာဖြစ်သည့် ဂျူပီတာနတ်ဘုရားကျောင်းအထိ လှည့်လည်စေသည်။ ယင်းသည် အာဏာတည်မြဲစေရန် ဟေရုဒ်ပြုလုပ်မည့် အပေးအယူများစွာအနက် ဦးဆုံးလုပ်ရပ်တစ်ခုဖြစ်သည်။

ဟေရုဒ်သည် ရောမစစ်တပ်၏အကူအညီဖြင့် ယုဒနယ်ရှိ ရန်သူများကို နှိမ်နင်းပြီးနောက် မိမိအာဏာကို အခိုင်အမာ အတည်ပြုလိုက်သည်။ မိမိကို ဆန့်ကျင်ခဲ့သူများအား ရက်ရက်စက်စက် လက်စားချေခဲ့သည်။ သူသည် ဟာစမိုနီယန်များ၊ သူတို့ကို ထောက်ခံသော ဂျူးအထက်တန်းလွှာများနှင့် ရောမတို့၏ မဟာမိတ်တစ်ဦး အုပ်ချုပ်နေသောကြောင့် မကျေမနပ်ဖြစ်နေသူမှန်သမျှကို လက်စတုံးရှင်းပစ်လိုက်သည်။

တန်ခိုးအာဏာကို ဟေရုဒ် ခိုင်မာတောင့်တင်းစေ

ဘီစီ ၃၁၊ အက်တီယန်တိုက်ပွဲတွင် အော့တေးဗီယပ်စ်သည် မာ့ခ်အန်တိုနီကို အနိုင်ရလိုက်သောကြောင့် ပြိုင်ဘက်ကင်းသော ရောမအုပ်စိုးရှင်ဖြစ်လာသည်။ ထိုအခါ ဟေရုဒ်သည် မာ့ခ်အန်တိုနီနှင့် ကြာရှည်မိတ်ဖွဲ့လျှင် အော့တေးဗီယပ်စ် သံသယဝင်လာမည်ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်သည်။ ထို့ကြောင့် အော့တေးဗီယပ်စ်ကို သူ ချက်ချင်းသစ္စာခံ၏။ ရောမဘုရင်အသစ်ဖြစ်သူ အော့တေးဗီယပ်စ်ကလည်း ဟေရုဒ်ကို ယုဒနယ်၏ဘုရင်အဖြစ် ဆက်ခန့်အပ်ပြီး သူ၏နယ်မြေများကို တိုးချဲ့ပေးခဲ့သည်။

နောက်ပိုင်းနှစ်များတွင် ဟေရုဒ်သည် မိမိနိုင်ငံကို တည်ငြိမ်စေပြီး တိုးတက်ကြီးပွားအောင် ဆောင်ရွက်ခဲ့သည့်အပြင် ဂျေရုဆလင်ကို ဂရိယဉ်ကျေးမှု၏ အချက်အချာနေရာဖြစ်စေသည်။ နန်းတော်များနှင့် ကဲသရိဆိပ်ကမ်းမြို့တို့ကို တည်ဆောက်ခြင်း၊ ဂျေရုဆလင်ရှိ ဝတ်ပြုရာအိမ်တော်ကို တိုးချဲ့ဆောက်လုပ်ခြင်းစသည့် ဆောက်လုပ်ရေးစီမံကိန်းများကို အကြီးအကျယ် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တစ်လျှောက်လုံးတွင် သူ၏နိုင်ငံရေးမူဝါဒနှင့် နိုင်ငံ့အင်အားတို့အတွက် အဓိကအားထားရာမှာ ရောမတို့နှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်သည်။

ဟေရုဒ်သည် ယုဒနယ်ကို အပြည့်အ၀ထိန်းချုပ်ပြီး အကြွင်းမဲ့အာဏာဖြင့် အုပ်ချုပ်ခဲ့သည်။ သူသည် ယဇ်ပုရောဟိတ်မင်းအရိုက်အရာကိုလည်း ကြိုးကိုင်ခြယ်လှယ်ကာ မိမိနှစ်သက်သူ မည်သူကိုမဆို ထိုရာထူး အပ်နှင်းခဲ့သည်။

မနာလိုမှုက လူသတ်မှုကျူးလွန်စေ

ဟေရုဒ်၏အိမ်တွင်းရေးသည် ပြဿနာများနှင့် ရှုပ်ထွေးနေသည်။ မိဖုရားဆယ်ပါးအနက် အများစုက မိမိတို့သားကို ဖခင်၏အရိုက်အရာ ဆက်ခံစေလိုကြသည်။ နန်းတွင်းတွင် လျှို့ဝှက်ကြံစည်မှုများ ပေါ်ပေါက်လာသောကြောင့် ဟေရုဒ်၏သံသယစိတ်နှင့် ရက်စက်ကြမ်းကြုတ်မှုသည် ပိုမိုပြင်းထန်လာသည်။ သူသည် မနာလိုစိတ်ကြောင့် အချစ်ဆုံးမိဖုရားဖြစ်သော မာရီရမ်ကိုသတ်ရန် အမိန့်ပေးပြီး သားနှစ်ဦးကိုလည်း ပုန်ကန်ရန် လျှို့ဝှက်ကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့် လည်မျိုညှစ်သတ်စေခဲ့သည်။ ထို့ကြောင့် ဟေရုဒ်၏စရိုက်နှင့် ပြိုင်ဘက်ဖြစ်လာနိုင်သူများကို အပြတ်ရှင်းမည်ဟူသော သူ၏စိတ်ပိုင်းဖြတ်ချက်တို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့သိရှိလာရာများသည် ဘက်သလီဟင်မြို့ရှိ ကလေးငယ်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟူသော မဿဲ၏မှတ်တမ်းနှင့် ကိုက်ညီမှုရှိသည်။

