မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့

ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့

သူတို့၏ယုံကြည်ခြင်းကို တုပကြလော့

ခွင့်လွှတ်ခြင်းအကြောင်းကို သခင့်ထံမှ သူသင်ယူခဲ့

ပေတရုသည် မျက်လုံးချင်းဆုံလိုက်ရသည့် ထိုထိတ်လန့်ဖွယ် တဒင်္ဂအချိန်လေးကို မည်သည့်အခါမျှ မေ့နိုင်တော့မည်မဟုတ်ပါ။ ယေရှု၏အကြည့်တွင် စိတ်ပျက်သွားသော သို့မဟုတ် အပြစ်တင်လိုသော အရိပ်အယောင်ကို သူ တွေ့လိုက်ရသလော။ အတိအကျ မပြောနိုင်ပါ။ “သခင်သည် ပေတရုကို လှည့်ကြည့်” တော်မူ၏ဟုသာ ကျမ်းစာတွင် ဖော်ပြထားသည်။ (လုကာ ၂၂:၆၁) သို့သော် ပေတရုသည် သူ့အမှားမည်မျှကြီးလေးကြောင်း ထိုအကြည့်တစ်ချက်တည်းတွင်ပင် သိလိုက်ရသည်။ ယေရှုကြိုပြောခဲ့သည့်အရာ၊ မည်သည့်အခါမျှ ထိုသို့လုပ်မည်မဟုတ်ဟု သူကိုယ်တိုင် အခိုင်အမာ ပြောဆိုခဲ့သည့်အရာကိုမှ ပေတရု ကျူးလွန်ခဲ့သည်။ ယင်းမှာ ချစ်လှစွာသောသခင်ကို သူ ငြင်းပယ်မိခြင်းပင်။ ထိုအချိန်သည် ပေတရုအတွက် စိတ်အထိခိုက်ဆုံးအချိန်ဖြစ်သည်။ သူ့ဘ၀တွင် အဆိုးဆုံးရက်တစ်ရက်၏ အဆိုးဆုံးအချိန်ပင် ဖြစ်နိုင်သည်။

သို့သော် ယင်းသည် ပေတရုအတွက် မျှော်လင့်ချက်မဲ့သောအခြေအနေမဟုတ်ပါ။ အကြောင်းမှာ ပေတရုသည် ယုံကြည်ခြင်းခိုင်ခံ့သူဖြစ်သည်။ အမှားများကို ပြုပြင်ရန်၊ ယေရှုသွန်သင်ခဲ့သော အကြီးမြတ်ဆုံးသင်ခန်းစာများအနက် တစ်ခုအကြောင်းကို သင်ယူရန် သူ့တွင် အခွင့်အရေးရှိသေးသည်။ ထိုသင်ခန်းစာသည် ခွင့်လွှတ်ခြင်းနှင့်သက်ဆိုင်သည်။ ကျွန်ုပ်တို့တစ်ဦးစီလည်း ယင်းကို သင်ယူဖို့လိုသည်ဖြစ်ရာ ထိုခက်ခဲသောသင်ခန်းစာကို ပေတရု မည်သို့သင်ယူခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။

သင်ယူစရာများစွာရှိသူ

လွန်ခဲ့သောခြောက်လခန့်တွင် ပေတရုက ဇာတိမြို့ဖြစ်သော ကပေရနောင်၌ ယေရှုထံချဉ်းကပ်ကာ “သခင်၊ ကျွန်ုပ်၏ညီအစ်ကိုသည် ကျွန်ုပ်ကို ပြစ်မှားလျှင် အကြိမ်မည်မျှ ခွင့်လွှတ်ရပါမည်နည်း။ ခုနစ်ကြိမ်တိုင်အောင်လော” ဟုမေးလေသည်။ သူ့ကိုယ်သူ သဘောထားကြီးလှပြီဟု ပေတရု ယူဆပုံရသည်။ ထို့ပြင် ထိုခေတ်ရှိ ဘာသာရေးခေါင်းဆောင်များက သုံးကြိမ်သာ ခွင့်လွှတ်ရမည်ဟု သွန်သင်ထားသည်။ ယေရှုက “ခုနစ်ကြိမ်တိုင်အောင်မဟုတ်။ ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်အောင် ခွင့်လွှတ်ရမည်” ဟုပြန်မိန့်ဆိုသည်။—မဿဲ ၁၈:၂၁၊ ၂၂

ပြစ်မှားသူ၏လုပ်ရပ်များကို ပေတရု အတိအကျမှတ်သားထားရမည်ဟု ယေရှု မိန့်ဆိုနေခြင်းလော။ မဟုတ်ပါ။ ယင်းအစား ပေတရုပြောသည့် ၇ ကြိမ်ကို ၇၇ ကြိမ်အထိ တိုးလိုက်ခြင်းက အကြိမ်အကန့်အသတ်မရှိ ခွင့်လွှတ်သင့်ကြောင်း ကိုယ်တော် ဆိုလိုနေခြင်းဖြစ်သည်။ ပေတရုသည် ထိုခေတ်တွင် ပျံ့နှံ့နေသည့် စာနာစိတ်ကင်းမဲ့သော၊ ခွင့်မလွှတ်တတ်သော သဘောထားတို့ လွှမ်းမိုးခံနေရသည်ဟု ယေရှုထောက်ပြခဲ့သည်။ သူတစ်ပါးက မိမိကို အကြိမ်မည်မျှပြစ်မှားကြောင်း စာရင်းစာအုပ်တွင် ရေးမှတ်လေ့ရှိသူတစ်ဦးနှင့်တူသည်။ သို့သော် ဘုရားသခင့်စံနှုန်းများကို အခြေပြုသော ခွင့်လွှတ်မှုမှာ ရက်ရောလှ၏။

