မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်ယမကာကို ဘုရားသခင် မည်သို့ရှုမြင်သနည်း

အရက်ယမကာကို ဘုရားသခင် မည်သို့ရှုမြင်သနည်း

အရက်ယမကာကို ဘုရားသခင် မည်သို့ရှုမြင်သနည်း

ကျွန်ုပ်တို့၏ဘဝကို ကောင်းစားစေလိုသော ဖန်ဆင်းရှင်သည် တော်သင့်ရုံ အရက်ယမကာသောက်ခြင်းကို မတားမြစ်ချေ။ * ကိုယ်တော်သည် “စိတ်ကို ရွှင်လန်းစေသော စပျစ်ရည်၊ မျက်နှာကို ပြောင်စေသောဆီနှင့် နှလုံးကို အားဖြည့်တင်းသော အာဟာရ” တို့ကို လူတို့အား ပေးသနားထားတော်မူ၏။ (ဆာလံ ၁၀၄:၁၅သမ္မာ) တစ်ချိန်တွင် ယေရှုခရစ်သည် မင်္ဂလာဆောင်ပွဲတစ်ခုကို တက်ရောက်ကာ ရေကို “ကောင်းသောစပျစ်ဝိုင်” ဖြစ်အောင် ပြုလုပ်ပေးခဲ့သည်။—ယောဟန် ၂:၃-၁၀

အရက်သည် ခန္ဓာကိုယ်နှင့် ဦးနှောက်တို့၏ လုပ်ဆောင်မှုကို မည်သို့ထိခိုက်စေကြောင်း ဖန်ဆင်းရှင် ကောင်းစွာသိရှိသည်ဟူသောအချက်ကို ကျိုးကြောင်းဆင်ခြင်သင့်သည်။ ကောင်းကင်ခမည်းတော်သည် သမ္မာကျမ်းစာမှတစ်ဆင့် ကျွန်ုပ်တို့၏ “အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်” ပေးပြီး အရက်သောက်ကြူးသူမဖြစ်ရန် ပြင်းပြင်းထန်ထန် သတိပေးဆုံးမထားသည်။ (ဟေရှာယ ၄၈:၁၇) ပွင့်လင်းပြီးတိုက်ရိုက်ကျသော ဤသတိပေးချက်များကို သတိပြုကြည့်ပါ–

“လွန်ကျူးစေတတ်သောဝိုင်နှင့် မူးယစ်ခြင်းကို ရှောင်ကြလော့။” (ဧဖက် ၅:၁၈) “သောက်ကြူးသူ . . . သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်။” (၁ ကောရိန္သု ၆:၉-၁၁) ‘သောက်စားမူးယစ်ခြင်း၊ ဆူဆူညံညံပွဲခံခြင်းတို့နှင့် ထိုသို့သောအရာများကို ပြုကျင့်သူတို့’ အား သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသည်။—ဂလာတိ ၅:၁၉-၂၁

အရက်သောက်ကြူးခြင်း၏ အန္တရာယ်တချို့ကို ယခု သုံးသပ်ကြည့်ကြစို့။

သောက်ကြူးခြင်း၏ အန္တရာယ်များ

အရက်သည် တစ်နည်းနည်းဖြင့် အကျိုးရှိသော်လည်း ၎င်းတွင် စိတ်နှင့်ခန္ဓာကိုယ်၏ လုပ်ဆောင်မှုကို ပြောင်းလဲစေသော အာနိသင်များ ပါဝင်သည်။ အလွန်အကျွံသောက်လျှင် အောက်ပါပြဿနာများ ဖြစ်ပေါ်လာနိုင်သည်–

အရက်ကို အလွန်အကျွံသောက်ခြင်းသည် လူတစ်ဦး၏ စဉ်းစားချင့်ချိန်နိုင်စွမ်းကို ထိခိုက်စေသည်။ ထို့ကြောင့် သူသည် ရှင်းလင်းပြတ်သားစွာ စဉ်းစားပြောဆိုနိုင်လိမ့်မည်မဟုတ်။” (သု. ၂၃:၃၃ခမ) ရှေ့ဆောင်းပါးတွင် ဖော်ပြခဲ့သော အရက်အလွန်အကျွံသောက်သူ အယ်လန်က ဤသို့ပြောပြသည်– “အရက်စွဲတာက ခန္ဓာကိုယ်ကို ထိခိုက်တဲ့ရောဂါတစ်ခုလောက်ပဲမဟုတ်ဘူး။ စဉ်းစားတွေးခေါ်မှုနဲ့ စိတ်ဓာတ်ကိုပါ ထိခိုက်တဲ့ရောဂါပဲ။ တခြားသူတွေကို ဘယ်လိုထိခိုက်နာကြည်းစေတယ်ဆိုတာကိုလည်း မစဉ်းစားတော့ဘူး။”

