မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မှားယွင်းသောသွန်သင်ချက်နှင့် အဖြစ်မှန်—ယေရှုနှင့်ပတ်သက်သော အမှန်တရား

မှားယွင်းသောသွန်သင်ချက်နှင့် အဖြစ်မှန်—ယေရှုနှင့်ပတ်သက်သော အမှန်တရား

မှားယွင်းသောသွန်သင်ချက်နှင့် အဖြစ်မှန်—ယေရှုနှင့်ပတ်သက်သော အမှန်တရား

သင် မည်သို့ထင်သနည်း။ အောက်တွင် ဖော်ပြထားသော အချက်များသည် အဖြစ်မှန်လော၊ မှားယွင်းသော သွန်သင်ချက်လော

ယေရှုကို ဒီဇင်ဘာ ၂၅ ရက်တွင် မွေးဖွားခဲ့သည်။

ယေရှု မွေးဖွားချိန်တွင် ပညာရှိသုံးဦး လည်ပတ်ခဲ့သည်။

ယေရှုသည် တစ်ဦးတည်းသောသား ဖြစ်သည်။

ယေရှုသည် လူ့ခန္ဓာရှိသော ဘုရားသခင် ဖြစ်သည်။

ယေရှုသည် လူကောင်းတစ်ဦး ဖြစ်ရုံထက်မကပါ။

အထက်ပါ ဖော်ပြချက်အားလုံးသည် မှန်၏ဟု လူအများက ဆိုသည်။ အတိအကျသိဖို့ ခက်ခဲသည် သို့မဟုတ် အတိအကျသိဖို့ မဖြစ်နိုင်ဟုလည်း အချို့က ဆိုကြပေမည်။ ယေရှုကို ယုံကြည်နေသရွေ့ အဖြေက အရေးမကြီးဟု သူတို့ယူဆကြခြင်း ဖြစ်နိုင်သည်။

သို့သော် သမ္မာကျမ်းစာက ထိုသို့မဆိုချေ။ ယင်းအစား “ငါတို့သခင် ယေရှုခရစ်နှင့်ဆိုင်သည့် တိကျမှန်ကန်သော အသိပညာ” ရှိထားရမည်ဟု ကျွန်ုပ်တို့ကို တိုက်တွန်း၏။ (၂ ပေတရု ၁:၈) ကျွန်ုပ်တို့သည် ခရစ်ဝင်ကျမ်းများကို ဆန်းစစ်လေ့လာကြည့်ခြင်းအားဖြင့် ထိုအသိပညာကို ရရှိကြသည်။ ထိုကျမ်းများတွင် ယေရှုနှင့်ပတ်သက်သော အမှန်တရားများ ဖော်ပြထားကာ ကျွန်ုပ်တို့အား အဖြစ်မှန်နှင့် မှားယွင်းသော သွန်သင်ချက်များကို ခွဲခြားသိမြင်စေနိုင်သည်။ ထို့ကြောင့် အထက်ပါ ဖော်ပြချက်များနှင့်ပတ်သက်၍ ခရစ်ဝင်ကျမ်းများတွင် မည်သို့ဆိုထားကြောင်း သုံးသပ်ကြည့်ကြစို့။

ယူဆချက်- ယေရှုကို ဒီဇင်ဘာ ၂၅ ရက်တွင် မွေးဖွားခဲ့သည်။

မှား/မှန်- မှားသည်။

သမ္မာကျမ်းစာတွင် ယေရှုမွေးဖွားသည့် လ သို့မဟုတ် ရက်စွဲကို တိတိကျကျ မဖော်ပြထားချေ။ သို့ဆိုလျှင် ဒီဇင်ဘာ ၂၅ ရက်နေ့နှင့်ဆိုင်သော ယူဆချက် မည်သို့ပေါ်ပေါက်လာသနည်း။ ခရစ်ယာန်ပါဟုဆိုသူ တချို့သည် “ထိုနေ့ကို နေ့တာရှည်စပြုသော ဆောင်းယဉ်စွန်းချိန် . . . ကို အမှတ်အသားပြုသည့် အယူမှားရောမပွဲတော်နှင့် တစ်ချိန်တည်း ကျင်းပလိုကြသည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းတွင် ဖော်ပြထား၏။ ခရစ္စမတ် ဓလေ့ထုံးတမ်းများသည် “ဆောင်းလယ်တွင် အယူမှားသူတို့ ကျင်းပသော လယ်ယာစိုက်ပျိုးရေးနှင့် နေနတ်ဘုရားတို့အတွက် ရည်စူးသည့် ပွဲလမ်းသဘင်များ” မှဆင်းသက်လာကြောင်း အဆိုပါစွယ်စုံကျမ်းတွင်ပင် ဖော်ပြထား၏။

