မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာမြေ အဆုံးတိုင်တော့ မည်လော

ကမ္ဘာမြေ အဆုံးတိုင်တော့ မည်လော

ကမ္ဘာမြေ အဆုံးတိုင်တော့ မည်လော

“ကမ္ဘာမြေအဆုံးတိုင်တော့မည့်အကြောင်းကို လူတို့ စိတ်အဝင်စားဆုံးဖြစ်၏၊ အထူးသဖြင့် အင်္ဂလိပ်ဇာတ်ကားများတွင် ထိုအကြောင်းအရာကို အများဆုံးတွေ့ရသည်” ဟုစာရေးဆရာ ဂျော်န်စကာလ်ဇီက ဆိုသည်။ ကမ္ဘာမြေအဆုံးတိုင်တော့မည့်အကြောင်း ရိုက်ကူးထားသော ရုပ်ရှင်များသည် လူတို့ကို အဘယ်ကြောင့် ဆွဲဆောင်နိုင်ခဲ့သနည်း။ “အကြောင်းမှာ ယင်းသည် လူတို့ထိတ်လန့်နေသော အရာဖြစ်သောကြောင့်ပင်” ဟုစကာလ်ဇီ ကောက်ချက်ချသည်။ ယင်းကို သင် သဘောတူပါသလော။ ကမ္ဘာမြေနှင့် သက်ရှိအားလုံး မည်သည့်အချိန်တွင် မည်သို့အဆုံးတိုင်မည်နှင့်ပတ်သက်၍ လူတို့၏ စိုးရိမ်ထိတ်လန့်မှုသည် ကျိုးကြောင်းခိုင်လုံပါသလော။

သဘာ၀ဘေးဒဏ်များကြောင့် ကမ္ဘာတစ်ဝန်းတွင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးနေသည်ဟူသော သတင်းကို နေ့စဉ်နှင့်အမျှ ကျွန်ုပ်တို့ ကြားနေရသည်။ ထိုအပျက်အစီးများအကြောင်း ရိုက်ကူးထားသော သတင်းမှတ်တမ်းများကို တီဗွီနှင့် အင်တာနက်ပေါ်တွင် အကြိမ်ကြိမ် ထုတ်လွှင့်ပြသလေ့ရှိသည်။ တကယ်ထိခိုက်ပျက်စီးနေသော လူများနှင့် နေရာဒေသများအကြောင်း နေ့စဉ်နှင့်အမျှ တွေ့ မြင်ကြားသိရသောအခါ ကမ္ဘာမြေ၏အဆုံးသည် ရုပ်ရှင်တွင်သာမဟုတ်ဘဲ တကယ်ဖြစ်ပျက်လာမည့် ထိတ်လန့်စရာအခြေအနေဖြစ်သည်ဟု ကျွန်ုပ်တို့ အလွယ်တကူ ယူမှတ်မိနိုင်သည်။

ထို့ပြင် ကမ္ဘာမြေ မည်သို့အဆုံးသတ်မည်နှင့်စပ်လျဉ်း၍ သိပ္ပံပညာရှင်များ၏ ယူဆချက်များက ကြောက်ရွံ့စိတ်ကို ပိုကဲလာစေသည်။ အချို့က ကမ္ဘာမြေ၏ သက်တမ်းကုန်ဆုံးရက်ကိုပင် ကြိုတင်ဟောကိန်း ထုတ်ကြသည်။ နောင်နှစ်ပေါင်း ၇,၅၉၀,၀၀၀,၀၀၀ ခန့်အကြာတွင် နေသည် ကမ္ဘာဂြိုဟ်ကို ဖုံးလွှမ်းကာ အငွေ့ပြန်သွားစေမည်ဟု နက္ခတ္တဗေဒပညာရှင်နှစ်ဦးက ကြိုတင်ဟောကိန်းထုတ်ထားကြောင်း ၂၀၀၈ ခုနှစ်၊ မတ်လထုတ် နက္ခတ္တဗေဒဆိုင်ရာစာအုပ်တစ်အုပ်တွင် ဖော်ပြထားသည်။—Monthly Notices of the Royal Astronomical Society.