အရက်အလွန်အကျွံသောက်ခြင်းကြောင့် အရှက်အကြောက်လျော့နည်းလာနိုင်သည်။ သမ္မာကျမ်းစာက ဤသို့သတိပေးထားသည်– “စပျစ်ရည်နှင့် အသစ်သောစပျစ်ရည်သည် ဉာဏ်ကိုကင်းမဲ့စေ၏။” (ဟောရှေ ၄:၁၁သမ္မာ) မည်သို့အားဖြင့်နည်း။ သာမန်အားဖြင့် ထိန်းချုပ်ထားသော၊ မလုပ်သင့်မလုပ်အပ်သော အတွေးအခေါ်များနှင့် ဆန္ဒများသည် အရက်အရှိန်ကြောင့် လက်ခံနိုင်စရာ သို့မဟုတ် လုပ်သင့်လုပ်အပ်ရာဖြစ်သည်ဟု တလွဲယူဆမိနိုင်သည်။ မှန်ရာကို စွဲမြဲစွာပြုလုပ်မည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို အားပျော့စေနိုင်သည်။ အရက်သည် ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားကို ပျက်ပြားစေနိုင်သည့်အပြင် ဘုရားသခင်နှင့် ဆက်ဆံရေးကိုလည်း ထိခိုက်စေနိုင်သည်။

ဥပမာ၊ ဂျော်န်သည် ဇနီးသည်နှင့် စကားများပြီး အရက်ဆိုင်သို့ ဒေါသတကြီး ထွက်သွားသည်။ ဒေါသပြယ်သွားရန် အရက်ကို သူ အတော်အတန်သောက်ပြီးနေချိန်တွင် သူ့အနားသို့ အမျိုးသမီးတစ်ဦး ကပ်လာသည်။ ဂျော်န်သည် အနည်းငယ် ထပ်သောက်ပြီးနောက် ထိုအမျိုးသမီးနောက်သို့ပါသွားကာ သူနှင့်ဖောက်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ဂျော်န်သည် တစ်ခါမျှမစဉ်းစားခဲ့ဖူးသော အမှားတစ်ခုကို အရက်ကြောင့် ကျူးလွန်မိသည့်အတွက် အလွန်ဝမ်းနည်းကြေကွဲပြီး အရှက်တကွဲအကျိုးနည်းခဲ့ရသည်။

အရက်အလွန်အကျွံသောက်ခြင်းကြောင့် အပြောအဆို၊ အပြုအမူကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။ “အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ်သူသည် ရန်တွေ့ ခြင်းရှိသနည်း။” အရက်ကို “ကြာမြင့်စွာသောက်လျက်နေသောသူ” ပင်ဖြစ်သည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ (သု. ၂၃:၂၉၊ ၃၀) အရက်အလွန်အကျွံသောက်လျှင် “ပင်လယ်ပြင်တွင် လှိုင်းပင့်သဖြင့် မြောက်တစ်ချီ ကျတစ်လှည့်ဖြင့် ဖြစ်လျက်နေသော သင်္ဘော၏ရွက်တိုင်ဖျား၌ရောက်၍ လှိုင်းမူး” သကဲ့သို့ ခံစားရတတ်သည်။ (သု. ၂၃:၃၄ခမ) အရက်သောက်ကြူးသူသည် ‘အရိုက်အနှက်ခံခဲ့ရပုံပေါ်သော်လည်း အဘယ်အခါက ခံခဲ့ရသည်ကို မမှတ်မိဘဲ’ အိပ်ရာမှ နိုးလာတတ်သည်။—သု. ၂၃:၃၅ခမ။

အရက်သောက်ကြူးခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်သည်။ “နောက်ဆုံး၌ [အရက်သည်] မြွေကဲ့သို့ ကိုက်တတ်၏။ မြွေဆိုးကဲ့သို့ နာစေတတ်၏။” (သု. ၂၃:၃၂) ဆေးသိပ္ပံပညာသည် အဆိုပါရှေးပညာရှိစကားကို ထောက်ခံ၏။ အရက်များစွာသောက်လျှင် အသက်အန္တရာယ်ရှိနိုင်သည်။ ယင်းသည် ကင်ဆာအမျိုးမျိုး၊ အသည်းရောင်ရမ်းနာ၊ အသည်းရွတ်နာ၊ ပန်ကရိယရောင်ရမ်းနာ၊ ဆီးချိုရောဂါသည်များ၏သွေးတွင် အချိုဓာတ်လျော့နည်းခြင်း၊ သန္ဓေသားတွင် အရက်ရောဂါလက္ခဏာဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ၎င်းတို့မှာ ဆိုးကျိုးအနည်းငယ်သာဖြစ်၏။ ထို့ပြင် တစ်ကြိမ်တည်းသာ စိတ်လွတ်ကိုယ်လွတ် သောက်ကြူးမိလျှင်ပင် မေ့မြောနိုင်သည် သို့မဟုတ် သေဆုံးနိုင်သည်။ အရက်သောက်ကြူးခြင်း၏ အကြီးမားဆုံးဆိုးကျိုးများသည် ကျန်းမာရေးကို ထိခိုက်စေရုံမျှသာ မဟုတ်ပါ။

