မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် လူသားတို့ကို အဘယ်ကြောင့် ထာ၀ရအသက်ဆု ကမ်းလှမ်းတော်မူသနည်း။

ဘုရားသခင်သည် လူသားတို့ကို အဘယ်ကြောင့် ထာ၀ရအသက်ဆု ကမ်းလှမ်းတော်မူသနည်း။

စာရှုသူများအမေး . . .

ဘုရားသခင်သည် လူသားတို့ကို အဘယ်ကြောင့် ထာ၀ရအသက်ဆု ကမ်းလှမ်းတော်မူသနည်း။

▪ ဘုရားသခင်သည်  ကျွန်ုပ်တို့အား  “ထာ၀ရအသက်”  ရစေမည့်အခွင့်ထူးကို ကမ်းလှမ်းထားသည်ဟု ကျမ်းစာက ဆိုသည်။ (ယောဟန် ၆:၄၀) ထိုမျှော်လင့်ချက်ကို ကမ်းလှမ်းရန် ကိုယ်တော်အား အဘယ်အရာက လှုံ့ဆော်သနည်း။ ယင်းသည် တရားမျှတမှုနှင့်ဆိုင်သော အရေးကိစ္စသက်သက်မျှသာလော။

တရားမျှတမှုဟူသည် လူတို့ကို တရားနည်းလမ်းကျစွာ၊ ထိုက်သင့်စွာ ပြုမူဆက်ဆံခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် အသက်ကို အမှန်ပင် ရထိုက်ပါသလော။ မရထိုက်ပါ။ “အပြစ်မပါဘဲ ကောင်းသောအကျင့်ကိုကျင့်သော သူတော်ကောင်း တစ်စုံတစ်ယောက်မျှ မြေကြီးပေါ်မှာ မရှိ” ဟုကျမ်းစာကဆိုသည်။ (ဒေ. ၇:၂၀) အပြစ်ရှိသူသည် ပြစ်ဒဏ်ကို ခံရစမြဲပင်။ ပထမဆုံးလူသား အာဒံသည် အပြစ်ကျူးလွန်ပါက ထိုနေ့တွင်ပင် သေရမည်ဟု ဘုရားသခင် သတိပေးခဲ့သည်။ (ကမ္ဘာဦး ၂:၁၇) နောက်ပိုင်းတွင် တမန်တော်ပေါလုက “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” ဟူ၍ရေးသားရန် စွမ်းအားတော်၏လမ်းညွှန်မှုခံခဲ့ရသည်။ (ရောမ ၆:၂၃) အာဒံမှဆင်းသက်လာသော လူသားအားလုံးသည် သေပြစ်ထိုက်သူများဖြစ်လျှင် ကိုယ်တော်သည် ထာ၀ရအသက်ရနိုင်မည့်အလားအလာကို အဘယ်ကြောင့်ကမ်းလှမ်းတော်မူသနည်း။

ထာ၀ရအသက်ကမ်းလှမ်းချက်သည် “ဆုကျေးဇူး” ဖြစ်၏။ ဘုရားသခင်၏မေတ္တာနှင့် မဟာကရုဏာတော်သည် မည်မျှတိုင်ကြီးမားပြီး အကျိုးသက်ရောက်မှုရှိကြောင်း ဖော်ပြသည်။ ‘လူအပေါင်းတို့သည် ပြစ်မှား၍ ဘုရားသခင်၏ဘုန်းကို မမီကြ။ ခရစ်တော်ယေရှု၏ ရွေးနုတ်ဖိုးအားဖြင့် ဘုရားသခင်၏မဟာကရုဏာတော်ကြောင့် ဆုကျေးဇူးအဖြစ် ဖြောင့်မတ်ရာသို့ ရောက်၏’ ဟုကျမ်းစာက ဆိုသည်။—ရောမ ၃:၂၃၊ ၂၄