ပေတရုသည် ယေရှုကို ပြန်၍ခံမငြင်းပါ။ သို့သော် ယေရှုသွန်သင်ပေးရာသည် သူ့စိတ်နှလုံးကို ထိမိပါသလော။ တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်း၏အရေးကြီးမှုကို မိမိကိုယ်တိုင် ခွင့်လွှတ်ခံရဖို့ အလွန်အမင်းလိုအပ်ချိန်မှသာ သဘောပေါက်လေ့ရှိသည်။ သို့ဖြစ်၍ ယေရှုသေဆုံးခါနီးအချိန်တွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များအကြောင်း ပြန်သုံးသပ်ကြစို့။ ထိုခက်ခဲသောအချိန်တွင် ပေတရုသည် သခင်ကို အကြိမ်များစွာ ပြစ်မှားခဲ့သောကြောင့် ခွင့်လွှတ်ခံရဖို့ များစွာလိုအပ်ခဲ့သည်။

ခွင့်လွှတ်မှု ပို၍လိုအပ်လာ

ယေရှု၏မြေကြီးအသက်တာတွင် နောက်ဆုံးညဖြစ်သော အရေးကြီးဆုံးညကို ရောက်လာပြီ။ ကိုယ်တော့်တွင် တမန်တော်များကို သွန်သင်ပေးစရာများစွာ ရှိနေသေးသည်။ ဥပမာ၊ နှိမ့်ချခြင်းနှင့်ဆိုင်သော သင်ခန်းစာဖြစ်သည်။ ကိုယ်တော်သည် သူတို့၏ခြေကို နှိမ့်ချစွာ ဆေးကြောကာ စံနမူနာပြခဲ့သည်။ ယင်းသည် အစေခံကျွန်များကိုသာ ခိုင်းစေလေ့ရှိသော အနိမ့်ကျဆုံးအလုပ်ဖြစ်သည်။ ပထမပိုင်းတွင် ပေတရုသည် ယေရှု၏လုပ်ရပ်ကို မေးခွန်းထုတ်သည်။ ထို့နောက် သူ လက်မခံနိုင်ကြောင်း ငြင်းဆိုသည်။ သူ၏ခြေကိုသာမက လက်နှင့်ဦးခေါင်းကိုပါ ဆေးကြောပေးပါဟု ကိုယ်တော့်ကို သူ ထပ်၍တောင်းဆိုပြန်သည်။ ကိုယ်တော်သည် သူ့ကို စိတ်ရှည်မှုဆက်ပြကာ ထိုလုပ်ရပ်၏အရေးကြီးမှုနှင့် အဓိပ္ပာယ်ကို ဒေါသမထွက်ဘဲ အေးအေးဆေးဆေး ရှင်းပြခဲ့သည်။—ယောဟန် ၁၃:၁-၁၇

သို့သော် များမကြာမီပင် တမန်တော်များသည် မည်သူအကြီးမြတ်ဆုံးဖြစ်ကြောင်း ငြင်းခုံကြပြန်သည်။ လူ့မာန်မာနကို ဖော်ပြသည့် ရှက်ဖွယ်ကောင်းသော ထိုငြင်းခုံမှုတွင် ပေတရုလည်း ပါဝင်မည်မှာ မလွဲပေ။ သို့တိုင် ယေရှုသည် သူတို့ကို ကြင်နာစွာ ပဲ့ပြင်ပေးရုံသာမက သူတို့၏ကောင်းကွက်ကိုပင် ချီးမွမ်းခဲ့သည်။ ထိုကောင်းကွက်မှာ သခင်ဖြစ်သူယေရှုကို သစ္စာမဖောက်ဘဲ သူတို့ ဆက်၍တည်ကြည်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တမန်တော်များသည် မိမိကိုစွန့်၍ ထွက်ပြေးသွားကြမည်ဖြစ်ကြောင်းကိုလည်း ကိုယ်တော် ကြိုပြောသည်။ ထိုစဉ် ပေတရုက အသက်ပင်သေပါစေ ကိုယ်တော်ကို မည်သည့်အခါမျှ မစွန့်ပါဟု ပြန်ပြောလေသည်။ သို့သော် ကိုယ်တော်က ပေတရုသည် ကြက်နှစ်ကြိမ်မတွန်မီ ထိုညတွင်ပင် မိမိကို သုံးကြိမ်တိုင်တိုင်ငြင်းဆိုလိမ့်မည်ဟု ကြိုပြောသည်။ သို့တိုင် ပေတရုက ကိုယ်တော့်စကားကို ပြန်၍ခံငြင်းရုံသာမက အခြားတမန်တော်များထက်ပင် မိမိ ပို၍သစ္စာရှိမည်ဟု ကြွားဝါလိုက်သေးသည်။—မဿဲ ၂၆:၃၁-၃၅; မာကု ၁၄:၂၇-၃၁; လုကာ ၂၂:၂၄-၂၈

ပေတရုကို ယေရှု စိတ်ကုန်စပြုလာပြီလော။ အမှန်မှာ ထိုခက်ခဲသော အချိန်တစ်လျှောက်လုံးတွင် ကိုယ်တော်သည် မစုံလင်သော တမန်တော်များ၏ကောင်းကွက်ကို အမြဲရှာဖွေခဲ့သည်။ မိမိကို ပေတရု ငြင်းပယ်မည်ဖြစ်ကြောင်းသိလျက်နှင့် ကိုယ်တော်က “သင်၏ယုံကြည်ခြင်းအားမနည်းစေရန် ငါသည် သင့်အတွက် တိုးလျှိုးအသနားခံဆုတောင်းပေးလေပြီ။ သင်သည် နောင်တရသောအခါ သင်၏ညီအစ်ကိုတို့ကို ခွန်အားပေးလော့” ဟုမိန့်ဆိုတော်မူသည်။ (လုကာ ၂၂:၃၂) ယင်းက ပေတရုသည် သူ့အမှားကို နောင်တယူကာ လုပ်ငန်းတော်တွင် သစ္စာရှိရှိဆက်၍ပါဝင်မည်ကို ယုံကြည်စိတ်ချကြောင်း ကိုယ်တော် ဖော်ပြလိုက်ခြင်းဖြစ်သည်။ အလွန်ပင် ကြင်နာသော၊ ခွင့်လွှတ်တတ်သော စိတ်ဓာတ်မဟုတ်ပေလော။

