မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း”

“အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း”

“အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း”

“နာလွန်းလို့ ကျွန်မ မခံစားနိုင်တော့ဘူး” ဟုဆို၍ မာလာ ငိုကြွေးလေသည်။ သူ့တွင် ကင်ဆာရောဂါရှိပြီး တစ်ကိုယ်လုံးတွင် ကင်ဆာအမြစ်များ ပျံ့နှံ့နေပြီ။ သူ့မိသားစုနှင့် မိတ်ဆွေများသည် သူခံစားနေရသော ရောဂါဝေဒနာကို ပျောက်ကင်းစေလိုကြမည်မှာ သေချာသည်။ မာလာကို ဘုရားသခင် ကူညီပေးရန် သူတို့ဆုတောင်းကြသည်။ ကိုယ်တော် နားထောင်တော်မူသလော၊ ဂရုစိုက်တော်မူသလော။

ဘုရားသခင်သည် လူ့မိသားစု၏အခြေအနေကို ကောင်းစွာ သိမြင်တော်မူ၏။ သမ္မာကျမ်းစာတွင် ဤသို့ဆိုသည်– “ဖန်ဆင်းခံအရာရှိသမျှသည် ယခုတိုင်အောင် တညီတညွတ်တည်း ညည်းတွား၍ ဝေဒနာခံစားနေရသည်။” (ရောမ ၈:၂၂) မာလာကဲ့သို့ပင် ကာယပိုင်း၊ ခံစားချက်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာတို့တွင် နေ့စဉ်နှင့်အမျှ ထိခိုက်နာကျင်နေသူများ သန်းနှင့်ချီ၍ရှိကြောင်း ဘုရားသခင် သိရှိတော်မူသည်။ လူသန်းပေါင်း ၈၀၀ သည် ညစဉ် ဆာလောင်မွတ်သိပ်စွာ အိပ်ရာဝင်နေရသည်၊ သန်းနှင့်ချီသောလူများ အိမ်တွင်းအကြမ်းဖက်မှုခံနေရသည်၊ မိဘများစွာတို့သည် သားသမီးများ၏နောင်ရေးအတွက် တွေးပူနေရသည်၊ ယင်းတို့အားလုံးကို ကိုယ်တော် တွေ့မြင်တော်မူ၏။ ထိုပြဿနာများကို ဘုရားသခင် ဖြေရှင်းပေးမည်လောဟူ၍ သင် စဉ်းစားဖူးသလော။ ကျွန်ုပ်တို့သည် မိမိတို့ချစ်မြတ်နိုးရသူများကို ကူညီပေးလိုလျှင် ဘုရားသခင်သည် မိမိဖန်ဆင်းထားသော လူ့မိသားစုကို သာ၍ပင် ကူညီပေးလိုတော်မူမည်မဟုတ်လော။

သင်လည်း ထိုမေးခွန်းများ မေးခဲ့ဖူးလျှင် သင်တစ်ဦးတည်းသာ မဟုတ်ချေ။ လွန်ခဲ့သောအနှစ် ၂,၆၀၀ ကျော်က သစ္စာရှိအမျိုးသားတစ်ဦးဖြစ်သူ ဟဗက္ကုတ်သည် ယနေ့ခေတ်ရှိလူများကဲ့သို့ပင် ခံစားခဲ့ရသောကြောင့် ဘုရားသခင်ကို ဤသို့မေးခဲ့သည်– ‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ကြားတော်မမူဘဲ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် မတရားမှုကိုခံ၍ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ မတရားမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။’ (ဟဗက္ကုတ် ၁:၂၊ ၃) ဟေဗြဲပရောဖက်တစ်ဦးဖြစ်သူ ဟဗက္ကုတ်သည် သူ့ခေတ်ရှိလူတို့၏ ထိတ်လန့်ဖွယ် အကြမ်းဖက်မှုများနှင့် ရန်လိုတိုက်ခိုက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း ထိုကဲ့သို့သော လုပ်ရပ်များကို နေ့စဉ်ကြားနေရသည်ဖြစ်ရာ သနားကြင်နာတတ်သူတို့ နှလုံးနာရသည်။

ဘုရားသခင်သည် ဟဗက္ကုတ်၏စိုးရိမ်ပူပန်မှုများကို ပေါ့ပေါ့တန်တန် သဘောထားခဲ့ပါသလော။ သဘောမထားခဲ့ချေ။ ဟဗက္ကုတ်၏စိတ်ရိုးမှန်ဖြင့်မေးသောမေးခွန်းကို နားထောင်ကာ စိတ်သောကရောက်နေသောသူ့ကို ကိုယ်တော် နှစ်သိမ့်အားပေးခဲ့သည်။ ယေဟောဝါဘုရားသခင်သည် ဆင်းရဲခက်ခဲမှုများကို အဆုံးတိုင်စေမည်ဖြစ်ကြောင်း ကတိပြုကာ ဟဗက္ကုတ်၏ ယုံကြည်ခြင်းကို ခိုင်ခံ့စေခဲ့သည်။ ဘုရားသခင်ပေးသော မျှော်လင့်ချက်က မာလာနှင့်သူ့မိသားစုကို စိတ်သက်သာစေခဲ့သည့်နည်းတူ သင့်ကိုလည်း စိတ်သက်သာရာရစေနိုင်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှန်တကယ် ဂရုစိုက်ကြောင်း မည်သို့ယုံကြည်စိတ်ချနိုင်သနည်း။ ကိုယ်တော်သည် ဆင်းရဲခက်ခဲမှုများကို အဆုံးတိုင်စေရန် အဘယ်အရာလုပ်ဆောင်မည်နည်း၊ မည်သည့်အချိန်တွင်နည်း။ နောက်ဆောင်းပါးများတွင် ထိုမေးခွန်းများကို ဖြေဆိုထားပါသည်။