ယေရှုသည် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် မိမိအတွက် မွေးနေ့ပွဲ ကျင်းပပေးခြင်းကို နှစ်သက်ပါမည်လော။ ဤအချက်ကို သုံးသပ်ကြည့်ပါ– ယေရှု၏ မွေးနေ့ကို မသိရပေ။ မွေးနေ့ပွဲကျင်းပရန် ကျမ်းစာ၏ မည်သည့်နေရာတွင်မျှ မဖော်ပြထားသည့်အပြင် အစောပိုင်းခေတ်က ခရစ်ယာန်များ ကျင်းပခဲ့ကြသည်ဟူသော အထောက်အထားလည်း မရှိချေ။ ယင်းအစား ယေရှု သေသည့်နေ့ကိုသာ သမ္မာကျမ်းစာတွင် အတိအကျ ဖော်ပြထားပြီး ထိုနေ့ကို ကျင်းပရန် မိမိနောက်လိုက်များအား ကိုယ်တော် မိန့်မှာခဲ့သည်။ * (လုကာ ၂၂:၁၉) ယေရှုသည် မိမိ၏မွေးနေ့ထက် ပူဇော်ရာယဇ်အဖြစ် မိမိသေခြင်း၏ တန်ဖိုးကို ပို၍အလေးထားလိုခဲ့သည်မှာ ရှင်းနေပါသည်။—မဿဲ ၂၀:၂၈

ယူဆချက်- ယေရှုကို မွေးဖွားချိန်တွင် ပညာရှိသုံးဦး (သို့မဟုတ် မိရိုးဖလာ ယုံကြည်ချက်အရ ဘုရင်သုံးပါး) လည်ပတ်ခဲ့သည်။

မှား/မှန်- မှားသည်။

နွားစားခွက်၌ သိပ်ထားသော မွေးကင်းစ ယေရှု အနားတွင် လက်ဆောင်များ ယူလာသည့် ပညာရှိသုံးဦး ဝိုင်းရံနေသော မြင်ကွင်းကို ပုံဖော်ထားသည့် ပန်းချီကားများ သို့မဟုတ် သူငယ်တော်ဖွားမြင်ခန်း ပြကွက်များကို သင်မြင်ဖူးပေမည်။ သို့သော် ထိုအသွင်အပြင်သည် စိတ်ကူးယဉ်ဆန်သော ဖန်တီးချက်သာဖြစ်ပြီး အဖြစ်မှန် မဟုတ်ချေ။

သူငယ်တော် ယေရှုထံ အရှေ့တိုင်းမှ လူတချို့ လာရောက်ဂါရ၀ပြုခဲ့ကြသည်မှာ မှန်၏။ သို့သော် ထိုသူတို့သည် အမှန်တကယ်အားဖြင့် နက္ခတ်ဗေဒင်ဆရာများ (မာဂုပညာရှင်များ) ဖြစ်ကြ၏။ (မဿဲ ၂:၁) ထိုသူတို့သည် ယေရှုကို နွားစားခွက်ထဲတွင် တွေ့ခဲ့သလော။ မတွေ့ခဲ့ချေ။ သူတို့သည် အိမ်တွင်ရောက်နေသည့် ယေရှုထံ လည်ပတ်ခဲ့ကြခြင်း ဖြစ်၏။ ယေရှု မွေးဖွားပြီးနောက် လအနည်းငယ်ကြာမှ သူတို့ရောက်သွားသည်မှာ ထင်ရှား၏။—မဿဲ ၂:၉-၁၁