နောက်ပိုင်းတွင် ဂေသရှေမန်ဥယျာဉ်၌ ပေတရုသည် ဆုံးမခံရရန် တစ်ကြိမ်ထက်မက လိုအပ်ခဲ့သည်။ ယေရှုက မိမိဆုတောင်းနေစဉ် စောင့်နေကြရန် ယာကုပ်နှင့်ယောဟန်အပြင် ပေတရုကိုပါ မိန့်မှာခဲ့သည်။ ကိုယ်တော်သည် ပြင်းပြသော စိတ်ဖိစီးမှုခံစားရကာ အားပေးထောက်မမှု လိုအပ်နေချိန်တွင် ပေတရုနှင့် အခြားတမန်တော်များသည် ခဏခဏ အိပ်ပျော်သွားကြသည်။ သို့တိုင် ယေရှုက “စိတ်ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်မူကား အားနည်း၏” ဟုမိန့်ဆို၍ သူတို့ကို စာနာခွင့်လွှတ်ကြောင်း ဖော်ပြခဲ့၏။—မာကု ၁၄:၃၂-၃၈

များမကြာမီ မီးတုတ်များ၊ ဓားများနှင့် တုတ်များကိုင်ဆောင်ထားသော လူတစ်စုရောက်လာသည်။ သတိကြီးစွာထားပြီး လိမ္မာပါးနပ်စွာ လုပ်ဆောင်ရမည့်အချိန်ပင်။ သို့သော် ပေတရုသည် စိတ်မြန်လက်မြန်ဖြင့် ဓားကိုဆွဲထုတ်ကာ ယဇ်ပုရောဟိတ်မင်းကြီး၏ ကျွန်တစ်ဦးဖြစ်သူ မာလခု၏ဦးခေါင်းကို ရွယ်ပြီးခုတ်လိုက်ရာ နားရွက်တစ်ဖက်ပြတ်သွားလေသည်။ ယေရှုသည် ပေတရုအမှားကို အေးဆေးစွာ တည့်မတ်ပေးပြီး ဒဏ်ရာကို ကုသပေးကာ နောက်လိုက်များကို ယနေ့တိုင် လမ်းညွှန်ပေးနေဆဲဖြစ်သော အကြမ်းမဖက်ရေးနှင့်ဆိုင်သည့် မူတစ်ခုအကြောင်း ရှင်းပြခဲ့သည်။ (မဿဲ ၂၆:၄၇-၅၅; လုကာ ၂၂:၄၇-၅၁; ယောဟန် ၁၈:၁၀၊ ၁၁) ပေတရုသည် သခင်ကို အကြိမ်များစွာပြစ်မှားခဲ့သောကြောင့် ခွင့်လွှတ်ခံရဖို့ များစွာလိုအပ်ခဲ့သည်။ “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ” ကြောင်း သူ၏အဖြစ်အပျက်က ကျွန်ုပ်တို့ကို သတိပြုမိစေသည်။ (ယာကုပ် ၃:၂) ကျွန်ုပ်တို့သည် ဘုရားသခင်၏ခွင့်လွှတ်မှုကို နေ့တိုင်း လိုအပ်သည်မဟုတ်လော။ ထိုညတွင် ပေတရု၏အမှားများ မပြီးဆုံးသေးပါ။ အဆိုးဆုံးအမှားတစ်ခု ကျန်သေးသည်။

ပေတရု၏အဆိုးဆုံးအမှား

မိမိကိုရှာသည်ဆိုလျှင် တမန်တော်များကို ထွက်သွားခွင့်ပေးရန် လူအုပ်ကို ယေရှု ပြောပြသည်။ ထိုအခါ လူအုပ်က ကိုယ်တော့်ကို ဖမ်းဆီးချုပ်နှောင်ကြရာ ပေတရုသည် မည်သည့်အကူအညီမျှမပေးနိုင်ဘဲ ထိုအတိုင်းသာ ကြည့်နေခဲ့ရသည်။ ထို့နောက် အခြားတမန်တော်များနည်းတူ ပေတရု ထွက်ပြေးတော့သည်။

ပေတရုနှင့်ယောဟန်တို့သည် ထွက်ပြေးနေရာမှ ရပ်တန့်လိုက်သည်။ ယေရှုကို စစ်ဆေးမေးမြန်းရန် ဦးဆုံးခေါ်သွားသည့်နေရာဖြစ်သော ယခင်ကယဇ်ပုရောဟိတ်မင်းကြီးဖြစ်ခဲ့သူ အန္န၏ နေအိမ်အနီးတွင် ဖြစ်နိုင်သည်။ ယေရှုကို ထိုနေရာမှ ခေါ်ထုတ်သွားသောကြောင့် ပေတရုနှင့်ယောဟန်သည် ကိုယ်တော့်နောက် “ခပ်လှမ်းလှမ်းမှ” လိုက်လာ၏။ (မဿဲ ၂၆:၅၈; ယောဟန် ၁၈:၁၂၊ ၁၃) ပေတရုသည် သူရဲဘောကြောင်သူ မဟုတ်ပါ။ ထိုသို့နောက်ယောင်ခံလိုက်ရန် အတော်အတန် သတ္တိရှိဖို့လိုမည်မှာ သေချာသည်။ ယေရှုကို ဖမ်းဆီးသွားသော လူအုပ်သည် လက်နက်များ ကိုင်ဆောင်ထားပြီး ထိုသူတို့ထဲမှတစ်ဦးကိုလည်း ဒဏ်ရာရအောင် ပေတရုလုပ်ခဲ့ပြီးပြီ။ သို့တိုင် လိုအပ်လျှင် သခင်နှင့်အတူ အသေခံရန် အသင့်ရှိပါသည်ဟု သူ ကိုယ်တိုင် ကတိပြုခဲ့သော်လည်း ထိုကတိအတိုင်း သူ မလုပ်ဆောင်ခဲ့ကြောင်း ဤတွင် သိရသည်။—မာကု ၁၄:၃၁