ကမ္ဘာမြေကြီးသည် တစ်နေ့နေ့တွင် သက်တမ်းကုန်ဆုံးသွားမည်လော။

ကမ္ဘာမြေအတွက် သက်တမ်းကုန်ဆုံးရက် ရှိသလော

“လူတစ်ဆက် လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကား အစဉ်အမြဲတည်၏” ဟုကျမ်းစာက အာမခံသည်။ (ဒေ. ၁:၄) ယေဟောဝါဘုရားသခင်သည် ‘မြေကြီးအမြစ်ကို မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ’ ပြီး “ကာလအစဉ်အမြဲ” တည်ရှိရန် ပုံစံပြုထားတော်မူသည်။ (ဆာလံ ၁၀၄:၅) သန့်ရှင်းသောစွမ်းအားတော်ဖြင့် ရေးထားသော ဘုရားသခင်၏ထိုစကားတော်များသည် မဖြစ်နိုင်ပုံပေါက်သလော။ ကမ္ဘာမြေသက်တမ်း ကုန်ဆုံးတော့မည်ဟု သိပ္ပံပညာရှင်တချို့ အခိုင်အမာပြောနေချိန်တွင် ထိုသို့ဖြစ်မည်မဟုတ်ဟု သင် အဘယ်ကြောင့် ယုံကြည်စိတ်ချသင့်သနည်း။

စတိုးဆိုင်တွင် တင်ထားသော ကုန်ပစ္စည်းများအကြောင်း သုံးသပ်ကြည့်ပါ။ ကုန်ပစ္စည်းတချို့တွင် သက်တမ်းကုန်ဆုံးမည့်ရက်စွဲကို ရေးထားသည်။ ထိုရက်စွဲကို မည်သူသတ်မှတ်သနည်း။ စတိုးဆိုင်မန်နေဂျာက ခန့်မှန်းပြီး သတ်မှတ်လိုက်ခြင်းလော။ မဟုတ်ပါ။ ကုန်ပစ္စည်းထုတ်လုပ်သူက သက်တမ်းကုန်ဆုံးရက်ကို သတ်မှတ်ပေးခြင်းဖြစ်သည်။ ထုတ်လုပ်သူသည် ထိုကုန်ပစ္စည်းအကြောင်းကို အခြားမည်သူထက်မဆို ပိုသိသောကြောင့် သူသတ်မှတ်လိုက်သော ရက်စွဲကို ကျွန်ုပ်တို့ ယုံကြည်သည်။ သို့ဆိုလျှင် ကမ္ဘာဂြိုဟ်ကို ဖန်ဆင်းသည့်အရှင်အား ကျွန်ုပ်တို့ ပို၍ယုံကြည်စိတ်ချသင့်သည်မဟုတ်လော။ ကိုယ်တော်သည် မြေကြီးကို ထာ၀စဉ်ခိုင်ခံ့စွာတည်ထားတော်မူသည်ဟု သမ္မာကျမ်းစာတွင် ရှင်းလင်းစွာဆိုသည်။ ထို့ကြောင့် ကမ္ဘာမြေအတွက် သက်တမ်းကုန်ဆုံးရက်မရှိပါ။ မည်သည့်အခါမျှလည်း ရှိမည်မဟုတ်ပါ။—ဆာလံ ၁၁၉:၉၀