အလည်အပတ် ရောက်ရှိလာသူတို့သည် ၂ ဦးလော၊ ၃ ဦးလော၊ အယောက် ၃၀ လော။ သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။ လက်ဆောင်သုံးမျိုးကို ကြည့်ကာ သုံးဦးဟူ၍ အစဉ်အဆက် သတ်မှတ်ခဲ့ကြဟန် တူသည်။ * (မဿဲ ၂:၁၁) ထိုပညာရှိတစ်ဦးစီသည် လူမျိုးတစ်မျိုးစီကို ကိုယ်စားပြုသည်ဟုပင် တချို့က ယူဆခဲ့ကြ၏။ သို့သော် ထိုယူဆချက်မျိုးကို သမ္မာကျမ်းစာ၌ မတွေ့ရပေ။ ထိုမှားယွင်းသော သွန်သင်ချက်သည် “ရှစ်ရာစုမှ သမိုင်းပညာရှင်တစ်ဦး၏ ပီပြင်သော စိတ်ကူးယဉ်မှုတစ်ခု” ဖြစ်သည်ဟု ခရစ်ဝင်အနက်ဖွင့်ကျမ်း တစ်ကျမ်းက ဆို၏။

ယူဆချက်- ယေရှုသည် တစ်ဦးတည်းသောသား ဖြစ်၏။

မှား/မှန်- မှားသည်။

ယေရှုတွင် မွေးချင်းမောင်နှမရှိကြောင်း ခရစ်ဝင်ကျမ်းများတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ယေရှုသည် မာရိ၏ “သားဦး” ဖြစ်သည်ဟု လုကာခရစ်ဝင်ကျမ်းတွင် ဖော်ပြထားခြင်းက မာရိသည် နောက်ပိုင်းတွင် ကလေးများ ထပ်မွေးခဲ့သည်ဟူသောသဘော သက်ရောက်၏။ * (လုကာ ၂:၇) ယေရှုနှင့်ပတ်သက်၍ နာဇရက်မြို့သား တချို့သည် ကိုယ်တော့်အကြောင်းကိုသာ သီးသန့်ပြောဆိုလေ့မရှိဘဲ သူ၏မွေးချင်းများနှင့် ဆက်စပ်ပြောဆိုကြကြောင်း မာကုခရစ်ဝင်ကျမ်းတွင် ဖော်ပြထား၏။ “ယာကုပ်၊ ယောသပ်၊ ယုဒ၊ ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏နှမများလည်း ငါတို့နှင့်အတူ ဤအရပ်တွင် ရှိကြသည်မဟုတ်လော” ဟုသူတို့ မေးခဲ့ကြသည်။—မာကု ၆:၃။ မဿဲ ၁၂:၄၆။ ယောဟန် ၇:၅

ခရစ်ဝင်ကျမ်းများတွင် မည်သို့ပင်ဆိုထားပါစေ ယေရှုသည် တစ်ဦးတည်းသောသား ဖြစ်သည်ဟု ဓမ္မပညာရှင်များစွာက ပြောဆိုနေကြဆဲပင်။ ယေရှု၏ မောင်နှမများသည် အမှန်တကယ်တွင် ယေရှုနှင့် ဝမ်းကွဲတော်စပ်သူများသာဖြစ်ကြောင်း တချို့က ယူဆကြ၏။ * တချို့ကမူ ထိုကလေးများသည် မာရိ၏ လင်ပါသားသမီးများ ဖြစ်သည်ဟု မှန်းဆကြ၏။ သို့သော် ဤအချက်ကို သုံးသပ်ကြည့်ပါ– ယေရှုသည် မာရိ၏ တစ်ဦးတည်းသောသား ဖြစ်သည်ဆိုလျှင် နာဇရက်မြို့သားများက ယင်းကို မပြောဘဲနေပါ့မည်လော။ လူတချို့သည် မာရိ ကိုယ်ဝန်ဆောင်ခဲ့ချိန်များကို သူတို့ကိုယ်တိုင် တွေ့မြင်ခဲ့ကြဖွယ်ရှိ၏။ ယေရှုသည် မာရိ မွေးဖွားခဲ့သည့် သားသမီးများအနက် တစ်ဦးဖြစ်ကြောင်းကို သူတို့ကိုယ်တိုင် သိရှိထားကြသည်။