ကျွန်ုပ်တို့အားလုံး သေထိုက်သော်လည်း ဘုရားသခင်သည် မိမိကိုချစ်မြတ်နိုးသူများအား ထာ၀ရအသက်ပေးရန် ရွေးချယ်တော်မူသည်။ ယင်းသည် တရားနည်းလမ်းမကျဟု ဆိုနိုင်ပါသလော။ ကျမ်းစာက  ဤသို့ဆိုသည်–  “သို့ဖြစ်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် မတရားသဖြင့် ပြုတော်မူသလော။ လုံးဝမပြုရာ။ ဘုရားသခင်က ‘ငါသည် သနားလိုသောသူကို သနားမည်၊ စာနာလိုသောသူကိုလည်း စာနာမည်’ ဟုမောရှေအား မိန့်တော်မူ၏။ . . . ဘုရားသခင်အား စောဒကတက်ဝံ့သောသင်ကား မည်သူနည်း။”—ရောမ ၉:၁၄-၂၀

ကမ္ဘာ့ဒေသအချို့တွင် အစိုးရအရာရှိတစ်ဦး သို့မဟုတ် တရားသူကြီးတစ်ဦးသည် ကြီးလေးသော ပြစ်ဒဏ်သင့်နေသည့် ရာဇဝတ်သားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်သည်။ ထိုရာဇဝတ်သားသည် တရားဥပဒေ၏တောင်းဆိုချက်များကို စိတ်လိုကိုယ်လျောက် နာခံပြီး သူ၏သဘောထားများနှင့် အကျင့်စရိုက်များကို ပြောင်းလဲမည်ဆိုလျှင် တရားသူကြီး သို့မဟုတ် သမ္မတသည် သူ၏ပြစ်ဒဏ်ကို လျှော့ပေါ့ပေးရန် သို့မဟုတ် ပြစ်ဒဏ်မှ ကွင်းလုံးကျွတ်လွတ်ငြိမ်းခွင့်ပြုရန် ဆုံးဖြတ်ပေမည်။ အမှန်မှာ ထိုရာဇဝတ်သားသည် ကြီးလေးသော ပြစ်ဒဏ်ခံထိုက်သူဖြစ်သည်။

အလားတူ၊ ယေဟောဝါဘုရားသခင်သည် အပြစ်သားများဖြစ်သော လူသားအားလုံးကို ထိုက်သင့်သည့်ပြစ်ဒဏ် မပေးရန် ရွေးချယ်နိုင်၏။ ယင်းအစား၊ မေတ္တာ၏လှုံ့ဆော်မှုကြောင့် ကိုယ်တော်သည် မိမိကို ချစ်မြတ်နိုးပြီး မိမိစံနှုန်းများနှင့်အညီနေထိုင်သူများကို ထာ၀ရအသက်ပေးပိုင်ခွင့်ရှိသည်။ “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။ . . . လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏” ဟုကျမ်းစာက ဆိုသည်။—တမန်တော် ၁၀:၃၄၊ ၃၅

ယေဟောဝါဘုရားသခင်၏ မေတ္တာတော်ကို ဖော်ကျူးသော အကြီးမားဆုံးလုပ်ရပ်မှာ ကျွန်ုပ်တို့အတွက် ဆင်းရဲဝေဒနာခံပြီး သေဆုံးစေရန် မိမိ၏သားတော်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ခမည်းတော်နှင့်ပတ်သက်၍ ယေရှုဤသို့ဆိုသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။”—ယောဟန် ၃:၁၆

ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးလာပြီး ကိုယ်တော့်အလိုတော်ကို ထမ်းဆောင်သူမှန်သမျှသည် မည်သည့်နောက်ခံကပင်ဖြစ်ပါစေ သူတို့ကို ကိုယ်တော် သာတူညီမျှ နှစ်သက်လက်ခံတော်မူ၏။ ထို့ကြောင့် ထာ၀ရအသက်မျှော်လင့်ချက်သည် ဘုရားသခင်၏အနှိုင်းမဲ့မေတ္တာတော်၊ မဟာကရုဏာတော်ကို အထူးဖော်ပြသည်။

[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]

ယင်းသည် ဘုရားသခင်၏ အနှိုင်းမဲ့ မေတ္တာတော်၊ မဟာကရုဏာတော်ကို အထူးဖော်ပြ