သို့သော် ကမ္ဘာဂြိုဟ်သည် တာဝန်မသိတတ်သော လူသားများကြောင့် နာလန်မထူနိုင်လောက်အောင် ပျက်စီးသွားနိုင်ဖွယ်ရှိသည်ဟုဆိုခြင်းမှာ ဖြစ်နိုင်ပါသလော။ လုံး၀မဖြစ်နိုင်ပါ။ ကုန်ပစ္စည်းထုတ်လုပ်သူ လူသားများနှင့်မတူဘဲ ယေဟောဝါဘုရားသခင်သည် “အလုံးစုံတို့ကို တတ်နိုင်တော်မူ” ၏။ (ယောဘ ၄၂:၂) ထို့ကြောင့်လည်း ကိုယ်တော်သည် ယုံကြည်စိတ်ချစွာ ဤသို့အာမခံနိုင်တော်မူခြင်းဖြစ်၏– ‘ငါ့နှုတ်မှထွက်ပြီးသောစကားသည် အထမြောက်လိမ့်မည်။’ (ဟေရှာယ ၅၅:၁၁သမ္မာ) ကျွန်ုပ်တို့ကို “ဖန်ဆင်းတော်မူသော” အရှင်သည် ကမ္ဘာမြေအတွက် မိမိ၏ရည်ရွယ်ချက်များ မဖြစ်မြောက်လာစေဖို့ မည်သည့်အရာကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၉၅:၆) သို့ဆိုလျှင် ကိုယ်တော်၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းကို ကိုယ်တော် မည်သို့ပြည့်စုံစေတော်မူမည်နည်း။

ဘုရားသခင့်နိုင်ငံတော်သည် ကိုယ်တော့်ရည်ရွယ်ချက်များကို ဖြစ်မြောက်စေမည်

ကမ္ဘာမြေသည် မည်သည့်အခါမျှ အဆုံးသတ်သွားမည်မဟုတ်ဟူသော အာမခံချက်အပြင် ကိုယ်တော်သည် ကမ္ဘာမြေကို “သတ္တဝါနေစရာဖို့ ဖန်ဆင်းတော်မူ” သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (ဟေရှာယ ၄၅:၁၈) ကမ္ဘာမြေပေါ်တွင် လူတို့နေထိုင်သည်မှာ နှစ်ပေါင်းထောင်နှင့်ချီ ရှိနေပြီဖြစ်သော်လည်း ဘုရားသခင်၏ရည်ရွယ်ချက်မှာ ထိုအတွက်မျှသာ မဟုတ်ပါ။

ဘုရားသခင်သည် “ပျော်ရွှင်သောဘုရားသခင်၊” “တရားကို နှစ်သက်တော်မူ” သောအရှင်ဖြစ်သည်။ (၁ တိမောသေ ၁:၁၁; ဆာလံ ၃၇:၂၈) လူသားအားလုံးအတွက် ကိုယ်တော်၏ရည်ရွယ်ချက်မှာ ပျော်ရွှင်စွာ၊ တရားမျှတစွာ နေထိုင်ရန်ဖြစ်သည်။ ဘုရားသခင်သည် မိမိရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် မြေကြီးတစ်ခွင်လုံးကို အုပ်စိုးမည့် ဘုရားသခင့်နိုင်ငံတော်ကို ကောင်းကင်တွင် တည်ထောင်မည်ဖြစ်ကြောင်း ကြိုဟောခဲ့သည်။ (ဒံယေလ ၂:၄၄၊ ၄၅) ယေရှုသည် ကမ္ဘာမြေပေါ်ရှိစဉ် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအကြောင်း အမြဲ မိန့်ဆိုခဲ့သည်။ ကမ္ဘာမြေအတွက် သိုမှီးထားသော ကောင်းချီးများအားလုံးသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ရရှိမည်ဖြစ်ကြောင်း ကိုယ်တော်သိထားသောကြောင့် ယင်းအတွက် ဆုတောင်းကြရန် တပည့်များကို အားပေးခဲ့သည်။ (မဿဲ ၆:၉၊ ၁၀; ၂၄:၁၄) ထိုကောင်းချီးများအနက် အချို့မှာ အဘယ်နည်း။