ယူဆချက်- ယေရှုသည် လူ့ခန္ဓာရှိသော ဘုရားသခင် ဖြစ်သည်။

မှား/မှန်- မှားသည်။

ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာပြီး ယေရှုဟူသော လူသားတစ်ဦးအဖြစ် အသက်ရှင်ခဲ့သည်ဟူသော ယူဆချက်သည် သုံးပါးတစ်ဆူ အယူဝါဒအတွက် အဓိကအချက်ဖြစ်ပြီး အချိန်ကြာမြင့်စွာ လက်ခံထားခဲ့သည်။ သို့သော် ယေရှု မြေကြီးပေါ်ရှိစဉ်တွင် ထိုယူဆချက် မရှိခဲ့ပေ။ “ဓမ္မသစ်ကျမ်းတွင် သုံးပါးတစ်ဆူဟူသော စကားလုံးကိုလည်းကောင်း၊ ထိုအယူဝါဒအကြောင်း တိကျစွာ ဖော်ပြထားသည်ကိုလည်းကောင်း မတွေ့ရပါ . . . ထိုအယူဝါဒသည် ရာစုနှစ်များတစ်လျှောက် အငြင်းအခုံပေါင်းများစွာကြားမှ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းတွင် ဖော်ပြထား၏။

ယေရှုသည် အသွေးအသားခန္ဓာဖြင့် ကြွလာသော ဘုရားသခင်ဖြစ်သည်ဟု ဘာသာတရားတစ်ခုက သွန်သင်မည်ဆိုလျှင် ယင်းသည် ယေရှု၏ ဂုဏ်သိက္ခာကို ထိပါးနေခြင်းဖြစ်၏။ * မည်သို့အားဖြင့်နည်း။ ဤဥပမာကို သုံးသပ်ကြည့်ပါ။ အလုပ်သမားတချို့သည် ကြီးကြပ်ရေးမှူးကို တောင်းဆိုမှုတစ်ရပ် ပြုလုပ်သော်လည်း ယင်းတောင်းဆိုမှုကို ဖြည့်ဆည်းပေးပိုင်ခွင့် မိမိတွင်မရှိကြောင်း ကြီးကြပ်ရေးမှူးက ဆို၏။ ကြီးကြပ်ရေးမှူး၏အဆို မှန်ကန်ပါက သူ့တွင် လုပ်ပိုင်ခွင့် အကန့်အသတ်သာရှိကြောင်း ပညာရှိစွာ သူ ပြောနေခြင်းဖြစ်သည်။ သို့သော် သူသည် ဖြည့်ဆည်းပေးနိုင်လျက်နှင့် မဖြည့်ဆည်းပေးနိုင်ပါဟုဆိုလျှင် သူ လှည့်စားနေခြင်းဖြစ်သည်။

တမန်တော်နှစ်ဦးသည် ရာထူးကြီးရလိုသောအခါ ယေရှု မည်သို့ တုံ့ပြန်ခဲ့သနည်း။ ကိုယ်တော်က “ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ ထိုင်ရသောအခွင့်ကိုမူ ငါပေးပိုင်ခွင့်မရှိ။ ငါ့ခမည်းတော် ပြင်ဆင်ပေးထားသူတို့အတွက်သာ ဖြစ်သည်” ဟု သူတို့ကို မိန့်ဆိုခဲ့၏။ (မဿဲ ၂၀:၂၃) ယေရှုသည် အမှန်ပင် ဘုရားသခင် ဖြစ်မည်ဆိုလျှင် ထိုသို့ပြောဆိုခြင်းက လိမ်ညာရာရောက်ပေမည်။ မိမိထက် ပို၍ကြီးမြတ်သောအရှင်၏ အခွင့်အာဏာကို လေးစားကြောင်း ဖော်ပြလိုက်ခြင်းဖြင့် ယေရှုသည် ကျိုးနွံမှုဆိုင်ရာ အလွန်ကောင်းမြတ်သော ပုံနမူနာကို ပြသကာ ဘုရားသခင်နှင့် မိမိ တန်းတူမဟုတ်ကြောင်း ဖော်ပြခဲ့သည်။