ပေတရုကဲ့သို့ပင် ယနေ့ခေတ်ရှိ လူများစွာသည် မည်သူမျှ သတိမထားမိသော လမ်းစဉ်အတိုင်း ယေရှုနောက်သို့ “ခပ်လှမ်းလှမ်းမှ” လိုက်လိုကြသည်။ သို့တိုင် ခရစ်တော်နောက်သို့ အနီးကပ်လိုက်လျှောက်ခြင်းကသာ အကောင်းဆုံးနည်းဖြစ်ကြောင်း နောက်ပိုင်းတွင် ပေတရု ရေးခဲ့သည်။ မည်သည့်အကျိုးဆက်ကို ရရှိပါစေ ကဏ္ဍတိုင်းတွင် ကိုယ်တော့်စံနမူနာကို အတုယူခြင်းသည် ထိုသို့လိုက်လျှောက်ခြင်းဖြစ်၏။—၁ ပေတရု ၂:၂၁

ပေတရုသည် ယေရှုကို ခေါ်ဆောင်လာသူများနောက်သို့ သတိကြီးစွာ လိုက်လာရာ ဂျေရုဆလင်ရှိ ခမ်းနားကြီးကျယ်သော အိမ်တစ်အိမ်ရှေ့အထိ ရောက်လာသည်။ ထိုအိမ်သည် ချမ်းသာပြီး ဩဇာအာဏာကြီးသော ယဇ်ပုရောဟိတ်မင်းကြီး ကယာဖ၏ နေအိမ်ဖြစ်သည်။ ထိုအိမ်များသည် ခြံဝင်းကျယ်တွင် ဆောက်လုပ်ထားပြီး အရှေ့မျက်နှာစာတွင် ဂိတ်တံခါးတစ်ခုရှိသည်။ ပေတရုသည် ထိုဂိတ်တံခါးသို့ရောက်သောအခါ အထဲသို့ ဝင်ခွင့်မရချေ။ ခြံဝင်းထဲတွင်ရောက်နှင့်နေသော ယောဟန်က ပြန်ထွက်လာပြီး တံခါးမှူးကို ခွင့်တောင်းကာ ပေတရုကို ဝင်စေသည်။ သို့တိုင် ပေတရုသည် ယောဟန်နှင့်အတူ နီးနီးကပ်ကပ်နေပုံမရချေ။ ထို့ပြင် အိမ်ထဲသို့ဝင်ကာ သခင့်အပါးတွင် မားမားမတ်မတ်ရပ်တည်ရန်လည်း ကြိုးစားခဲ့ပုံမရပါ။ ချမ်းစိမ့်နေသော ထိုညတွင် ကျေးကျွန်များနှင့် အိမ်စေများ မီးလှုံနေသော မီးပုံရှိရာ ခြံဝင်းထဲ၌ပင် သူ နေရစ်ခဲ့သည်။ ထို့နောက် အိမ်ထဲတွင် အမှုစစ်ဆေးခံနေရသော ယေရှုအကြောင်း မဟုတ်မမှန် သက်သေထွက်ဆိုကြသူများ ဝင်ထွက်သွားလာနေသည်ကို သူ ကြည့်နေလိုက်သည်။—မာကု ၁၄:၅၄-၅၇; ယောဟန် ၁၈:၁၅၊ ၁၆၊ ၁၈

ပေတရုကို ခြံဝင်းထဲဝင်ခွင့်ပြုလိုက်သော မိန်းကလေးသည် မီးရောင်ကြောင့် ပေတရုကို ကောင်းစွာ မြင်နိုင်လေပြီ။ ပေတရုကို သူ သိသည်။ ထို့ကြောင့် သူက “သင်လည်း ဂါလိလဲပြည်သား ယေရှု၏ အပေါင်းပါဖြစ်သည်” ဟုစွပ်စွဲတော့သည်။ ပေတရုလည်း ရုတ်တရက်အငိုက်မိသွားပြီး ယေရှုကို မသိ၊ ထိုမိန်းကလေး ပြောလိုက်သောအရာကိုပင် နားမလည်ဟုဆိုကာ ငြင်းဆိုလေသည်။ ထို့နောက် လူများသတိမပြုမိအောင် ခြံဝင်းတံခါးနားတွင် သူ သွားရပ်နေလိုက်သည်။ သို့သော် နောက်မိန်းကလေးတစ်ဦးက သူ့ကို သတိပြုမိသွားပြီး “ဤသူသည် နာဇရက်မြို့သား ယေရှုနှင့်ပေါင်းဖော်သူဖြစ်သည်” ဟုဆိုသော် ပေတရုက “ထိုသူကို ငါမသိ” ဟုကျိန်ဆိုလေ၏။ (မဿဲ ၂၆:၆၉-၇၂) ထိုသို့ ဒုတိယအကြိမ်ငြင်းဆိုပြီးနောက် ကြက်တွန်သံကို ပေတရု ကြားခဲ့ဖွယ်ရှိသည်။ သို့တိုင် မကြာသေးမီ နာရီပိုင်းခန့်က ယေရှုကြိုပြောခဲ့သော အချက်ကို ပြန်မမှတ်မိနိုင်လောက်အောင် သူ စိတ်ရှုပ်ထွေးနေခဲ့သည်။

