မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူကောင်းအားလုံး ကောင်းကင်သွားသလော

လူကောင်းအားလုံး ကောင်းကင်သွားသလော

လူကောင်းအားလုံး ကောင်းကင်သွားသလော

ယေရှုသည် တမန်တော်များကို ကောင်းကင်တွင် နေစရာပေးမည်ဖြစ်ကြောင်း အသတ်မခံရမီညတွင် သူတို့နှင့် နောက်ဆုံးညစာစားပြီးနောက် ကတိပြုခဲ့သည်။ “ငါ့အဖ၏အိမ်တော်၌ နေစရာအခန်းများစွာ ရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်း သင်တို့အား ငါ ပြောမည်။ အကြောင်းမူကား သင်တို့နေစရာအရပ်ကို ပြင်ဆင်ရန် ငါသွားရမည်” ဟုကိုယ်တော် မိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၂) ယေရှုသည် တမန်တော်များအတွက် ကောင်းကင်တွင် နေစရာအရပ်ကို အဘယ်ကြောင့် ပြင်ဆင်ပေးမည်နည်း။ ထိုတွင် သူတို့ အဘယ်အရာ လုပ်ဆောင်ကြမည်နည်း။

ယေရှုသည် မိမိတပည့်များကို အထူးတာဝန်ပေးရန် စဉ်းစားထားပြီးသားဖြစ်၏။ ထိုညနေခင်းတွင်ပင် ကိုယ်တော် ဤသို့မိန့်ဆိုခဲ့၏– “စုံစမ်းသွေးဆောင်ခြင်းကို ငါခံရစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူများ ဖြစ်ကြ၏။ ငါ့ခမည်းတော်သည် ငါနှင့်ပဋိညာဉ်ဖွဲ့သည့်နည်းတူ ငါသည်လည်း နိုင်ငံတော်အတွက် သင်တို့နှင့် ပဋိညာဉ်ဖွဲ့၏။” (လုကာ ၂၂:၂၈၊ ၂၉) ယေရှုသည် လူသားတို့အတွက် အလိုအပ်ဆုံးအရာတစ်ခုဖြစ်သော အုပ်ချုပ်မှုကောင်းကို ဖွဲ့စည်းတည်ထောင်ပေးမည့် ဘုရင်ဖြစ်မည်ဟု ဘုရားသခင် ကတိပြုပြီးသားဖြစ်သည်။ ယေရှုသည် ဆင်းရဲခက်ခဲနေသူများကို ကယ်တင်ပြီး ညှဉ်းဆဲသူများကို ဖျက်ဆီးပစ်မည်။ ကိုယ်တော်၏လက်အောက်ခံများသည် “မြေကြီးစွန်းတိုင်အောင်” ရှိမည်ဖြစ်သော်လည်း ကိုယ်တော်နန်းထိုင်ရာအရပ်မှာ ကောင်းကင်တွင်ဖြစ်မည်။—ဆာလံ ၇၂:၄၊ ၈သမ္မာ; ဒံယေလ ၇:၁၃၊ ၁၄

သို့သော် ယေရှုတစ်ဦးတည်းက အုပ်ချုပ်သွားမည်မဟုတ်ပေ။ ထို့ကြောင့်ပင် ကောင်းကင်တွင် နေစရာအရပ် ပြင်ဆင်ပေးမည်ဟု တမန်တော်များကို ကိုယ်တော် ကတိပြုခဲ့ခြင်းဖြစ်သည်။ တမန်တော်များသည် “ဘုရင်များအဖြစ် မြေကြီးကို အုပ်စိုး” ရန် ဦးဆုံးရွေးချယ်ခံရသူများ ဖြစ်ကြသည်။—ဗျာ. ၅:၁၀

ကောင်းကင်သွားမည့်သူ မည်မျှရှိသနည်း။ လူ့အစိုးရများနည်းတူ ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် အုပ်ချုပ်မည့်သူများမှာ လက်အောက်ခံများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်သာဖြစ်သည်။ ယေရှုက မိမိနှင့်အတူ အုပ်စိုးမည့်သူများအား “သိုးစုငယ်၊ မကြောက်ကြနှင့်။ အကြောင်းမူကား သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၁၂:၃၂) အဆိုပါ “သိုးစုငယ်” ၏အရေအတွက်မှာ နောက်ဆုံးတွင် ၁၄၄,၀၀၀ ဖြစ်လာမည်။ (ဗျာ. ၁၄:၁) ထိုအရေအတွက်မှာ ဘုရားသခင့်နိုင်ငံတော်ကို သစ္စာရှိရှိထောက်ခံသော လက်အောက်ခံများအဖြစ် ကမ္ဘာမြေပေါ်တွင် ထာဝစဉ်အသက်ရှင်မည့် သန်းပေါင်းများစွာနှင့်နှိုင်းယှဉ်လျှင် နည်းပါးလှ၏။—ဗျာ. ၂၁:၄