ယူဆချက်- ယေရှုသည် လူကောင်းတစ်ဦး ဖြစ်ရုံထက်မကပါ။

မှား/မှန်- မှန်သည်။

မိမိသည် လူကောင်းတစ်ဦး ဖြစ်ရုံထက်မကကြောင်း ယေရှု ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ “ငါသည် ဘုရားသခင်၏သားတော်ဖြစ်သည်” ဟု ကိုယ်တော် မိန့်ဆိုခဲ့၏။ (ယောဟန် ၁၀:၃၆) မည်သူမဆို ထိုသို့ပြောနိုင်သည်ပင်။ သို့သော် ယေရှု၏မိန့်ဆိုချက်သာ မှားယွင်းနေမည်ဆိုလျှင် ကိုယ်တော်သည် မည်သို့သောပုဂ္ဂိုလ်မျိုး ဖြစ်သွားမည်နည်း။ လူကောင်းတစ်ဦးမဟုတ်တော့ဘဲ လူလိမ်ကြီးဖြစ်တော့မည်။

ယင်းနှင့်ပတ်သက်၍ စိတ်အချရဆုံး သက်သေအထောက်အထားကို ဘုရားသခင် ကိုယ်တော်တိုင် ပေးခဲ့သည်။ ယေရှုနှင့်ပတ်သက်၍ ‘ဤသူသည် ငါ၏သားဖြစ်၏’ ဟု နှစ်ကြိမ်တိုင် မိန့်ဆိုခဲ့သည်။ (မဿဲ ၃:၁၇။ ၁၇:၅) ဤအချက်ကို စဉ်းစားကြည့်ပါ– ဘုရားသခင်၏ အသံတော်ကို မြေကြီးပေါ်မှ ကြားခဲ့ရသည့် ဖြစ်ရပ်တချို့ကိုသာ သမ္မာကျမ်းစာတွင် ဖော်ပြထား၏။ ထိုဖြစ်ရပ်တချို့အနက် နှစ်ခုတွင် ယေရှုသည် မိမိ၏သားတော်ဖြစ်ကြောင်း ဘုရားသခင်ကိုယ်တိုင် အတည်ပြုခဲ့သည်။ ယင်းသည် ယေရှု မည်သူဖြစ်ကြောင်းနှင့်ပတ်သက်၍ အကောင်းဆုံး သက်သေအထောက်အထားပင်။

ယေရှုနှင့်ပတ်သက်၍ သင် ယခင်က မသိရှိခဲ့သော အမှန်တရားတစ်ခုခုကို ဤဆောင်းပါးတွင် ဖော်ပြထားသလော။ သို့ဆိုလျှင် ဘုရားသခင့်စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးသားထားသော ခရစ်ဝင်ကျမ်းများကို ထပ်၍လေ့လာ ဆန်းစစ်ကြည့်ပါလေ။ ယင်းက သင့်ကို ပျော်ရွှင်စေပြီး အကျိုးရရှိစေနိုင်ပါသည်။ ထို့ထက်ကား ယေဟောဝါဘုရားသခင်၊ သားတော်ယေရှုနှင့်ဆိုင်သော အမှန်တရားကို လေ့လာသင်ယူခြင်းက “ထာ၀ရအသက်ရ” စေနိုင်ကြောင်း ယေရှုကိုယ်တိုင် မိန့်ဆိုခဲ့၏။—ယောဟန် ၁၇:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ဂျူးပြက္ခဒိန်အရ ယေရှုသည် ပသခါပွဲကို ကျင်းပသော နိသန်လ ၁၄ ရက်နေ့တွင် သေဆုံးခဲ့သည်။—မဿဲ ၂၆:၂