အကြီးမားဆုံးအန္တရာယ်။ လူတစ်ဦးသည် အရက်မမူးလျှင်ပင် လွန်ကြူးစွာသောက်ခြင်းက ဘုရားသခင်နှင့်ဆက်ဆံရေးကို ထိခိုက်စေနိုင်သည်။ သမ္မာကျမ်းစာက ဤသို့ရှင်းလင်းစွာဆိုသည်– “သေရည်သေရက်ကို သောက်အံ့သောငှာ၊ နံနက်စောစောထ၍ စပျစ်ရည်နှင့်ယစ်မူးအံ့သောငှာ ညကိုလည်း လွန်စေတတ်သောသူတို့သည် အမင်္ဂလာရှိ၏။” အဘယ်ကြောင့်နည်း။ လွန်ကြူးစွာသောက်ခြင်းကြောင့် ဘုရားသခင်နှင့်ဆက်ဆံရေးပျက်စေနိုင်သည့် ဆိုးကျိုးများကို ဟေရှာယ ဤသို့ရှင်းပြသည်– ‘ယေဟောဝါဘုရားသခင်၏ အမှုတော်ကို ပမာဏမပြုကြ။ လက်တော်နှင့်ပြုပြင်တော်မူရာကို မရိပ်မိကြ။’—ဟေရှာယ ၅:၁၁၊ ၁၂

“စပျစ်ရည်သောက်ကြူးသောသူ . . . ကိုအပေါင်းအဖော်မလုပ်နှင့်” ဟုသမ္မာကျမ်းစာက ကျွန်ုပ်တို့ကို ဆုံးမထားသည်။ (သု. ၂၃:၂၀) အသက်ကြီးရင့်သော အမျိုးသမီးတို့သည် “အရက်၏ကျွန်များမဖြစ်” ဖို့သတိပေးခံရသည်။ (တိတု ၂:၃ခမ) အဘယ်ကြောင့်နည်း။ လူတို့သည် အနည်းငယ် သောက်စပြုလာရာမှ တဖြည်းဖြည်း မသိမသာ များလာနိုင်သည်ကို သတိမပြုမိကြ၍ဖြစ်သည်။ နောက်ဆုံး၌ အရက်သောက်သူသည် “အဘယ်အချိန်မှ ယစ်မူးပြေ၍ ငါနိုးရမည်နည်း။ တစ်ဖန် ငါ[သောက်]ဦးမည်” ဟုဆိုတတ်သည်။ (သု. ၂၃:၃၅သမ္မာ) မနေ့ညက အလွန်အကျွံသောက်မိ၍ အရက်နာကျသည်ကို သက်သာစေရန် မနက်အိပ်ရာနိုးလာသောအခါ တစ်ခွက်ထပ်သောက်လိုစိတ်ပြင်းပြနေမည်ဆိုလျှင် ထိုသူသည် အန္တရာယ်ရှိသောအခြေအနေတွင် ရောက်နေပြီ။

ဝိုင်သောက်ကြူးခြင်း၊ ဆူဆူညံညံပွဲခံခြင်း၊ အပြိုင်အဆိုင်သောက်ကြူးခြင်း” တို့တွင် ပါဝင်သူများသည် “အသက်ရှင်သောသူတို့နှင့် သေလွန်သောသူတို့ကို တရားစီရင်ရန် အသင့်ရှိနေသော အရှင်ထံတွင် စာရင်းရှင်းရလိမ့်မည်” ဟု သမ္မာကျမ်းစာက သတိပေးသည်။ (၁ ပေတရု ၄:၃၊) ကျွန်ုပ်တို့အသက်ရှင်နေရသည့် ခက်ခဲကျပ်တည်းသောကာလနှင့်ပတ်သက်၍ ယေရှု ဤသို့သတိပေးသည်– ‘သင်တို့သည် အစားအသောက်လွန်ကြူးခြင်းနှင့် ဘဝ၏စိုးရိမ်ပူပန်ခြင်းတို့ဖြင့် စိတ်နှလုံးပင်ပန်းလျက်နေစဉ်တွင် [ယေဟောဝါဘုရားသခင်၏] နေ့ရက်သည် ရုတ်တရက် သင်တို့အပေါ်သို့ ထောင်ချောက်သဖွယ် မကျရောက်စေရန် ကိုယ့်ကိုယ်ကိုယ် သတိပြုကြလော့။’—လုကာ ၂၁:၃၄၊ ၃၅

သို့ဆိုလျှင် “အသောက်လွန်ကြူးခြင်း” မဖြစ်စေရန် အဘယ်အရာပြုလုပ်နိုင်သနည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဤဆောင်းပါးတွင်ပါသော “အရက်ယမကာ” သည် ဘီယာ၊ ဝိုင်နှင့် တခြားအရက်အမျိုးမျိုးကို ရည်ညွှန်းသည်။

[စာမျက်နှာ ၄၊ ၅ ပါရုပ်ပုံများ]

အရက်သောက်ကြူးခြင်းကြောင့် ပြဿနာများစွာ ဖြစ်ပေါ်စေနိုင်