မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင် သိပါသလော

သင် သိပါသလော

သင် သိပါသလော

ကျမ်းစာခေတ်တွင် စပျစ်ဝိုင်အပြင် အခြားမည်သည့်အရက်ယမကာများကိုလည်း ထုတ်လုပ်သနည်း

ကျမ်းစာတွင် “စပျစ်ဝိုင်နှင့်ယစ်မျိုး” ကို မကြာခဏ ပူးတွဲဖော်ပြထားတတ်သည်။ (တရားဟောရာ ၁၄:၂၆; လုကာ ၁:၁၅) “ယစ်မျိုး” ဟူသောစကားလုံးကြောင့် ယင်းတို့သည် ပေါင်းခံပြီး ချက်လုပ်ထားသော ယမကာများဖြစ်သည်ဟု မယူဆသင့်ချေ။ အကြောင်းမှာ ပေါင်းခံချက်လုပ်နည်းသည် ရာစုနှစ်ပေါင်းများစွာကြာပြီးမှ ပေါ်ပေါက်လာသောကြောင့်ဖြစ်သည်။ အရက်ယမကာများကို စပျစ်သီး၊ စွန်ပလွန်သီး၊ သဖန်းသီး၊ ပန်းသီးနှင့် သလဲသီးတို့အပြင် ပျားရည်ဖြင့်လည်း ပြုလုပ်နိုင်သည်။

ထို့ပြင် “ယစ်မျိုး” ဟူသော စကားလုံးသည် ဘီယာကိုလည်း ရည်ညွှန်းနိုင်သည်။ “ယစ်မျိုး” ဟုပြန်ဆိုထားသော ဟီဘရူးစကားလုံးသည် အကေးဒီးယန်စကားလုံးမှ ဆင်းသက်လာပြီး မက်ဆိုပိုတေးမီးယားဒေသမှ ဘာလီဘီယာကိုလည်း ရည်ညွှန်းနိုင်သည်။ ထိုယမကာတွင် အရက်ပါဝင်မှုနည်းသော်လည်း များစွာသောက်မည်ဆိုလျှင် မူးယစ်စေနိုင်သည်။ (သု. ၂၀:၁) ရှေးခေတ်အီဂျစ် သင်္ချိုင်းဂူများတွင် ဘီယာချက်လုပ်နေပုံကို ထုလုပ်ထားသည့် ရွှံ့စေးအရုပ်များနှင့် ဘီယာချက်လုပ်နေသူများ၏ပုံကို ဆွဲထားသည့် ပန်းချီကားများကို တွေ့ ရှိရသည်။ ဘေဘီလုန်နိုင်ငံတွင် အထက်တန်းလွှာများရော၊ ဆင်းရဲသားများပါ ဘီယာကို နေ့စဉ်သောက်သုံးလေ့ရှိသည်။ ပါလက်စတိုင်းလူမျိုးများလည်း သောက်သုံးကြသည်။ ရှေးဟောင်းသုတေသနပညာရှင်များသည် ပါလက်စတိုင်းဒေသတစ်လျှောက်တွင် ရေစစ်တပ်ထားသော ကရားများကို တွေ့ ရှိခဲ့ကြ၏။ ချက်ထားသော ဘာလီစေ့၏ အခွံများကို ဘီယာသောက်သုံးသူများ မမျိုချမိစေရန် ထိုကရားများက ဘီယာကို ရေစစ်သဖွယ် စစ်ထုတ်ပေးသည်။

တမန်တော်ပေါလုခေတ်တွင် အချို့အချိန်များ၌ ရေကြောင်းခရီးသွားခြင်းက အဘယ်ကြောင့် အန္တရာယ်ပိုများသနည်း

တမန်တော်ပေါလု စီးနင်းလိုက်ပါလာသော သင်္ဘောသည် အာရှမိုင်းနားကမ်းရိုးတန်းတစ်လျှောက် အနောက်ဘက်သို့ ဦးတည်ရာတွင် လေမသင့်သောကြောင့် အချိန်အတော်ကြာ ရွက်လွှင့်ခဲ့ရသည်။ သင်္ဘောသည် တစ်နေရာသို့ရောက်သောအခါ “အစာရှောင်ရာနေ့ကြီးပင် လွန်ပြီဖြစ်၍ ရေကြောင်းခရီးသွားရန် အန္တရာယ်ရှိ” ကြောင်း ကျမ်းစာမှတ်တမ်းက ဆိုသည်။ ခရီးဆက်လျှင် “သင်္ဘောနှင့်ကုန်များ ဆုံးရှုံးရုံမက [သူတို့၏] အသက်လည်းဆုံးရှုံး” နိုင်မည့်အန္တရာယ်ကို ရင်ဆိုင်ရလိမ့်မည်ဟု ခရီးဖော်များအား ပေါလု သတိပေးခဲ့သည်။—တမန်တော် ၂၇:၄-၁၀

အစာရှောင်ရာနေ့ကြီးသည် စက်တင်ဘာလနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလအစောပိုင်းတွင် ကျရောက်တတ်သည်။ မေ ၂၇ ရက်မှ စက်တင်ဘာ ၁၄ ရက်ကြားတွင် ရေကြောင်းခရီးသွားလျှင် အများအားဖြင့် အန္တရာယ်ကင်းလေ့ရှိကြောင်း ရောမသင်္ဘောသားများ သိရှိကြသည်။ သို့သော် စက်တင်ဘာ ၁၄ ရက်နှင့် နိုဝင်ဘာ ၁၁ ရက်ကြားတွင် ရေကြောင်းခရီးသွားလျှင်မူ အန္တရာယ်ရှိနိုင်သည်။ ထို့ပြင် နိုဝင်ဘာ ၁၁ ရက်မှ မတ် ၁၀ ရက်ကြားကာလသည် ပင်လယ်လမ်းခရီးတွင် အန္တရာယ်အများဆုံးအချိန်ဖြစ်သည်။ ထိုသို့ဖြစ်ရသည့် အကြောင်းရင်းတစ်ခုမှာ ရာသီဥတု မတည်ငြိမ်ခြင်းဖြစ်သည်ဟု ပေါလု ဆက်ကြုံတွေ့ရသည့် အဖြစ်အပျက်က ဖော်ပြသည်။ (တမန်တော် ၂၇:၁၃-၄၄) သင်္ဘောသားများသည် ရွက်လွှင့်ရာတွင် ပြင်းထန်သောမုန်တိုင်းများနှင့် အခက်အခဲများစွာကို ကြုံရလေ့ရှိသည်။ မိုးတိမ်များကြောင့် နေ့အချိန်တွင် နေကို မမြင်ရသည့်အပြင် ညအချိန်တွင်လည်း ကြယ်များကို မတွေ့ရချေ။ ထို့ပြင် မြူခိုးများနှင့် မိုးရွာသွန်းမှုတို့ကြောင့် ဖြစ်လာနိုင်ဖွယ်ရှိသော အန္တရာယ်များကို သဲသဲကွဲကွဲမမြင်ရဘဲ ဖြစ်တတ်သည်။

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

အီဂျစ်နိုင်ငံမှ သစ်သား ဘီယာဘူးများ၏ ပုံစံ

[Credit Line]

Erich Lessing/Art Resource NY

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

အေဒီ ၁၀၀-၂၀၀ ခန့်မှ ရောမကုန်တင်သင်္ဘော

[Credit Line]

Pictorial Archive (Near Eastern History) Est.