ပေတရုသည် လူတို့မမြင်သာအောင် အချိန်အတော်ကြာသည့်အထိ အသည်းအသန် ကြိုးစားနေဆဲဖြစ်သည်။ သို့သော် ခြံဝင်းထဲရှိလူတစ်စုသည် ပေတရုအနားသို့ ချဉ်းကပ်လာသည်။ ထိုလူများအနက်တစ်ဦးမှာ ဒဏ်ရာရအောင် ပေတရုလုပ်လိုက်သော မာလခုနှင့် ဆွေမျိုးတော်စပ်သူဖြစ်သည်။ သူက ပေတရုကို “သင်သည် ဥယျာဉ်၌ ထိုသူနှင့်အတူ ရှိသည်ကို ငါမြင်ခဲ့သည်မဟုတ်လော” ဟုဆိုသည်။ ထိုသူတို့၏အဆို မှားယွင်းနေသည်ဟု ပေတရု တထစ်ချ ယူဆစေလိုသည်။ သို့နှင့် သူ ကျိန်ဆိုလေသည်။ လိမ်လည်ခဲ့ပါက ဘေးတစ်စုံတစ်ရာသက်ရောက်ပါစေဟု အခိုင်အမာပြောဆိုခဲ့ကြောင်း ထင်ရှားသည်။ ထိုသို့ သူကျိန်ဆိုပြီး မကြာမီလေးတွင်ပင် ကြက်တွန်လေတော့သည်။ ထိုညတွင် ကြက်တွန်သံကို ပေတရု ဒုတိယအကြိမ် ကြားရခြင်းဖြစ်သည်။—ယောဟန် ၁၈:၂၆၊ ၂၇; မာကု ၁၄:၇၁၊ ၇၂

ယေရှုသည် ခြံဝင်းကို အပေါ်စီးမှလှမ်းမြင်ရသော လသာဆောင်သို့ ထွက်လာသည်။ ဆောင်းပါးအစပိုင်းတွင် ဖော်ပြထားသည့်အတိုင်း ထိုအချိန်တွင် ယေရှုနှင့် ပေတရုတို့နှစ်ဦး မျက်လုံးချင်းဆုံမိကြသည်။ သခင့်အပေါ် အလွန်ကြီးလေးသောအပြစ် ကျူးလွန်မိကြောင်း ထိုတဒင်္ဂအချိန်လေးတွင် ပေတရု သိလိုက်သည်။ ခြံဝင်းအပြင်သို့ သူ ထွက်လာခဲ့သည်။ မှားခဲ့ပြီဟူသောအသိစိတ်ကြောင့် သူ ယူကျုံးမရဖြစ်သွားသည်။ လပြည့်ည၏အလင်းရောင်ဖြင့် လင်းထိန်နေသောလမ်းတစ်လျှောက် မြို့ထဲသို့ သူ ဦးတည်လျှောက်လာခဲ့သည်။ မျက်ရည်များရစ်ဝိုင်းလာသောကြောင့် မြင်ကွင်းတို့မှာ ဝေဝါးနေ၏။ နောက်ဆုံးတွင် သူ ချုံးပွဲချ ငိုကြွေးလေတော့သည်။—မာကု ၁၄:၇၂; လုကာ ၂၂:၆၁၊ ၆၂

လူတစ်ဦးသည် မိမိကျူးလွန်ခဲ့သောအမှား မည်မျှတိုင်ကြီးလေးကြောင်း သိရှိလာသောအခါ ထိုအမှားသည် ခွင့်လွှတ်မှုမရနိုင်လောက်အောင် ဆိုးရွားလွန်းလှသည်ဟု ယူမှတ်မိရန် အလွန်လွယ်ကူလှသည်။ ပေတရုလည်း သူ့ကိုယ်သူ ထိုသို့ပင် ယူမှတ်မိပေမည်။ သူ ခွင့်လွှတ်မှုရနိုင်ပါဦးမည်လော။

ပေတရု ခွင့်လွှတ်မှုမရနိုင်တော့ပြီလော

မနက်မိုးလင်းလာပြီးနောက် ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ဖြစ်ပျက်လာချိန်တွင် ပေတရု မည်မျှတိုင် စိတ်နာကျင်နေမည်ကို ခန့်မှန်းရန် မလွယ်ကူပါ။ ယေရှုသည် ပြင်းပြသော ဝေဒနာကို နာရီနှင့်ချီ၍ ခံစားပြီးနောက် ထိုနေ့လယ်ခင်းတွင် သေဆုံးသွားစဉ် ပေတရုသည် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်၍ မဆုံးနိုင်အောင် ဖြစ်နေပေမည်။ လူသားတစ်ဦးအနေဖြင့် သခင်၏ နောက်ဆုံးနေ့တွင် မိမိက ဝေဒနာကို ပို၍တိုးစေခဲ့ကြောင်း တွေးမိလိုက်တိုင်း သူစိတ်ထိခိုက်မည်မှာ သေချာသည်။ သို့တိုင် ပေတရုသည် အလွန်နာကျင်ကြေကွဲသော်လည်း ယင်းကြောင့် နာလန်မထူနိုင်သည့်အဖြစ်မျိုး သူ အရောက်မခံခဲ့ချေ။ သူသည် ညီအစ်ကိုများနှင့်အတူရှိနေသည်ဟု မှတ်တမ်းတွင် ဖတ်ရသောကြောင့် ထိုအချက်ကို ကျွန်ုပ်တို့ သိနိုင်သည်။ (လုကာ ၂၄:၃၃) တမန်တော်များအားလုံးသည် ဆိုးရွားလှသော ထိုညတွင် မိမိတို့ပြုမူခဲ့မိရာများအတွက် နောင်တရကြမည်မှာ မလွဲပေ။ သူတို့ တစ်ဦးကိုတစ်ဦး အပြန်အလှန် နှစ်သိမ့်ကြပေမည်။

