မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ

ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ

ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှု သွန်သင်ခဲ့ရာ

“ကိုယ်တော်သည် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာ လှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောတော်မူ၏။”—လုကာ ၈:၁

ကျွန်ုပ်တို့သည် မိမိအတွက် အရေးကြီးရာများ၊ စိတ်ဝင်စားရာများကို ပြောဆိုတတ်ကြသည်။ “စိတ်နှလုံးအပြည့်ရှိသည့်အတိုင်း နှုတ်မြွက်တတ်၏” ဟုယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၁၂:၃၄) အမှုဆောင်စဉ်ကာလအတွင်း ယေရှုပြောဆိုခဲ့ရာများကို သုံးသပ်ကြည့်သောအခါ ဘုရားသခင့်နိုင်ငံတော်သည် ကိုယ်တော့်အတွက် အလွန်ပင် အရေးကြီးရာဖြစ်ကြောင်း ကျွန်ုပ်တို့ ကောက်ချက်ချနိုင်သည်။

ဘုရားသခင့်နိုင်ငံတော်ဟူသည် အဘယ်နည်း။ နိုင်ငံတော်ဟူသောစကားလုံးသည် ဘုရင်တစ်ပါးအုပ်ချုပ်သော အစိုးရတစ်ခုကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သည် ဘုရားသခင်ကိုယ်တော်တိုင် တည်ထောင်ထားသော အစိုးရဖြစ်သည်။ ယေရှုသည် မိမိဟောပြောသည့် သတင်းစကား၏ အဓိကအချက်ဖြစ်သော ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဟောပြောခဲ့၏။ ခရစ်ဝင်ကျမ်းလေးစောင်တွင် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော ရည်ညွှန်းချက်ပေါင်း ၁၁၀ ကျော်ရှိသည်။ သို့သော် ယေရှုသည် အပြောသက်သက်ဖြင့်သာ မသွန်သင်ပေးခဲ့ချေ။ ဘုရားသခင့်နိုင်ငံတော်အကြောင်းနှင့် ယင်းနိုင်ငံတော်က လုပ်ဆောင်ပေးမည့်အရာများကို လုပ်ရပ်အားဖြင့်လည်း သွန်သင်ပေးခဲ့သည်။

ဘုရင်ကား မည်သူနည်း။ ဘုရားသခင့်နိုင်ငံတော်၏ ဘုရင်ကို လူသားများက မဲပေး၍မဟုတ်ဘဲ ဘုရားသခင်ကိုယ်တော်တိုင် ရွေးချယ်တင်မြှောက်ထားခြင်းဖြစ်သည်။ မိမိသည် ဘုရားသခင် ရွေးချယ်ထားသော ဘုရင်ဖြစ်ကြောင်း ယေရှု သွန်သင်ခဲ့၏။

ကတိထားရာ မေရှိယသည် ထာ၀စဉ်တည်ရှိမည့် ဘုရားသခင့်နိုင်ငံတော်ကို အုပ်ချုပ်သွားမည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ကြိုဟောထားသည်ကို ယေရှု သိ၏။ (၂ ဓမ္မရာဇဝင် ၇:၁၂-၁၄; ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၂၆:၆၃၊ ၆၄) မိမိသည် ကြိုဟောထားသည့် မေရှိယဖြစ်ကြောင်း ယေရှု ပွင့်ပွင့်လင်းလင်း ကြေညာခဲ့သည်ကို ပြန်သတိရပါ။ ယင်းက မိမိသည် ဘုရားသခင် ခန့်အပ်ထားသော ရှင်ဘုရင်ဖြစ်ကြောင်း ယေရှု ဝန်ခံပြောဆိုလိုက်ခြင်းပင်။ (ယောဟန် ၄:၂၅၊ ၂၆) “ငါ၏နိုင်ငံ” ဟူသော အသုံးအနှုန်းကို ယေရှု ကြိမ်ဖန်များစွာ အသုံးပြုခဲ့ခြင်းက သင့်လျော်လှသည်။—ယောဟန် ၁၈:၃၆