^ အပိုဒ်၊ 18 တိုင်းတစ်ပါးမှ ရောက်ရှိလာသော ထိုသူတို့သည် “မိမိတို့၏ ဘဏ္ဍာကြုတ်များကိုလည်း ဖွင့်၍” ရွှေ၊ လောဗန်နှင့် မုရန်တို့ကို ယေရှုအား ဆက်သခဲ့ကြကြောင်း မဿဲက ဖော်ပြသည်။ ထိုတန်ဖိုးကြီးသော လက်ဆောင်များသည် ယေရှု၏ ချို့တဲ့သောမိသားစုထံ အချိန်ကိုက်ရောက်လာခဲ့ခြင်းမှာ စိတ်ဝင်စားစရာပင်။ အကြောင်းမှာ ယေရှု၏မိသားစုသည် ဒုက္ခသည်များအဖြစ် မကြာမီ မဖြစ်မနေ ထွက်ပြေးရတော့မည် ဖြစ်သောကြောင့်ပင်။—မဿဲ ၂:၁၁-၁၅

^ အပိုဒ်၊ 21 မာရိသည် ယေရှုကို အံ့ဖွယ်နည်းဖြင့် ကိုယ်ဝန်ဆောင်၍ မွေးဖွားခဲ့သော်လည်း နောက်ကလေးများကိုမူ ခင်ပွန်းဖြစ်သူ ယောသပ်နှင့် ပေါင်းဖက်၍ သဘာ၀အတိုင်း မွေးဖွားခဲ့သည်။—မဿဲ ၁:၂၅

^ အပိုဒ်၊ 22 မာရိသည် သူ့ဘ၀တစ်လျှောက်လုံး အပျိုစင်ဘ၀ဖြင့် နေသွားသည်ဟူသော ယူဆချက်ကို အေဒီ ၃၈၃ ခန့်တွင် ဂျရုမ်းက အခိုင်အမာဆိုခဲ့ရာ ထိုယူဆချက်မှာ ရေပန်းစားခဲ့သည်။ သို့သော် ဂျရုမ်းသည် ယင်းနှင့်ပတ်သက်၍ မိမိဒွိဟဖြစ်ကြောင်း နောက်ပိုင်းတွင် ဖော်ပြခဲ့သော်လည်း ကက်သလစ်အသင်း၏ အာဏာရှိပုဂ္ဂိုလ်များနှင့် လူအများ၏စိတ်ထဲတွင် အဆိုပါယူဆချက်သည် ဆက်လက်တည်ရှိနေဆဲပင်။

^ အပိုဒ်၊ 26 သုံးပါးတစ်ဆူ အယူဝါဒအကြောင်း အသေးစိတ်သိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသော သုံးပါးပေါင်းတစ်ဆူကို သင်ယုံကြည်သင့်သလော စာစောင်ကို လေ့လာကြည့်ပါ။

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်နှင့် ရုပ်ပုံ]

သင့်ကို အံ့အားသင့်စေမည့် ထပ်ဆင့်အဖြစ်မှန်များ

ယေရှုသည် မည်သို့သောပုဂ္ဂိုလ် ဖြစ်သနည်း။ ကိုယ်တော်သည် သာမန်လူတန်းစားများကို အရေးတယူ စကားမပြောနိုင်လောက်အောင် အလွန်ခက်ထန်သော၊ အေးတိအေးစက်နှင့် ခပ်တန်းတန်းနေတတ်သော ပုဂ္ဂိုလ်တစ်ဦးလော။ ဟုတ်သည်ဟု တချို့က ဖြေကြပေမည်။ သို့သော် ယေရှုသည် ဤသို့သောပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသောအခါ သူတို့ အံ့သြသွားကြသည်။

• ကိုယ်တော်သည် ပျော်ရွှင်ဖွယ် ဧည့်ခံပွဲများ တက်ရောက်ခဲ့သည်။—ယောဟန် ၂:၁-၁၁

• ချီးမွမ်းစကားများ ဆိုခဲ့သည်။—မာကု ၁၄:၆-၉

• ကလေးများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို နှစ်သက်သူဖြစ်သည်။—မာကု ၁၀:၁၃၊ ၁၄

• လူအများရှေ့တွင် ငိုကြွေးခဲ့သည်။—ယောဟန် ၁၁:၃၅

• သနားကြင်နာတတ်သည်။—မာကု ၁:၄၀၊ ၄၁