ဘုရားသခင်သည် စစ်မှုကို ငြိမ်းစေမည်ဖြစ်သောကြောင့် ငြိမ်သက်မှုနှင့် လုံခြုံမှုတို့ ခံစားရမည်။—ဆာလံ ၄၆:၉

လူတိုင်းအတွက် အစားအစာ အလျှံပယ်ရှိမည်။ —ဆာလံ ၇၂:၁၆

▪ “မြို့သားကလည်း ငါနာသည်ဟုမဆိုရသောကြောင့် ကျန်းမာရေးပြဿနာများ ရှိတော့မည်မဟုတ်။ —ဟေရှာယ ၃၃:၂၄

ပူဆွေးဝမ်းနည်းစရာ မလိုတော့။ အကြောင်းမှာ သေခြင်း ရှိတော့မည်မဟုတ်။ဗျာ. ၂၁:၄

ကိုယ်တော်၏လူတို့သည် မိမိတို့နေအိမ်ကို ကိုယ်တိုင်ဆောက်လုပ်ကြမည်၊ လုံခြုံစွာ နေရမည်၊ ဉ်အမြဲ ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ဟေရှာယ ၆၅:၁၇-၂၄

သင်သည် အထက်တွင်ဖော်ပြထားသော အခြေအနေအောက်တွင် နေထိုင်ရန် အလွန်တောင့်တမည်မှာ သေချာသည်။ ယေဟောဝါဘုရားသခင်သည် ကြိုပြောခဲ့သော ထိုအခြေအနေများကို အကောင်အထည်ဖော်ရန် အလွန်ဆန္ဒပြင်းပြတော်မူသည်။ (ဟေရှာယ ၉:၆၊ ၇) သို့သော် ‘ကျမ်းစာမှာ ဘုရားသခင့်ကတိတော်အကြောင်း မှတ်တမ်းတင်ထားတာ နှစ်ပေါင်းထောင်ချီကြာနေပြီ။ ဘာကြောင့် အခုချိန်ထိ မပြည့်စုံသေးတာလဲ’ ဟု သင်တွေးမိပေမည်။

ဘုရားသခင်၏စိတ်ရှည်မှုက ကျွန်ုပ်တို့ကို ကယ်တင်ခြင်းရစေ

ယေဟောဝါဘုရားသခင်သည် “ကတိတော်နှင့်ပတ်သက်၍ နှေးတော်မူသည်မဟုတ်” ကြောင်း စိတ်ချပါလေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မေတ္တာပါစွာ စိတ်ရှည်နေခြင်းဖြစ်ကြောင်း ကျမ်းစာက ရှင်းပြသည်။ ထို့ကြောင့် “ငါတို့သခင်၏စိတ်ရှည်ခြင်းကို ကယ်တင်ခြင်းအဖြစ် ယူမှတ်ကြ” ရန် ကျွန်ုပ်တို့ကို အားပေးထားသည်။ (၂ ပေတရု ၃:၉၊ ၁၅) သို့သော် ဘုရားသခင်၏စိတ်ရှည်ခြင်းသည် ကယ်တင်ခြင်းအတွက် အဘယ်ကြောင့် လိုအပ်ရသနည်း။

ဦးဆုံး၊ ဖြောင့်မတ်သောလူသားများ လုံခြုံကြွယ်၀စွာနေနိုင်ရန် “မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” ရမည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူသည်။ (ဗျာ. ၁၁:၁၈) သို့သော် ယေဟောဝါဘုရားသခင်သည် လူသားများကို ချစ်သောကြောင့် “မည်သူမျှ ဖျက်ဆီးခြင်းမခံရ” စေရန် အလိုရှိတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် “အသက်ချမ်းသာစေခြင်းငှာ လူဆိုးအား သတိပေး” ရန်စိတ်ရှည်စွာ ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ယေဟောဝါဘုရားသခင်သည် နိုင်ငံတော်သတင်းကို ကမ္ဘာချီဟောပြောစေလျက်ရှိသည်။ * (ယေဇကျေလ ၃:၁၇၊ ၁၈သမ္မာ) ကိုယ်တော်၏သတိပေးချက်ကို ကောင်းစွာတုံ့ပြန်ပြီး ဖြောင့်မတ်သောစံနှုန်းများနှင့်အညီ အသက်ရှင်သူအားလုံးသည် ကယ်တင်ခံရကာ မြေကြီးကို ဘုရားသခင်အုပ်ချုပ်ချိန်တွင် ထာ၀ရအသက် ရရှိပါလိမ့်မည်။