ယေရှုသည် ထိုနိုင်ငံတော်တွင် မိမိနှင့်အတူ အုပ်ချုပ်မည့် အခြားသူများလည်း ရှိကြောင်း သွန်သင်ခဲ့သည်။ (လုကာ ၂၂:၂၈-၃၀) အဆိုပါပူးတွဲအုပ်ချုပ်မည့်သူများကို အရေအတွက် ကန့်သတ်ထားသဖြင့် သူတို့ကို “သိုးစုငယ်” ဟူ၍ ခေါ်ဆိုပြီး “သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏” ဟုကိုယ်တော် မိန့်ဆိုခဲ့သည်။ (လုကာ ၁၂:၃၂) ခရစ်တော်နှင့်အတူ အုပ်ချုပ်ခွင့်ရသူတို့၏ အရေအတွက်မှာ ၁၄၄,၀၀၀ ရှိမည်ဖြစ်ကြောင်း သမ္မာကျမ်းစာ၏ နောက်ဆုံးစာစောင်တွင် ဖော်ပြထားသည်။—ဗျာ. ၅:၉၊ ၁၀; ၁၄:၁

ဘုရားသခင့်နိုင်ငံတော်သည် မည်သည့်အရပ်တွင် အခြေစိုက်မည်နည်း။ ယေရှုသည် ရောမအုပ်စိုးရှင် ပုန္တိပိလတ်အား “ငါ၏နိုင်ငံသည် ဤလောကနှင့် မသက်ဆိုင်” ဟုဆိုခဲ့သည်။ (ယောဟန် ၁၈:၃၆) ခရစ်တော်လက်အောက်ရှိ ဘုရားသခင့်နိုင်ငံတော်သည် လူသားကိုယ်စားလှယ်များမှတစ်ဆင့် အုပ်ချုပ်မည်မဟုတ်ချေ။ ဘုရားသခင့်နိုင်ငံတော်ကို “ကောင်းကင်နိုင်ငံတော်” အဖြစ် ယေရှု အကြိမ်ကြိမ် ရည်ညွှန်းခဲ့၏။ * (မဿဲ ၄:၁၇; ၅:၃၊ ၁၀၊ ၁၉၊ ၂၀) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်တွင် အခြေစိုက်မည်။

ယေရှုသည် မြေကြီးပေါ်တွင် ခေတ္တ နေထိုင်ပြီးနောက် ကောင်းကင်သို့ ပြန်သွားရမည်ကို ကောင်းစွာ သိရှိထားသည်။ ထိုတွင် ကိုယ်တော်သည် ပူးတွဲအုပ်ချုပ်မည့်သူများအတွက် “နေစရာအရပ်ကို ပြင်ဆင်” တော်မူမည်ဟု မိန့်ဆိုခဲ့သည်။ ယင်းက မိမိနှင့်အတူပူးပေါင်းရန် သူတို့ကို ကိုယ်တော် လမ်းဖွင့်ပေးခြင်းဖြစ်သည်။—ယောဟန် ၁၄:၂၊ ၃

ဘုရားသခင့်နိုင်ငံတော်က အဘယ်အရာကို ပြီးမြောက်စေမည်နည်း။ ယေရှုသည် မိမိစကားကို နားထောင်နေသူများအား ဤသို့ဆုတောင်းကြရန် သင်ပေးခဲ့သည်– “[ဘုရားသခင်၏] နိုင်ငံတော် လာပါစေ။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေ။” (မဿဲ ၆:၉၊ ၁၀) ဘုရားသခင့်အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံလျက်ရှိသည်။ မြေကြီးပေါ် ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံစေရန် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမည်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သည် ဤမြေကြီးပေါ်တွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်စေခြင်းအားဖြင့် ထိုရည်ရွယ်ချက်ကို ပြီးမြောက်စေမည်။

ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးပေါ်တွင် အဘယ်အရာ လုပ်ဆောင်ပေးမည်နည်း။ ဘုရားသခင့်နိုင်ငံတော်သည် ဆိုးသွမ်းသူများကို ဖယ်ရှားခြင်းအားဖြင့် မကောင်းမှုကို လုံး၀ပပျောက်စေမည်ဖြစ်ကြောင်း ယေရှု သွန်သင်ခဲ့သည်။ (မဿဲ ၂၅:၃၁-၃၄၊ ၄၆) ယင်းက အကျင့်ပျက်ပြားမှုနှင့် ဆိုးသွမ်းမှုမှန်သမျှ အဆုံးတိုင်တော့မည်ကို ဆိုလို၏။ မြေကြီးပေါ်တွင် “နူးညံ့သိမ်မွေ့သူ၊” ဖြောင့်မတ်သူ၊ သနားကြင်နာတတ်သူ၊ “စိတ်နှလုံးဖြူစင်သူ” နှင့် ငြိမ်သက်စေသူတို့ဖြင့် ပြည့်နေမည်ဟု ယေရှု သွန်သင်ခဲ့သည်။—မဿဲ ၅:၅-၉

