မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကောင်းကင်နှင့်ဆိုင်သော အမှန်တရားကား အဘယ်နည်း

ကောင်းကင်နှင့်ဆိုင်သော အမှန်တရားကား အဘယ်နည်း

ကောင်းကင်နှင့်ဆိုင်သော အမှန်တရားကား အဘယ်နည်း

ကောင်းကင်သို့သွားမည်ဟူသော မျှော်လင့်ချက်သည် အလွန်နှစ်သက်စရာပင်။ မွတ်စလင်များ၊ ဟိန္ဒူများ၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ချာ့ခ်ျအသင်းသားများသာမက ဘာသာရေးကို စိတ်မဝင်စားသူများပင် လူသေပြီးနောက် တမလွန်ဘ၀ရှိသည်ဟု နည်းအမျိုးမျိုးဖြင့် ယုံကြည်ကြသည်။ ကောင်းကင်ဟူသည် ဆင်းရဲခက်ခဲမှုများ ကင်းမဲ့သောနေရာ၊ “ကွယ်လွန်သွားသည့် ချစ်မြတ်နိုးရသူများ” နှင့် ပြန်လည်ပေါင်းစည်းခွင့်ရသောနေရာ၊ သာယာလှပပြီး ပျော်စရာကောင်းသောနေရာဖြစ်သည်ဟု အများအားဖြင့် ထင်မှတ်ကြသည်။ ကောင်းကင်သို့ လူတိုင်း သွားလိုကြသော်လည်း မည်သူမျှ မသေလိုကြချေ။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသနည်း။

သေပြီးနောက် ကောင်းကင်သို့သွားဖို့ လူတို့ကို ဖန်ဆင်းထားသည်ဆိုလျှင် မိမိ အရွယ်ရောက်လာမည့်အချိန်ကို ကလေးတစ်ဦး စောင့်မျှော်တတ်သည့်နည်းတူ၊ မိမိအိမ်ထောင်ပြုမည့်အချိန်ကို လူငယ်တစ်ဦး မျှော်လင့်သည့်နည်းတူ ကောင်းကင်သွားမည့်အချိန်ကို လူတို့ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြမည်မဟုတ်လော။ သို့သော် လူအများစုမှာ မသေဆုံးလိုကြပေ။

သို့တိုင် ကောင်းကင်ဟူသည် ကျွန်ုပ်တို့နေထိုင်ရန် ရည်ရွယ်ထားသောနေရာဖြစ်သည့်အတွက် မြေကြီးတွင် ခေတ္တသာနေထိုင်ရမည်ဟု တရားဟောဆရာများက ဆိုကြသည်။ ဥပမာ၊ ဝါရှင်တန်ဒီစီမြို့မှ ဂုဏ်ထူးဆောင် ခရစ်ယာန်ဂိုဏ်းချုပ်ဘုန်းတော်ကြီး သီအိုဒေါ အက်ဂါ ကာဒီနယ် မက်ကားရစ်ခ်က ဤသို့ဆိုသည်– “ကျွန်တော်တို့ကို ဒီကမ္ဘာပေါ် အခုလိုပုံစံမျိုးနဲ့ အသက်ရှင်ဖို့ ဖန်ဆင်းထားတာမဟုတ်ဘူး။ ကောင်းကင်မှာနေဖို့ ဖန်ဆင်းထားတာ။” အမေရိကန်နိုင်ငံရှိ ဧဝံဂေလိအသင်းတစ်သင်း (the U.S. National Association of Evangelicals) ၏ ဥက္ကဋ္ဌဟောင်းတစ်ဦးကလည်း ဤသို့ဆိုသည်– “ဘ၀ရည်ရွယ်ချက်ဆိုတာ ဘုရားသခင်ရဲ့ဘုန်းကို ချီးမွမ်းပြီး ကောင်းကင်ကိုသွားဖို့ဖြစ်တယ် . . . ဘာကြောင့်လဲဆိုတော့ ကောင်းကင်က ကျွန်တော်တို့ရဲ့ နေအိမ်ဖြစ်လို့ပဲ။”

လူသေပြီးနောက် ကောင်းကင်သို့သွားသည်ဟူသော ယုံကြည်ချက်သည် မဖြစ်စလောက်အသိပညာပေါ်တွင်သာ အများအားဖြင့် အခြေပြု၏။ လူတို့၏ “လက်ရှိအသက်နှင့် တမလွန်ဘ၀အပေါ် ရှုမြင်ပုံသည် ရုပ်ရှင်၊ တေးဂီတနှင့် စာပေအစရှိသော နယ်ပယ်အသီးသီးမှ ယူဆချက်များကို အခြေခံထားခြင်း” ဖြစ်ကြောင်း ဘာသာရေးယုံကြည်ချက်များကို သုတေသနပြုသည့် ကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သူ ဂျော့ရှ်ဘာနာ တွေ့ရှိခဲ့သည်။ “ကောင်းကင်က ဘုရားသခင် နေထိုင်တဲ့နေရာဖြစ်တယ် ဆိုတာကလွဲလို့ တခြားဘာကိုမှ ကျွန်တော်တို့ မသိဘူး” ဟုဖလော်ရီဒါပြည်နယ်ရှိ ဘရင်ဂျီအသင်း၏ ဓမ္မဆရာတစ်ဦးက ဆိုသည်။

ကောင်းကင်သည် သမ္မာကျမ်းစာတွင်ပါသော အရေးကြီးသည့် အကြောင်းအရာတစ်ခုဖြစ်၏။ သမ္မာကျမ်းစာအရ ကောင်းကင်ဟူသည် မည်သို့သောနေရာဖြစ်သနည်း။ လူသားတို့ကို ကောင်းကင်တွင်နေထိုင်ရန် ဖန်ဆင်းထားခြင်းလော။ လူတို့ ကောင်းကင်ကိုသွားမည်ဆိုလျှင် ထိုတွင် ဘာလုပ်ကြမည်နည်း။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

လူအများသည် ကောင်းကင်သို့ သွားလိုကြသော်လည်း အဘယ်ကြောင့် မသေလိုကြသနည်း