ဤတွင် ပေတရု၏အကောင်းဆုံး ဆုံးဖြတ်ချက်များအနက် တစ်ခုအကြောင်း ကျွန်ုပ်တို့ သိရသည်။ ဘုရားသခင့်ကျေးကျွန်တစ်ဦး အမှားကျူးလွန်မိသောအခါ ထိုအမှား မည်မျှတိုင်ကြီးလေးပါစေ အရေးကြီးဆုံးအရာမှာ ကိစ္စရပ်များကို ပြုပြင်တည့်မတ်မည်ဟူသော စိတ်ပိုင်းဖြတ်ချက်ဖြင့် ပြန်ကြိုးစားရန်ဖြစ်သည်။ (သု. ၂၄:၁၆) ပေတရုသည် စိတ်သောကရောက်နေသော်လည်း သူ၏ညီအစ်ကိုများနှင့် ပြန်ပေါင်းသင်းခြင်းဖြင့် စစ်မှန်သောယုံကြည်ခြင်းကို တင်ပြခဲ့သည်။ တစ်စုံတစ်ဦးသည် ကြေကွဲမှု သို့မဟုတ် နောင်တကြောင့် စိတ်ဖိစီးမှုခံနေရစဉ် တစ်ကိုယ်တည်း သီးခြားနေလိုမည်ဖြစ်သော်လည်း ယင်းက အန္တရာယ်ရှိသည်။ (သု. ၁၈:၁သမ္မာ) ထို့ကြောင့် ယုံကြည်သူခရစ်ယာန်ချင်းများနှင့် ပေါင်းသင်းကာ ဘုရားသခင်အား ဆက်ဝတ်ပြုနိုင်ဖို့ လိုအပ်သောခွန်အားကို ပြန်လည်ရယူခြင်းက ပညာရှိသောလမ်းစဉ်ဖြစ်သည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅

ပေတရုသည် ယုံကြည်ခြင်းတူသော ညီအစ်ကိုချင်းများနှင့်အတူရှိနေသောကြောင့် အံ့အားသင့်ဖွယ် သတင်းကို ကြားလိုက်ရသည်။ ယေရှု၏ရုပ်အလောင်းသည် သင်္ချိုင်းဂူထဲတွင် မရှိတော့ချေ။ ယေရှုကိုသင်္ဂြိုဟ်ပြီး တံဆိပ်ခတ်၍ ပိတ်ထားသော သင်္ချိုင်းဂူရှိရာသို့ ပေတရုနှင့်ယောဟန် ပြေးသွားလေသည်။ အသက်ပိုငယ်ပုံရသော ယောဟန်က အရင်ရောက်သည်။ သင်္ချိုင်းဂူအ၀ကို ဖွင့်လျက်သား တွေ့လိုက်ရသောကြောင့် သူ နောက်တွန့်သွားသည်။ ပေတရုမှာမူ နောက်မတွန့်ခဲ့ချေ။ အပြေးအလွှားလာရသောကြောင့် အမောဆို့နေသော်လည်း တုံ့ဆိုင်းမနေဘဲ ဂူအတွင်းသို့ သူ တန်းဝင်သွားသည်။ သင်္ချိုင်းဂူသည် ဗလာကျင်းဖြစ်နေ၏။—ယောဟန် ၂၀:၃-၉

ယေရှု ရှင်ပြန်ထမြောက်သွားပြီဖြစ်ကြောင်း ပေတရု ယုံကြည်ခဲ့သလော။ အစပိုင်းတွင် သူ မယုံခဲ့ပါ။ ယေရှု ရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်း မိမိတို့ထံ ကောင်းကင်တမန်များ ကိုယ်ကိုထင်ရှားပြီး ပြောပြခဲ့သည်ဟု သစ္စာရှိအမျိုးသမီးများက ဆိုကြသော်လည်း သူ မယုံနိုင်သေးပါ။ (လုကာ ၂၃:၅၅-၂၄:၁၁) သို့သော် ပေတရုခံစားနေရသော ဝမ်းနည်းကြေကွဲမှုနှင့် သံသယစိတ်တို့သည် ညနေခင်းပိုင်းတွင် လုံး၀ ပြေပျောက်သွားတော့သည်။ ယေရှုသည် တန်ခိုးကြီးသော ဝိညာဉ်သတ္တဝါတစ်ပါးအနေဖြင့် အသက်ပြန်ရှင်လာပြီ။ ကိုယ်တော်သည် တမန်တော်အားလုံးထံ ကိုယ်ကိုထင်ရှားပြတော်မူသည်။ သို့သော် ယင်းမတိုင်မီတွင် အခြားအရာတစ်ခုကို ကိုယ်တော် သီးသန့်လုပ်ဆောင်ခဲ့သည်။ ထိုနေ့တွင် တမန်တော်များက “သခင်သည် အမှန်ပင် ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီ” ဟုဆိုခဲ့သည်။ (လုကာ ၂၄:၃၄) အလားတူ တမန်တော်ပေါလုကလည်း အမှတ်ရဖွယ် ထိုနေ့တွင် ယေရှုသည် “ကေဖထံသို့လည်းကောင်း၊ တစ်ဆယ့်နှစ်ပါးထံသို့လည်းကောင်း ကိုယ်ကိုထင်ရှားပြတော်မူ၏” ဟုရေးခဲ့သည်။ (၁ ကောရိန္သု ၁၅:၅) ကေဖနှင့်ရှိမုန်သည် ပေတရု၏ အခြားနာမည်များဖြစ်သည်။ ယေရှုသည် ထိုနေ့တွင် ပေတရုထံ ကိုယ်ကိုထင်ရှားပြခဲ့သည်။ သူတစ်ဦးတည်းရှိနေချိန်တွင် ဖြစ်နိုင်သည်။