သို့ဖြစ်၍ လူကောင်းအားလုံး ကောင်းကင်မသွားကြချေ။ မင်းကောင်းဒါဝိဒ်နှင့်ပတ်သက်၍ တမန်တော်ပေတရုက “ဒါဝိဒ်သည် ကောင်းကင်သို့ တက်သည်မဟုတ်” ဟုရှင်းရှင်းလင်းလင်း မိန့်ဆိုခဲ့၏။ (တမန်တော် ၂:၃၄) နှစ်ခြင်းဆရာယောဟန်သည် လူကောင်းတစ်ဦးဖြစ်၏။ သို့တိုင် သူသည် ကောင်းကင်တွင် ဘုရင်အဖြစ်အုပ်စိုးရန် ချီးမြှောက်ခံရမည်မဟုတ်ဟု ယေရှုဖော်ပြခဲ့သည်။ ယေရှုက “မိန်းမတို့ဖွားမြင်သူများတွင် နှစ်ခြင်းဆရာယောဟန်ထက် သာ၍ကြီးမြတ်သောသူ မပေါ်မထွန်းသေး။ သို့ရာတွင် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ထိုသူထက် သာ၍ကြီးမြတ်၏” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၁၁:၁၁

လူကောင်းများရရှိမည့် ဆုကျေးဇူးကို သင်လည်း ရရှိမည်လော

ကမ္ဘာမြေကြီးပေါ်တွင် ထာ၀စဉ်အသက်ရှင်မည့် ဆုကျေးဇူးကို ရလိုပါက အဘယ်အရာလုပ်ဆောင်ရမည်နည်း။ “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်းတင်ပြသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာ၀ရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” ဟုယေရှု မိန့်ဆိုခဲ့သည်။ (ယောဟန် ၃:၁၆) ဤလောကကို ဘုရားသခင်ချစ်တော်မူသည့်အတွက် လူသားအားလုံး ထာ၀ရအသက်ရနိုင်သော်လည်း “ယုံကြည်ကြောင်းတင်ပြ” သူတို့သာလျှင် ထိုဆုကျေးဇူးကို ရရှိနိုင်မည်ဖြစ်ကြောင်း သတိပြုပါ။

ယုံကြည်ခြင်းသည် တိကျမှန်ကန်သောအသိပညာအပေါ် အခြေပြုရန်လိုသည်။ (ယောဟန် ၁၇:၃) သင်သည် လူသားတို့အတွက် ဘုရားသခင်ရည်ရွယ်ထားရာများကို ပိုမိုလေ့လာသင်ယူခြင်းအားဖြင့် လူကောင်းတစ်ဦးဖြစ်ကြောင်း တင်ပြနိုင်ပါသည်။ သင်ယူသိရှိခဲ့ရာများကို ယုံကြည်ကြောင်း လက်တွေ့ပြပါ။ သင် အမှန်ပင် ထာ၀စဉ်အသက်ရှင်ခွင့် ရရှိမည်ကိုလည်း စိတ်ချပါ။

[စာမျက်နှာ ၇ ပါပုံစာ]

သမ္မာကျမ်းစာ၏အဆိုကား အဘယ်နည်း

မေးခွန်း-

လူကောင်းများ သေဆုံးသောအခါ ဘာဖြစ်သွားကြသနည်း။

အဖြေ-

“သေသောသူမူကား အဘယ်အရာကိုမျှမသိ။”ဒေ. ၉:၅

မေးခွန်း-

ကျမ်းစာသည် သေလွန်သွားသော လူကောင်းများအတွက် အဘယ်မျှော်လင့်ချက် ပေးသနည်း။

အဖြေ-

“သင်္ချိုင်းများမှာ ရှိသောသူအပေါင်းတို့သည် [ယေရှု၏] စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လိမ့်မည်။”ယောဟန် ၅:၂၈၊ ၂၉

မေးခွန်း-

လူကောင်းအများစုသည် မည်သည့်နေရာတွင် နေထိုင်ကြမည်နည်း။

အဖြေ-

“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“မြေကြီး၊” ကဘ] ကို အမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”ဆာလံ ၃၇:၂၉