ဘုရားသခင်ကို မျှော်ကိုး၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့

သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့အတွက် “သတင်းကောင်း” ပါရှိသည်မှာ သေချာ၏။ (မဿဲ ၂၄:၁၄) ကမ္ဘာမြေသည် မည်သည့်အခါမျှ အဆုံးတိုင်မည်မဟုတ်ဟူသည့် ဘုရားသခင်၏သေချာသော ကတိတော်ကို ယင်းတွင် ဖော်ပြထားသည်။ ထို့ပြင် “ခဏကြာပြီးမှ မတရားသောသူသည် မရှိရ” ဟူသော ကျမ်းစာပရောဖက်ပြုချက်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်သည်။ ဘုရားသခင့်အမြင်တွင် ဖြောင့်မတ်သူများသာ မကြာမီ “ပြည်တော် [မြေကြီး] ကိုအမွေခံ၍ များပြားသော ငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” (ဆာလံ ၃၇:၉-၁၁၊ ၂၉; မဿဲ ၅:၅; ဗျာ. ၂၁:၃၊ ၄) ထိုအချိန်ထိတိုင် ဘုရားသခင်သည် “မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကိုမျှော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့” ဟူ၍ စိတ်ရှည်စွာ အရေးတကြီးဖိတ်ခေါ်တော်မူမည်။ (ဟေရှာယ ၄၅:၂၂) သင်မည်သို့တုံ့ပြန်မည်နည်း။

အကူအညီအတွက် ဘုရားသခင်ကို မျှော်ကိုးရန် စိတ်ပိုင်းဖြတ်ပါလေ။ ဆာလံ ၃၇:၃၄ တွင် ကျွန်ုပ်တို့ကို ဤသို့အားပေးထားသည်– ‘ထာ၀ရဘုရားသခင်ကို မျှော်လင့်၍ လမ်းတော်ကို လျှောက်သွားလော့။ ပြည်တော် [မြေကြီး] ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။’ ကမ္ဘာမြေအတွက် ဘုရားသခင်၏ထာ၀ရရည်ရွယ်ချက်အကြောင်း၊ ထိုရည်ရွယ်ချက်များ အမှန်တကယ် ပြည့်စုံလာသည်ကို မြင်တွေ့ရန် မည်သို့အသက်ရှင်နေထိုင်နိုင်ကြောင်းတို့ကို လေ့လာရာတွင် ယေဟောဝါသက်သေများက သင့်ကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးလိုကြပါသည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 21 မဿဲ ၂၈:၁၉၊ ၂၀ ပါယေရှု၏မိန့်မှာချက်ကို နာခံသည့်အနေဖြင့် ၂၃၆ နိုင်ငံရှိ ယေဟောဝါသက်သေ ခုနစ်သန်းကျော်သည် ကမ္ဘာမြေအတွက် ကောင်းမြတ်လှသော ဘုရားသခင့်ရည်ရွယ်ချက်များအကြောင်း လူတို့ကို သင်ပေးရန် နှစ်စဉ် နာရီပေါင်း သန်းတစ်ထောင့်ငါးရာခန့် အသုံးပြုလျက်ရှိသည်။

[Picture Credit Line on page 22]

NASA photo