ယေရှုနှင့်ပေတရုတို့ ပြန်ဆုံကြချိန်တွင် အဘယ်အရာများ ဖြစ်ပျက်ခဲ့ကြောင်း ကျမ်းစာတွင် မဖော်ပြထားချေ။ ချစ်လှစွာသောသခင် အသက်ပြန်ရှင်လာသည်ကို တွေ့မြင်ရပြီး မိမိ၏ကြေကွဲမှုနှင့် နောင်တကို ထုတ်ဖော်ပြောပြရသည့်အခါ ပေတရု မည်မျှတိုင် စိတ်လှုပ်ရှားနေမည်ကို ကျွန်ုပ်တို့ မှန်းဆကြည့်ရုံသာ။ ကမ္ဘာပေါ်တွင် သူ အလိုချင်ဆုံးအရာမှာ ခွင့်လွှတ်မှုပင်။ ယေရှုလည်း သူ့ကို လိုလိုလားလား ခွင့်လွှတ်မည်မှာ သေချာ၏။ ယနေ့ခေတ်တွင်လည်း အမှားကျူးလွန်မိသော ခရစ်ယာန်များသည် ပေတရု၏အဖြစ်ကို သတိရဖို့လိုသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ခွင့်လွှတ်မှုကို ရတော့မည်မဟုတ်ဟု မည်သည့်အခါမျှ မယူဆသင့်ချေ။ ယေရှုသည် သဘောထားကြီးစွာ “အပြစ်ကိုလွှတ်တော်မူ” သော ခမည်းတော်ဘုရားသခင်၏ သဘောထားကို ပြည့်၀စုံလင်စွာ ဖော်ပြခဲ့သည်။—ဟေရှာယ ၅၅:၇

ခွင့်လွှတ်ခံရကြောင်း ထပ်ဆင့်အထောက်အထား

ယေရှုက တမန်တော်များကို ဂါလိလဲနယ်သို့ သွားနှင့်ရန် မိန့်ဆိုသည်။ ထိုတွင် ကိုယ်တော့်ကို သူတို့ ပြန်တွေ့ရကြမည်။ သူတို့ရောက်သွားသောအခါ ပေတရုသည် ဂါလိလဲအိုင်တွင် ငါးဖမ်းရန် ဆုံးဖြတ်လိုက်သည်။ အခြားသူများလည်း ပေတရုနှင့်အတူ လိုက်ပါကြသည်။ ယခု ပေတရုသည် သူ့ဘ၀ အစောပိုင်းကာလများတစ်လျှောက်တွင် ကျင်လည်ခဲ့သော ဂါလိလဲအိုင်၌ ပြန်လည်ခြေချမိလေပြီ။ လှေ၏တကျွိကျွိမြည်သံများ၊ လှိုင်းပုတ်သံများ၊ ကြမ်းထော်နေသောပိုက်ကွန်များစသည်တို့သည် သူ ကောင်းစွာရင်းနှီးခဲ့ရာများပင်။ ယေရှု၏မြေကြီးဆိုင်ရာဓမ္မအမှုလုပ်ငန်း ပြီးစီးသွားပြီဖြစ်ရာ ဘ၀ကို မည်သို့ရှေ့ဆက်စခန်းသွားသင့်ကြောင်း ထိုညတွင် သူတွေးတောခဲ့သလော။ ငါးဖမ်းသမားတစ်ဦး၏ ရိုးရှင်းသော အသက်မွေးလုပ်ငန်းက သူ့ကို ဆွဲဆောင်မှုဖြစ်ခဲ့လေသလော။ မည်သို့ဆိုစေ ထိုညတွင် သူတို့ ငါးတစ်ကောင်မျှ မရခဲ့ကြချေ။—မဿဲ ၂၆:၃၂; ယောဟန် ၂၁:၁-၃

အရုဏ်တက်ချိန်တွင် လူတစ်ဦးသည် သူတို့ကို ကမ်းစပ်မှ လှမ်းခေါ်ကာ လှေ၏လက်ယာဘက်တွင် ပိုက်ကွန်ကိုချရန် တိုက်တွန်းလေသည်။ ပြောသည့်အတိုင်း ပိုက်ကွန်ကို သူတို့ ချလိုက်ရာ ငါး ၁၅၃ ကောင်ပါလာ၏။ ထိုသူမှာ မည်သူဖြစ်ကြောင်း ပေတရုသိလိုက်သည်။ သို့နှင့် လှေပေါ်မှ ခုန်ဆင်းကာ ကမ်းစပ်သို့ သူ ရေကူးသွားသည်။ ကမ်းပေါ်တွင် ယေရှုသည် မီးသွေးမီးပုံပေါ်ကင်ထားသော ငါးကင်ဖြင့် သူတို့ကို ကျွေးမွေးလေသည်။ ထို့နောက် ကိုယ်တော်သည် ပေတရုကို ဦးတည်၍မေးလေသည်။