ထိုသစ္စာတည်ကြည်သူများသည် ညစ်ညမ်းနေသော ကမ္ဘာပေါ်တွင် နေထိုင်ကြရမည်လော။ မဟုတ်ပါ။ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မည့် ကမ္ဘာမြေပေါ်တွင် အံ့သြဖွယ်ပြောင်းလဲမှုများ ဖြစ်ပေါ်လိမ့်မည်ဟု ယေရှုကတိပြုခဲ့သည်။ ယေရှုနံဘေးတွင် ကွပ်မျက်ခံရတော့မည့်သူတစ်ဦးက ကိုယ်တော်အား “ယေရှု၊ နိုင်ငံတော်ကို အမွေခံရသည့်အခါ ကျွန်ုပ်ကို သတိရတော်မူပါ” ဟုဆိုသော် ယေရှုက “ယနေ့ ငါအမှန်ဆိုသည်ကား သင်သည် ငါနှင့်အတူ ပရဒိသု၌ ရှိလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၂၃:၄၂၊ ၄၃) မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော်သည် ဤကမ္ဘာတစ်ခုလုံးကို ဧဒင်ဥယျာဉ်တမျှ သာယာလှပသည့် ပရဒိသုအသွင် ပြောင်းလဲပေးမည်။

ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့အတွက် တခြားအဘယ်အရာ လုပ်ဆောင်ပေးဦးမည်နည်း။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်က လုပ်ဆောင်ပေးမည့်အရာကို ကတိပေးရုံထက်မက လုပ်ဆောင်ပြခဲ့သည်။ ယေရှုသည် အံ့ဖွယ်ကုသမှုများစွာ ပြုလုပ်ပြခဲ့သည်။ သို့သော် ယင်းက အနာဂတ်တွင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်စဉ် ကိုယ်တော်ပြုလုပ်ပေးမည့် အရာများနှင့်နှိုင်းယှဉ်လျှင် အနည်းအကျဉ်းသာဖြစ်သည်။ စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထားသော ခရစ်ဝင်ကျမ်းတွင် ယေရှုနှင့်ပတ်သက်၍ ဤသို့မှတ်တမ်းတင်ထားသည်– ‘ကိုယ်တော်သည် ဂါလိလဲပြည်တစ်ဝန်းလုံးတွင် ခရီးလှည့်လည်၍ တရားဟောရာနေရာများ၌ သွန်သင်လေ၏။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြော၍ ရောဂါဝေဒနာအမျိုးမျိုးတို့ကို ပျောက်ကင်းစေတော်မူ၏။’—မဿဲ ၄:၂၃

ယေရှုသည် ကုသမှုအမျိုးမျိုးကို ပြုလုပ်ခဲ့သည်။ ကိုယ်တော်သည် “မျက်မမြင်ဘဲမွေးလာသူ၏မျက်စိကို” မြင်စေခဲ့သည်။ (ယောဟန် ၉:၁-၇၊ ၃၂၊ ၃၃) ရွံရှာဖွယ်ကောင်းသော နူနာစွဲသူတစ်ဦးကိုလည်း ညင်သာစွာ တို့ထိ၍ ကိုယ်တော် ကုသပေးခဲ့သည်။ (မာကု ၁:၄၀-၄၂) “နားပင်း၍ ဆွံ့အသောသူတစ်ဦး” ကို ခေါ်ဆောင်လာသည့်အခါ ကိုယ်တော်သည် ‘နားပင်းသူကို ကြားစေ၍ ဆွံ့အသောသူကို စကားပြောစေ’ နိုင်ကြောင်း ပြသခဲ့သည်။—မာကု ၇:၃၁-၃၇

ဘုရားသခင့်ခန့်အပ်ခံဘုရင်သည် သေလွန်သူများကိုပင် အသက်ပြန်ရှင်စေနိုင်ခဲ့၏။ သေလွန်သူကို ယေရှု အသက်ပြန်ရှင်စေခဲ့သည့် ဖြစ်ရပ်သုံးခုကို မှတ်တမ်းတင်ထားသည်။ ကိုယ်တော်သည် မုဆိုးမ၏ တစ်ဦးတည်းသောသား၊ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ချစ်မိတ်ဆွေ လာဇရုကို အသက်ပြန်ရှင်စေခဲ့သည်။—လုကာ ၇:၁၁-၁၅; ၈:၄၁-၅၅; ယောဟန် ၁၁:၃၈-၄၄

ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံများ စောင့်မျှော်နေသော ထူးမြတ်လှသည့် အနာဂတ်အကြောင်းကို တမန်တော်ယောဟန်မှတစ်ဆင့် ယေရှု ဤသို့ကြိုပြောခဲ့သည်– “ဘုရားသခင်၏တဲတော်သည် လူသားတို့နှင့်အတူရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူ နေတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော် ဖြစ်ကြလိမ့်မည်။ ဘုရားသခင် ကိုယ်တော်တိုင်လည်း သူတို့နှင့်အတူ ရှိတော်မူမည်။ ကိုယ်တော်သည် သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ သေခြင်းရှိတော့မည်မဟုတ်။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းတို့လည်း ရှိတော့မည်မဟုတ်။ ယခင်အရာများသည် ကွယ်ပျောက်လေပြီ။” (ဗျာ. ၁:၁; ၂၁:၃၊ ၄) ဝမ်းနည်း၍ မျက်ရည်ကျခြင်း၊ နာကျင်ခြင်းနှင့် သေခြင်းတို့မရှိသော ကမ္ဘာကို မြင်ယောင်ကြည့်လိုက်ပါလေ။ ထိုအခါ ဘုရားသခင့်အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံပါစေဟူသော ဆုတောင်းချက်၏အဓိပ္ပာယ်ကို ကျွန်ုပ်တို့ အပြည့်အဝ သဘောပေါက်လာပါလိမ့်မည်။

ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အချိန်၌ ရောက်လာမည်နည်း။ ယေရှုက ဘုရင်အဖြစ် မိမိစတင်အုပ်ချုပ်မှုသည် ထူးခြားသော အချိန်ကာလတစ်ခုနှင့် တစ်ထပ်တည်းကျလိမ့်မည်ဟု မိန့်ဆိုခဲ့သည်။ ထိုအချိန်ကာလကို “ဤလောကစနစ်နိဂုံးပိုင်း” ဟူ၍ ကိုယ်တော် ခေါ်ဆိုခဲ့ပြီး ထိုအချိန်နှင့်ပတ်သက်၍ အသေးစိတ်ကြိုဟောခဲ့သည်။ စစ်မှု၊ အစာငတ်မွတ်မှု၊ ငလျင်၊ ကပ်ရောဂါနှင့် တိုးများလာသော မတရားမှုတို့အပါအဝင် ကမ္ဘာချီ ပြဿနာများဖြင့် ထိုအချိန်ကာလကို မှတ်သားဖော်ပြထား၏။ (မဿဲ ၂၄:၃၊ ၇-၁၂; လုကာ ၂၁:၁၀၊ ၁၁) ယေရှုကြိုပြောခဲ့သော ထိုအရာများနှင့် အခြားအရာများသည် ပထမကမ္ဘာစစ် ဖြစ်ပွားခဲ့သော ၁၉၁၄ ခုနှစ်ကတည်းက ထူးခြားစွာ သိသာထင်ရှားခဲ့လေပြီ။ ထို့ကြောင့် ယေရှုသည် ဘုရင်အဖြစ် ယခု စိုးစံလျက်ရှိပြီ။ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ကာ မြေကြီးပေါ် ဘုရားသခင့်အလိုတော်ကို ပြည့်စုံစေမည့်အချိန်သည် မကြာမီ ရောက်ရှိလာပါတော့မည်။ *

ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုသည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိမည်နည်း။ ယင်းသည် ယေရှု၏သတင်းစကားကို သင်တုံ့ပြန်ပုံအပေါ်တွင်သာ မူတည်၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 8 “ကောင်းကင်နိုင်ငံတော်” ဟူသော အသုံးအနှုန်းကို မဿဲခရစ်ဝင်ကျမ်းတွင် အကြိမ်ပေါင်း ၃၀ ခန့် တွေ့ရသည်။

^ အပိုဒ်၊ 17 ကမ္ဘာမြေပေါ် ဘုရားသခင့်နိုင်ငံတော် အုပ်စိုးချိန်နီးပြီဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိနိုင်ပုံနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးချက်ကို ယေဟောဝါသက်သေများ ထုတ်ဝေသော သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်းစာအုပ်၊ အခန်း ၉ “ကျွန်ုပ်တို့သည် ‘နောက်ဆုံးကာလ’ တွင် အသက်ရှင်နေကြပါသလော” ကိုကြည့်ပါ။