ဟေရုဒ်သည် မိမိကို လူတို့မနှစ်သက်ကြောင်း သတိပြုမိသောကြောင့် သူသေဆုံးချိန်တွင် လူတို့ဝမ်းသာမည့်အစား တစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးစေရမည်ဟု ဆုံးဖြတ်ထားကြောင်း အချို့ကဆိုသည်။ ယင်းကိုအကောင်အထည်ဖော်ရန် ယုဒနယ်ရှိ အထင်ကရပုဂ္ဂိုလ်များကိုဖမ်းဆီးကာ သူသေဆုံးချိန်တွင် ထိုသူအားလုံးကိုပါ သတ်ပစ်ရမည်ဟု အမိန့်ပေးခဲ့သည်။ သို့သော် ထိုအမိန့်အတိုင်း မလုပ်ဆောင်ဖြစ်ခဲ့ပေ။

ဟေရုဒ်ထားခဲ့သောအမွေအနှစ်

ဟေရုဒ်သေဆုံးသောအခါ သားတော်အာခီးလပ်စ်ကို ယုဒနယ်၏ဘုရင်အဖြစ် နန်းဆက်ခံရန် ရောမတို့ အမိန့်ချလိုက်ပြီး အခြားသားတော်နှစ်ဦးအနက် အန္တိပအား ဂါလိလဲနှင့်ပေရိယနယ်တို့ကို အုပ်ချုပ်ရန်၊ ဖိလိပ္ပုအား ဣတုရဲနယ်နှင့် တရာခေါနိတ်နယ်တို့ကို အုပ်ချုပ်ရန် နယ်စားမင်းများအဖြစ် ခန့်အပ်လိုက်သည်။ အာခီးလပ်စ်သည် လက်အောက်ခံများနှင့် ရောမအထက်အာဏာပိုင်တို့၏ နှစ်သက်မှုကို မရခဲ့ချေ။ ရောမတို့သည် သူ၏ ဆယ်စုနှစ်တစ်ခုကြာ ညံ့ဖျင်းသောအုပ်ချုပ်မှုပြီးနောက် သူ့ကို ရာထူးမှပယ်လိုက်ပြီး ၎င်းတို့၏ဘုရင်ခံတစ်ဦးကို ခန့်အပ်လိုက်သည်။ ထိုသူသည် ပုန္တိပိလတ်မတိုင်မီက ဘုရင်ခံဖြစ်သည်။ ဖိလိပ္ပုနှင့် လုကာခရစ်ဝင်ကျမ်းတွင် ဟေရုဒ်ဟူ၍သာ ဖော်ပြထားသောအန္တိပသည် ထိုအတောအတွင်း ၎င်းတို့၏ကိုယ်ပိုင်နယ်မြေများကို ဆက်အုပ်ချုပ်ခဲ့ကြသည်။ ယင်းသည် ယေရှုဓမ္မအမှုစတင်ချိန်တွင် ဖြစ်ပျက်ခဲ့သော နိုင်ငံရေးအခြေအနေများဖြစ်သည်။—လုကာ ၃:၁

ဟေရုဒ်မင်းကြီးသည် ပါးနပ်သောနိုင်ငံရေးသမားတစ်ဦးဖြစ်သည့်အပြင် ကြမ်းကြုတ်သော လူသတ်သမားတစ်ဦးလည်းဖြစ်သည်။ သူ၏အဆိုးဝါးဆုံးလုပ်ရပ်မှာ သူငယ်ယေရှုကိုသတ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဟေရုဒ်၏သမိုင်းဝင်အခန်းကဏ္ဍကို ဆန်းစစ်ခြင်းသည် ကျမ်းစာဖတ်ရှုသူများအတွက် အထောက်အကူဖြစ်စေသည်၊ အကြောင်းမှာ ယင်းသည် ဟေဗြဲကျမ်းစာစောင်များနှင့် ခရစ်ဝင်ကျမ်းများတွင် မှတ်တမ်းတင်ထားရာများစပ်ကြားကာလအတွင်း ဖြစ်ပျက်ခဲ့ရာများကို နားလည်စေသည်။ ထို့အပြင် ရောမတို့သည် ဂျူးတို့၏အုပ်စိုးရှင်များ ဖြစ်လာပုံနှင့် ယေရှု၏ မြေကြီးအသက်တာနှင့်ဓမ္မအမှုတို့၏နောက်ခံကိုလည်း ယင်းက ဖော်ပြပေးသည်။

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

ဟေရုဒ်သည် ယေရှု၏ဓမ္မအမှုမတိုင်မီ ရာစုနှစ်နှစ်ခုတွင် ယုဒနယ်ကိုအုပ်ချုပ်ခဲ့သော ဘုရင်များအနက် တစ်ပါးဖြစ်

ဆီးရီးယား

ဣတုရဲ

ဂါလိလဲနယ်

တရာခေါနိတ်

ဂါလိလဲ အိုင်

ဂျော်ဒန်မြစ်

ကဲသရိ

ရှမာရိနယ်

ပေရိယနယ်

ဂျေရုဆလင်

ဘက်သလီဟင်

ယုဒနယ်

ဆားငန် အိုင်

ဣဒုမဲ

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဟေရုဒ်လက်ထက်ရှိ ပါလက်စတိုင်းနယ်နှင့် ဝန်းကျင်ဒေသများ