ဖမ်းမိထားသော ငါးများကို လက်ညှိုးထိုးပြီး ယေရှုက ပေတရုအား ‘ဤငါးများထက်’ မိမိကို ပို၍ချစ်သလောဟု မေးသည်။ ပေတရု၏စိတ်ထဲတွင် ငါးဖမ်းလုပ်ငန်းကို ချစ်သောစိတ်နှင့် ယေရှုကိုချစ်သောစိတ်တို့ အားပြိုင်နေခဲ့သလော။ သခင်ကို သုံးကြိမ်တိုင်ငြင်းခဲ့ပြီဖြစ်ရာ ယခု ယေရှုသည် ပေတရုကို အခြားသူများရှေ့တွင် သူ၏မေတ္တာကို သုံးကြိမ်တိုင်တိုင် ဖော်ထုတ်ခွင့်ပေးခဲ့သည်။ ပေတရုက ပြန်ဖြေဆိုသောအခါ ကိုယ်တော်က မြင့်မြတ်သောလုပ်ငန်းတော်ကို ထိုအရာအားလုံးတို့ထက် ပိုဦးစားပေးခြင်း၊ ခရစ်တော်၏သစ္စာရှိနောက်လိုက်များဖြစ်သော သိုးစုကို ကျွေးမွေးစောင့်ရှောက်ခြင်းတို့ဖြင့် ထိုမေတ္တာကို တင်ပြသင့်ကြောင်း မိန့်ဆိုခဲ့သည်။—ယောဟန် ၂၁:၄-၁၇

ဤနည်းဖြင့် ပေတရုသည် မိမိအတွက်၊ ခမည်းတော်အတွက် အသုံးဝင်နေဆဲဖြစ်ကြောင်း ယေရှု စိတ်ချစေခဲ့သည်။ ပေတရုသည် ခရစ်တော်၏လမ်းညွှန်မှုအောက်ရှိ အသင်းတော်တွင် အဖိုးတန်သောအခန်းကဏ္ဍမှ ပါဝင်လိမ့်မည်။ အကြွင်းမဲ့ခွင့်လွှတ်ကြောင်း ယေရှု ထိရောက်စွာ ဖော်ပြလိုက်ခြင်းပင်။ ထိုသို့ကရုဏာပြခံရသောကြောင့် ပေတရု အလွန်ပင်စိတ်ထိမိသွားပြီး ယင်းက သူ့အပေါ် နက်ရှိုင်းစွာ အကျိုးသက်ရောက်ခဲ့သည်။

ပေတရုသည် တာဝန်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ ထမ်းဆောင်ခဲ့သည်။ ယေရှုမသေဆုံးမီညတွင် မှာကြားခဲ့သည့်အတိုင်း ခရစ်ယာန်ညီအစ်ကိုချင်းများကို သူအားပေးခဲ့သည်။ ခရစ်တော်၏နောက်လိုက်များကို ကာကွယ်စောင့်ရှောက်စဉ် ကြင်နာစွာနှင့် စိတ်ရှည်စွာ သူ လုပ်ဆောင်ခဲ့သည်။ ယေရှုသည် ရှိမုန်ကို ကျောက်ဆောင်ဟုအဓိပ္ပာယ်ရှိသော ပေတရုဟူ၍ မှည့်ခေါ်ခဲ့သည်။ ထိုအမည်အတိုင်းပင် ပေတရုသည် အသင်းတော်တွင် မယိမ်းယိုင်သော၊ စိတ်ဓာတ်ကြံ့ခိုင်သော၊ ယုံကြည်စိတ်ချထိုက်သောလူတစ်ဦး ဖြစ်လာခဲ့သည်။ သူရေးသားခဲ့သည့် မေတ္တာပါသောစာနှစ်စောင်သည် အဖိုးတန်သော သမ္မာကျမ်းစာကျမ်းရင်းဝင်စာစောင်များဖြစ်လာခဲ့ရာ ယင်းက သက်သေပင်။ ပေတရုသည် ခွင့်လွှတ်ခြင်းနှင့်ပတ်သက်၍ ယေရှုထံမှ သင်ယူသိရှိခဲ့ရသော သင်ခန်းစာကို မည်သည့်အခါမျှ မမေ့ကြောင်း ထိုစာနှစ်စောင်က ဖော်ပြသည်။—၁ ပေတရု ၃:၈၊ ၉; ၄:၈

ကျွန်ုပ်တို့လည်း ထိုသင်ခန်းစာကို ကောင်းစွာသင်ယူနိုင်ပါစေ။ ကျွန်ုပ်တို့၏အပြစ်များစွာအတွက် ဘုရားသခင်ထံမှ ခွင့်လွှတ်မှုရရန် နေ့စဉ်တောင်းပန်ကြသည် မဟုတ်လော။ သို့ဆိုလျှင် ထိုခွင့်လွှတ်မှုကို ကျွန်ုပ်တို့လက်ခံပြီးနောက် ယင်းသည် ကျွန်ုပ်တို့ကို သန့်စင်စေနိုင်စွမ်းရှိကြောင်း ယုံကြည်ပါသလော။ ထို့ပြင် ကျွန်ုပ်တို့ဝန်းကျင်ရှိ လူတို့ကိုလည်း အလားတူခွင့်လွှတ်ကြမည်မဟုတ်လော။ ထိုသို့လုပ်ဆောင်ပါက ပေတရု၏ယုံကြည်ခြင်းနှင့် ယေရှု၏ကရုဏာကို တုပရာရောက်ပါလိမ့်မည်။

[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]

ပေတရုပင် သခင်၏ခွင့်လွှတ်မှု များစွာလိုအပ်ခဲ့သည်ဆိုလျှင် ကျွန်ုပ်တို့လည်း ခွင့်လွှတ်မှု နေ့တိုင်း လိုအပ်သည်မဟုတ်လော

[စာမျက်နှာ ၂၃ ပါရုပ်ပုံ]

“သခင်သည် ပေတရုကို လှည့်ကြည့်”

[စာမျက်နှာ ၂၄ ပါရုပ်ပုံ]

“သခင်သည် . . . ရှိမုန်အား ကိုယ်ကိုပြတော်မူပြီ”